ဝူဟန်မြို့သို့ ပျံသန်းပြေးဆွဲနေသည့် စင်္ကာပူ ထိုင်ဝမ်နှင့်မလေးရှားလေကြောင်းလိုင်းမှ ခရီးစဉ်များ ဖျက်သိမ်း

ဝူဟန်မြို့သို့ ပျံသန်းပြေးဆွဲနေသည့် စင်္ကာပူ ထိုင်ဝမ်နှင့်မလေးရှားလေကြောင်းလိုင်းမှ ခရီးစဉ်များ ဖျက်သိမ်း

ဇန်နဝါရီ ၂၃ ။                        ။  စင်္ကာပူလေကြောင်းလိုင်း Scoot ၊ ထိုင်ဝမ်လေကြောင်းလိုင်း China Airlines နှင့် မလေးရှားလေကြောင်းလိုင်း AirAsia တို့သည် နမိုးနီးယား ဗိုင်းရပ်စ်ပိုးသစ်တစ်မျိုး စတင်ဖြစ်ပွားရာ တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့သို့ ပျံသန်းပြေးဆွဲနေသည့်  ခရီးစဉ်များအားလုံးကို ဇန်နဝါရီ ၂၃ ရက်က ဖျက်သိမ်းလိုက်သည်။

အွန်လိုင်းသတင်းအချက်အလက်များအရ တရုတ်နိုင်ငံသည် ရောဂါကူးစက်ပျံ့ပွားမှု မရှိစေရန် ဝူဟန်မြို့အဝင်အထွက်ကို ပိတ်လိုက်ပြီးနောက် စင်္ကာပူ Scoot လေကြောင်းလိုင်းသည် နေ့စဉ်ပျံသန်းပြေးဆွဲမှုများကို ဖျက် သိမ်းလိုက်ခြင်းဖြစ်သည်။

တိုင်ပေ၌လည်း China Airlines က  ဝူဟန်သို့ပြေးဆွဲမည့်ခရီးစဉ်များကို ဖေဖော်ဝါရီ ၂၉ ရက်အထိ ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ဝူဟန်သို့ပြန်ချင်သည့်ခရီးသည်များအတွက် ဝူဟန်မြို့နှင့်အနီးအနားရှိလေဆိပ်များကို ရွေးချယ်ရန်နှင့် ကူညီပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း ပြောထားသည်။

မလေးရှားလေကြောင်းလိုင်း AirAsia သည် ဝူဟန်မြို့နှင့်အသွားအပြန် လေယာဉ်ခရီးစဉ်အားလုံး ယာယီဖျက်သိမ်းကြောင်း နောက်ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ပိုးသစ်ကြောင့် လက်ရှိအချိန်ထိ လူ ၁၇ ဦးသေဆုံးကာ ၅၀၀ ကျော်ကူးစက်ခဲ့ပြီး ရောဂါပိုးစတင်တွေ့ရှိရာ လူဦးရေ ၁၁ သန်းခန့်နေထိုင်သည့် ဝူဟန်မြို့ကို အာဏာပိုင်များက အဝင်အထွက် ကန့်သတ်ထားသည်။

 ဝူဟန်မြို့ အာဏာပိုင်များသည် ဇန်နဝါရီ ၂၃ ရက် ဒေသစံတော်ချိန် မနက် ၁၀ နာရီ မှစ၍ မြို့တွင်း သယ်ယူပို့ဆောင်ရေးကို ပိတ်ပင်ခြင်း၊ လေယာဉ်ခရီးစဉ်များကို ဆိုင်းငံ့ထားခြင်းများ ပြုလုပ်ထားကြောင်း၊ ဒေသခံများကိုလည်း အရေးပေါ်ကိစ္စမှတစ်ပါး အပြင်သို့မထွက်ရန် သတိပေးထားကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required