မသန်စွမ်းသူများအတွက် စံပြမဲရုံ နေရာမသိရသေး

မသန်စွမ်းသူများအတွက် စံပြမဲရုံ နေရာမသိရသေး

ရန်ကုန်၊ အောက်တိုဘာ၂၇ ။ ။ မသန်စွမ်းသူများ ဆန္ဒမဲပေးနိုင်ရန် စံပြမဲရုံ ငါးရုံသတ်မှတ်ပေးထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ နောက်ဆုံးအစည်းအဝေးတွင် ပြောထားသော်လည်း ယခုအချိန်အထိ မည်သည့်နေရာများတွင် ရှိသည်ကို မသိရသေးကြောင်း I School Myanmar ၏ ပရိုဂရမ်မန်နေဂျာဦးရဲဝင်းကပြောသည်။

"တစ်နိုင်ငံလုံးမှ မသန်စွမ်းသူတွေအတွက် မဲရုံ ငါးရုံလောက်လုပ်မယ့်ကိစ္စကို ခုချိန်အထိ ဘယ်နေရာမှာလုပ်မယ်ဆိုတာကို ခိုင်ခိုင်မာမာမကြေညာနိုင်သေးဘူးဆိုတော့ ဒါဘယ်လောက်စီမံခန့်ခွဲမှုညံ့လဲဆိုတဲ့ ကိစ္စကိုပြနေပြီပေါ့ " ဟုဦးရဲဝင်းကပြောသည်။

မြန်မာနိုင်ငံ၏ သန်းခေါင်စာရင်းများအရ မသန်စွမ်းသူဦးရေသည် ၂ဒသမ၃သန်းရှိပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO)၏ ခန့်မှန်းမှုအရ တစ်နိုင်ငံလုံး၏ ၁၀ရာခိုင်နှုန်းခန့်ရှိနေသည်။

မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့အနေဖြင့် စံပြမဲရုံ ၈ရုံ တောင်းဆိုထားသော်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ နောက်ဆုံးအစည်းအဝေးတွင် စံပြမဲရုံ ငါးရုံသာသတ်မှတ်၍ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာအရ အရမ်းနည်းနေပြီး မည်သို့မှမလုံလောက်နိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

မသန်စွမ်းများအတွက် စံပြမဲရုံများကိုခရိုင်တစ်ခုလျှင် မဲရုံတစ်ရုံ၊ နှစ်ရုံလောက် ဆောက်ထားကြောင်းရွေးကောက်ပွဲနီးချိန်တွင် မည်သည့်နေရာ၊ မဲရုံများဖြစ်သည်ကိုသိရမည်ဟု ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲအရာရှိ ဦးခင်ဇော်ထွန်းကပြောသည်။

စံပြမဲရုံဆိုသည်မှာ အထပ်မြင့်အဆောက်အဦးတွင် မဲရုံထားရှိခြင်းမဟုတ်ဘဲ မြေညီထပ်တွင် တည်ရှိကာ ဝင်လမ်းထွက်လမ်းသာသည့် နေရာများ တည်ဆောက်ပေးခြင်း၊ ဝှီးချဲအသုံးပြုသွားလာသူများအနေဖြင့် ဝှီးချဲပေါ်မှပင် အလွယ်တကူမဲထည့်နိုင်ရန် ဆောက်ရွက်ထားခြင်းတို့ ဖြစ်ကြောင်းသိရသည်။

ရွှေမင်းသားဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးမြတ်သူဝင်းကမူ စံပြမဲရုံအနေဖြင့် သီးသန့်မလိုဘဲ သာမန်မဲရုံများတွင်ပင် မသန်စွမ်းများအတွက် သွားလာရလွယ်ကူပြီး ဝင်လွယ်ထွက်လွယ်ဖြစ်အောင် မဲပေးရလွယ်ကူသည့် နည်းလမ်းများ၊ ဆောင်ရွက်မှုများကို ပြုလုပ်ပေးစေချင်ကြောင်းပြောသည်။

“ခွဲခြားဆက်ဆံသလိုဖြစ်သွားတယ်။ သိပ်လက်မခံဘူး။” ဟု ဦးမြတ်သူဝင်းကပြောသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် စာသင်ကျောင်းများကို မဲရုံအဖြစ် အများဆုံးအသုံးပြုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required