ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းအား ဒေသခံများနှင့် သဘောတူညီတိုင်ပင်ပြီးမှ အကောင်အထည်ဖော်လုပ်ဆောင်ရန် တောင်းဆို

ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းအား ဒေသခံများနှင့် သဘောတူညီတိုင်ပင်ပြီးမှ အကောင်အထည်ဖော်လုပ်ဆောင်ရန် တောင်းဆို

ဇန်နဝါရီ ၂၃ ရက် ။             ။  တရုတ်နိုင်ငံက တာဝန်ယူတည်ဆောက်မည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းနှင့်ပတ်သက်ပြီး  အစိုးရအနေဖြင့် ဒေသခံများ နှင့်  ညှိနှိုင်းတိုင်ပင်ပြီးမှ အကောင်အထည်ဖော် လုပ်ဆောင်ပေးဖို့  ကျောက်ဖြူမြို့နယ် မဒေးကျွန်းဒေသခံများက တောင်းဆိုလိုက်သည်။

ရခိုင်ပြည်နယ်၊  ကျောက်ဖြူမြို့နယ် ၊ မဒေးကျွန်းကျေးရွာအုပ်စု ၊ ပြိန်ကျေးရွာဘုန်းတော်ကြီးကျောင်းတွင်  ဇန်နဝါရီ ၂၁ ရက် နေ့က မဒေးကျွန်းလူထုဆွေးနွေးပွဲသို့  မဒေးကျွန်းကျေးရွာဒေသခံ  အင်အား ၂၅၀ ခန့် တက်ရောက်ပြီး အထက်ပါအတိုင်း တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

မဒေးကျွန်းဒေသခံ ကိုထွန်းထွန်းဝင်းမှ  “ ရေနက်ဆိပ်ကမ်း လာဆောက်မယ်ဆိုရင် အစိုးရအနေနဲ့ အချက်အလက်တွေကို ဒေသခံတွေနဲ့ ညှိနှိုင်းတောင်းဆိုစေချင်တယ်။ သူတို့ကို သိစေချင်တယ်။  ပွင့်လင်းမြင်သာမှု တစ်ခုလည်း ကြားချင်တယ်။ တာဝန်ခံမှုနဲ့ တာဝန်ယူမှု ရှိစေချင်တယ်။

ဒေသခံပြည်သူလူထုရမယ့် အခွင့်အရေးတွေ ရစေချင်တယ်။ ကျွန်တော်တို့ ကျွန်း ဒေသဖွံ့ဖြိုးရေး(SEZ)ကို  သူတို့ က  လုပ်ပေးမယ်ဆိုရင် ကျွန်တော်တို့က သဘောတူတယ်။   မလုပ်ပေးဘူးဆိုရင်တော့ အတက်နိုင်ဆုံး ကျွန်တော်တို့ဘက်ကတော့ ငြင်းရမှာပဲ။ ဒေသခံတွေ အကုန်လုံးဆီက သဘောတူချက်ရမယ်မထင်ဘူး။

  ဒါပေမဲ့ ကျွန်တော်တို့ တောင်းဆိုတာက သူတို့လုပ်ပေးမယ်ဆိုရင်တော့ ခွင့်ပြုတယ်။ ခွင့်မပြုဘဲ လုပ်မယ်ဆိုရင်လည်း လုပ်ပေ့ါ ။  ကျွန်တော်တို့ဘက်ကလည်း ဆန္ဒထုတ်ဖော်တာတွေ လုပ်သင့်ရင် လုပ်ရမှာပဲလေ။  ဒေသခံပြည်သူလူထုရမယ့် အခွင့်အရေးတွေ ရစေချင်တယ် “ ဟု ပြောသည်။

အဆိုပါ ဆွေးနွေးပွဲတွင်  ကျောက်ဖြူမြို့နယ်အတွင်းရှိ ဒီရေတောများ နှင့်  မြေယာများကို ရောင်းချထားခြင်း ပြုလုပ်နေခြင်း များအား ပြန်လည်စိစစ်ပေးရန် ၊  မဒေးကျွန်းဒေသခံများ၏ အလုပ်အကိုင်အခွင့်အလမ်း နှင့်  ဒေသဖွံ့ဖြိုးရေးကို ပိုမိုလုပ်ဆောင်ပေးရန် ၊ စီမံကိန်းနှင့်ပတ်သက်၍ ဒေသခံများကို ပွင့်လင်းမြင်သာစွာ  ချပြပြီး တာဝန်ခံမှု ၊ တာဝန်ယူမှုအပြည့် နှင့်  ဒေသခံများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်  နှင့် ဒေသခံများ၏ တောင်းဆိုချက်များကို မလုပ်ဆောင်ပေးမီ အချိန်ကာလအတွင်း မဒေးကျွန်းရေနက်ဆိပ်ကမ်း တည်ဆောက်မည့်လုပ်ငန်းများကို ရပ်တန့်ထားရန် စသည့် အချက် ၄ ချက်ကိုလည်း တောင်းဆိုထားသည်။

ကျောက်ဖြူမြို့နယ်တွင် တည်ဆောက်မည့် စီမံကိန်းများ နှင့်ပတ်သက်ပြီး အစိုးရအနေဖြင့် ဒေသခံများနှင့်တွေ့ဆုံကာ ပွင့်လင်းမြင်သာစွာ  ချပြရန်လိုအပ်ပြီး လက်ရှိအချိန်အထိ ပြည်နယ်လွှတ်တော်သို့ လာရောက်ချပြထားခြင်းလည်း မရှိသေးကြောင်း  ကျောက်ဖြူ မြို့နယ် ၊  ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံ က ပြောသည်။

“ ရေနက်ဆိပ်ကမ်းနှင့်ပတ်သက်ပြီး ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်နဲ့  ဆွေးနွေးတိုင်ပင်တာ မရှိပါဘူး။ အမှန်ဆိုရင် ဒေသခံတွေဆီ လာပြီး လုပ်ငန်းလုပ်ကိုင်မယ့် ကုမ္ပဏီ ၊  ဗဟိုအစိုးရ နှင့် ပြည်နယ်အစိုးရတို့က စီမံကိန်းနဲ့ ပတ်သက်ကာ ပြည်သူ့လူထုထံ ချပြရမှာဖြစ်တယ်။ ပြည်သူ့လူထုကို မချပြရင်တောင် ပြည်သူ့ကိုယ်စား လွှတ်တော်ကိုယ်စားလှယ်တွေကို ချပြရမှာ ဖြစ်တယ်။

အခုတော့ ဘာမှ ချပြထားတာမရှိဘူး။ တစ်ခုပဲ ကျောက်ဖြူဒေသခံကုမ္ပဏီ ဆိုပြီး ထောင်ထားတဲ့ ကုမ္ပဏီတစ်ခုက  မြို့သစ်စီမံကိန်း နဲ့ ပတ်သက်တာ လာရှင်းပြတာ တစ်ခုပဲ ရှိတယ်။ ရေနက်ဆိပ်ကမ်း ၊ SEZ တို့နဲ့ ပတ်သက်တာ ပြည်နယ်လွှတ်တော်မှာ လာချပြတာ အခုထိတော့ မရှိသေးဘူး ။

  ဒီစီမံကိန်းနဲ့ ပတ်သက်ပြီး နိုင်ငံအတွက် ၊ ပြည်နယ်အတွက်  ၊ ကျောက်ဖြူဒေသအတွက် အကျိုးရှိမယ်။ အလုပ်အကိုင်အခွင့်အလမ်းရရှိမယ် ၊ သဘာဝပတ်ဝန်းကျင်ကိုလည်း ထိခိုက်မှု အနည်းဆုံး ဖြစ်မယ်။ စက်ရုံ ၊ အလုပ်ရုံ ပေါ်လာရင် ၊ ရခိုင်မှာ အလုပ်အကိုင် မရှိတဲ့အတွက် နေရာဒေသအသီးသီးက ရောက်ရှိနေတဲ့ လူတွေ အလုပ်အကိုင်ရမယ်ဆိုရင် ကျွန်တော်တို့ ဝိုင်းဝန်းပြီး ကြိုဆိုပါတယ်။

အဲ့လို့ မဟုတ်ဘဲ မြေသိမ်းယာသိမ်း ပြောင်းရွှေ့ရရင် ၊ တရုတ်လူမျိုး တွေနဲ့ တခြားသူတွေက အလုပ်အကိုင်ရရှိပြီး ဒေသခံတွေက အလုပ်အကိုင်မရ ၊  ဘဝတွေပျက်စီး ၊ သဘာဝပတ်ဝန်းကျင်တွေလည်း ဆုံးရှုံးလာရင် ကျွန်တော်တို့အနေနဲ့တော့ ကန့်ကွက်ရမယ်“ ဟု ဦးဖိုးစံ က ပြောသည်။

လက်ရှိတွင်  ရေနက်ဆိပ်ကမ်းစီမံကိန်းကြောင့် ဒေသခံ အများစု လုပ်ကိုင်နေသည့် အသက်မွေးကြောင်း  ရေလုပ်ငန်းအပေါ် အခက်အခဲ ရှိလာနိုင်သလို ငါးဖမ်းခွင့် အပါအဝင် အလုပ်အကိုင် ရရှိခြင်း နှင့် တခြားခံစားခွင့်များလည်း ဆုံးရှုံးသွားနိုင်ကြောင်း သိရသည်။

မဒေးကျွန်းဒေသခံ ဦးခင်မောင်ညွန့် မှ  “  ကျွန်တော်တို့ ဒေသခံတွေက  အလုပ်အကိုင် အခွင့်အလမ်းတော့ ရချင်တာပေါ့။ ကျွန်တော်တို့က တံငါသည်တွေဖြစ်တော့ သူတို့သင်္ဘာတွေ လာဆိုက်ကပ်တော့ ကျွန်တောတို့အတွက် အလုပ်မဖြစ်တော့ဘူး။ လယ်ယာတွေလည်း လုပ်ကိုင်စားသောက်လို့မရတော့ဘူး ။ ရေလုပ်သားက ၇၀ ရာခိုင်နှုန်းလောက် ရှိနေတာ။ 

ကျွန်တော်တို့ ပြောချင်တာက အစိုးရပဲဖြစ်ဖြစ် ၊ ဘယ်အဖွဲ့အစည်းကပဲ ဖြစ်ဖြစ် လာလုပ်တာ ကျွန်တော်တို့က တားနေတာမဟုတ်ဘူး။ ဒေသခံတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတော့ စီစဉ်ပေးသင့်တာပေါ့ ။ တောင်းဆိုချင်တာက  ဒေသခံတွေအတွက် ဘယ်လိုအလုပ်အကိုင်တွေ ဖန်တီးပေးမှာလဲ ။

ပြီးတော့ ကျွန်တော်တို့ဘက် လမ်းပန်းဆက်သွယ်ရေး မကောင်းဘူး။ ကုန်းလမ်းနဲ့ သွားရတာမဟုတ်ဘူး။ ရေလမ်းနဲ့ သွားနေရတာလေ။  ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက် ဒေသခံတွေနဲ့ ဆွေးနွေးပါ ။   ကျွန်တော်တို့ကို အလုပ်အကိုင်အခွင့်အလမ်း ဘယ်လိုလုပ်ပေးမလဲဆိုတာပဲ ပြောချင်ပါတယ် “  ဟု  ပြောသည်။

ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော် တည်ဆောက်ရန်  နှစ်နိုင်ငံ သဘောတူညီမှု မူဘောင်စာချုပ်ကို ၂၀၁၈ ခုနှစ် ၊ နိုဝင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်ကတည်းက  ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းကို တရုတ် ကုမ္ပဏီနှင့်ရင်းနှီးမြှုပ်နှံမှု  အချိုးအစားခွဲဝေရာ တရုတ်နိုင်ငံဘက်က  ၈၅ ရာခိုင်နှုန်း  ၊ မြန်မာဘက်က ၁၅ ရာခိုင်နှုန်း နဲ့   သဘောတူညီခဲ့ကြောင်း သိရသည်။

အဆိုပါ စီမံကိန်းအတွက် NLD   အစိုးရလက်ထက် နှစ်နိုင်ငံ ညှိနှိုင်းမှုအရ  တရုတ်နိုင်ငံပိုင် ကော်ပိုရေးရှင်း ( CITIC ) ၇၀ ရာခိုင် နှုန်း နှင့် မြန်မာဘက်က  မြေနေရာအတွက် ( ၁၅ ) ရာခိုင်နှုန်း အပါအဝင် ရင်းနှီးမြှုပ်နှံမှု (၁၅)ရာခိုင်နှုန်း စုစုပေါင်း (၃၀)ရာခိုင်နှုန်း အထိ အချိုးအစားခွဲဝေမှု ပြောင်းလဲနိုင်ခဲ့ကြောင်း သိရသည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်းသည် ဧက  ၄၂၀၀ ကျော်ရှိသည့် မြေပေါ်မှာ ဆောက်လုပ်မည်ဖြစ်ကြောင်း ၊  ကန်ဒေါ်လာ ၇.၃ ဘီလီယံ တန်ဖိုးရှိသော ရေနက်ဆိပ်ကမ်း ၊ ၂.၃ ဘီလီယံ တန်ဖိုးရှိ   စက်မှုဇုန်တွင် အထည်လိပ်လုပ်ငန်း နှင့် ရေနံသန့်စင်စက်ရုံ စသည့် လုပ်ငန်းများလည်း ပါဝင်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင်  ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို ယခင်အစိုးရလက်ထက်က အကောင်အထည်ဖော်ရန် စီစဉ်ခဲ့သည့်အတိုင်း ရေနက်ဆိပ်ကမ်း  ၊ စက်မှုဇုန် နှင့် အိမ်ရာစီမံကိန်းဆိုပြီး အပိုင်းသုံးပိုင်းခွဲကာ အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီ ၁၈ ရက်နေ့က   တရုတ်သမ္မတ မစ္စတာ ရှီကျင့်ဖျင်နှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံစဉ် ကျောက်ဖြူ အထူးစီးပွားရေးဇုန် (SEZ ) နှင့် ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးအတွက် နှစ်နိုင်ငံ သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြောင်း ၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် SEZ တွင် ရေနက်ဆိပ်ကမ်း ၊ စက်မှုဇုန် ၊ ဆက်သွယ်ရေးလမ်းများအပြင် တခြားစီမံကိန်းများလည်း ပါဝင်နေကြောင်း သိရှိရသည်။

ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း နှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်း သည်  တရုတ်နိုင်ငံ၏   OBOR ( One Belt One Road ) စီမံကိန်းတွင် ပါဝင်လာမည့် အစိတ်အပိုင်း တစ်ခုဖြစ်လာမည်ဟု သိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့်  ကျောက်ဖြူ အထူးစီးပွားဇုန်စီမံကိန်းကို အကောင်အထည်ဖော်မည်ဆိုပါက ကိုဖီအာနန်ကော်မရှင်၏ အစီရင်ခံစာ အကြုံပြုချက်အတိုင်း  ပတ်ဝန်းကျင်ဆိုင်ရာ လေ့လာဆန်းစစ်မှုတွေကို ဆောင်ရွက်ရန် နှင့် ဒေသခံများ၏ ဆုံးရှုံးနစ်နာမှုများအတွက်  အစားထိုးလုပ်ငန်းများ လုံလောက်သော အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်း စသည်တို့ကို  လက်မှတ်မထိုးမီ ကြိုတင်ပြင်ဆင်ပေးရန်  ကျောက်ဖြူအထူးစီးပွားဇုန် စောင့်ကြည့်ရေးအဖွဲ့က ဇန်နဝါရီ ၁၆ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly