ဝူဟန်ခရီးသည် ငါးဦးပါဝင်သည့် လေယာဉ်ရန်ကုန်လေဆိပ်တွင် ဆိုက်ရောက်၊ သံသယလူနာမပါဝင်ဟု ကျန်းမာရေးဝန်ကြီးဌာန အတည်ပြု

ဝူဟန်ခရီးသည် ငါးဦးပါဝင်သည့် လေယာဉ်ရန်ကုန်လေဆိပ်တွင် ဆိုက်ရောက်၊ သံသယလူနာမပါဝင်ဟု ကျန်းမာရေးဝန်ကြီးဌာန အတည်ပြု

ရန်ကုန်၊ ဇန်နဝါရီ။            ။ ကူးစက်မြန်အဆုတ်ရောင်ရောဂါ(ကိုရိုနာဗိုင်းရပ်စ်) စတင်ဖြစ်ပွားသည့် တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှ လေယာဉ်တစ်စင်းသည် ရန်ကုန်လေဆိပ်သို့ ယနေ့မနက်တွင် ဆိုက်ရောက်လာခဲ့ပြီး သံသယလူနာ မပါဝင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက မဇ္ဈိမသို့ အတည်ပြုပြောကြားသည်။

ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး  ဒေါက်တာခင်ခင်ကြီးက “ဒီနေ့မနက်အစောကြီး တစ်နာရီနဲ့ ငါးဆယ့်ရှစ်မိနစ်မှာ ဆိုက်လာတဲ့ လေယာဉ်ပေါ့နော်။

အဲ့ဒီလေယာဉ်မှာဆိုရင် ဝူဟန်က လာတဲ့ခရီးသည် ငါးယောက်ပါပါတယ်။ တခြားခရီးသည်တွေကတော့ တခြားကပေါ့နော်။ ဝူဟန်ကလာတဲ့ ခရီးသည်ငါးယောက်ထဲမှာ ကျန်းမာရေး အခြေအနေကောင်းပါတယ်။ ဘာမှ ပြဿ နာမရှိပါဘူး။ အကုန်လုံးသေချာစစ်ဆေးပြီးမှ သံသယလူနာမရှိပါဘူး” ဟု ပြောသည်။

SARS ရောဂါပိုးနှင့် ဆက်စပ်နေသည့် ကိုရိုနာဗိုင်းရပ်စ်ပိုးသစ်သည် လက်ရှိအချိန်၌ တရုတ်နိုင်ငံတစ်ဝှမ်း လူ ၅၀၀ ကျော်ကို ကူးစက်မှုရှိနေပြီး လူ ၁၇ ဦးအထိ သေဆုံးကာ ထိုင်း၊ တောင်ကိုရီးယား၊ ထိုင်ဝမ်၊ ဂျပန်နှင့် အမေ ရိကန်စသည့် အခြားပြည်ပနိုင်ငံများအထိပါ ပျံ့နှံ့ရောက်ရှိလာသည်။

ထို့နောက် တရုတ်အစိုးရက ကူးစက်မြန်အဆုတ်ရောင်ရောဂါ(ကိုရိုနာဗိုင်းရပ်စ်) ရောဂါစတင်ဖြစ်ပွားရာ ဝူဟန်မြို့မှ ထွက်ခွာမည့် လေယာဉ်၊ ရထားခရီးစဉ်များကို ဇန်နဝါရီ ၂၃ ရက်နေ့တွင် စတင်ရပ်ဆိုင်းလိုက်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတွင် လက်ရှိအချိန်အထိ ရောဂါဖြစ်ပွားသူနှင့် သံသယလူနာမတွေ့ရှိသေးကြောင်းနှင့်စစ်ဆေးမှုများအရှိန်အဟုန်မြှင့်ဆောင်ရွက်နေကြောင်းဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး  ဒေါက်တာခင်ခင်ကြီးက ဆက်ပြောသည်။

“ကျွန်မတို့ နိုင်ငံမှာ ဝူဟန်ကိုရိုနာဗိုင်းရပ်စ်နမိုးနီးယားနဲ့ ပတ်သက်ပြီးတော့ သံသယလူနာတစ်ယောက်မှ မတွေ့ရှိသေးပါဘူး။ မတွေ့ဘူးဆိုတာ ရန်ကုန်လေဆိပ်ရယ်၊ နေပြည်တော်လေဆိပ်ရယ်၊ မန္တလေးလေဆိပ်တွေမှာဆိုရင် ဝင်ရောက်လာတဲ့ ခရီးသည်တွေတိုင်းကို အဖျားရောဂါရှိ၊ မရှိကို စစ်ဆေးပါတယ်။ အဖျားရောဂါရှိရင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါရှိ၊ မရှိ၊ ဝူဟန်က ရောက်တာလား၊ ဘယ်လောက်နေခဲ့လဲ။ ရောဂါလက္ခဏာတွေ ရှိနေလား စစ်ဆေးပါတယ်။ လေဆိပ်တွေမှာလည်း LED ဘုတ်တွေနဲ့ ဖော်ပြထားပါတယ်။ အခုထိတော့ တစ်ယောက်မှ မတွေ့သေးပါဘူး။ လေဆိပ်တင်မကပါဘူး။ မြဝတီ၊ မူဆယ်၊ တာချီလိတ် တွေမှာ စစ်ဆေးနေပါတယ်။ တုပ်ကွေးရောဂါအတွက် တစ်နိုင်ငံလုံးလွှမ်းခြုံထားတဲ့ ဆေးရုံတွေ ရှိပါတယ်။ ရန်ကုန်၊ သင်္ဃန်းကျွန်း၊ နေပြည်တော်၊ မန္တလေး၊ မြဝတီ၊ မူဆယ်၊ မြစ်ကြီးနား၊ စစ်တွေက ဆေးရုံကြီးတွေနဲ့ ဆေးရုံ၊ ဆေးခန်းတွေမှာ သံသယလူနာရှိ၊ မရှိ စုံစမ်းနေပါတယ်” ဟု ၎င်းက ပြောသည်။

၂ဝ၁၉ခုနှစ် ဒီဇင်ဘာလကုန်တွင် စတင်ဖြစ်ပွားခဲ့သော ယခုရောဂါပိုးသည် ဗိုင်းရပ်စ်ပိုးသစ်ဖြစ်ပြီး  ကိုရိုနာဗိုင်းရပ်စ်မျိုးနွယ်စုမှ မျိုးကွဲဖြစ်ကြောင်း သိရသည်။ သာမန်အအေးမိခြင်းမှ စ၍ ဖျားနာခြင်း၊ အသက်ရှူကျပ်ခြင်းနှင့်  ဆားစ်ရောဂါများဖြစ်ပွားနိုင်ပြီး ကျောက်ကပ်ပျက်စီးသေဆုံးနိုင်ကြောင်း ဒေါက်တာခင်ခင်ကြီးက ပြောသည်။

တိရစ္ဆာန်အများစုတွင် ကူးစက်ပြန့်ပွားလေ့ရှိသော ကူးစက်မြန်အဆုတ်ရောင်ရောဂါ(ကိုရိုနာဗိုင်းရပ်စ်) သည် မည်သည့်တိရစ္ဆာန်မှ ကူးစက်ကြောင်း မသိရသေးသောကြောင့် တိရစ္ဆာန်များကို အကာအကွယ်မပါဘဲ မကိုင်ရန်နှင့် နှာချေချောင်းဆိုးရာတွင် အကာအကွယ်များပြုလုပ်ရန် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required