အာဏာသုံးကာ အကြမ်းဖက်မှုကျူးလွန်သူများကို ICJ တွင် အရေးယူရေး အရပ်ဖက်အဖွဲ့အစည်း ၁၁၇ ခု ထောက်ခံ

အာဏာသုံးကာ အကြမ်းဖက်မှုကျူးလွန်သူများကို ICJ တွင် အရေးယူရေး အရပ်ဖက်အဖွဲ့အစည်း ၁၁၇ ခု ထောက်ခံ
Photo - AFP

ရန်ကုန်၊ ဇန်နဝါရီ။              ။ နိုင်ငံရေးနှင့် စစ်ရေးအာဏာအသုံးပြုပြီး အကြမ်းဖက်မှုကျူးလွန်သူများကို အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှ    အရေးယူရေးကို ထောက်ခံကြိုဆိုကြောင်း အရပ်ဖက်အဖွဲ့အစည်း (၁၁၇) ခုက သဘောထားထုတ်ပြန်ခဲ့ကြသည်။

မြန်မာနိုင်ငံ၏ တရားစီရင်ရေးသည် နိုင်ငံရေးနှင့် စစ်ရေးအာဏာလုပ်ပိုင်ခွင့်များကို အသုံးချပြီး အကြမ်းဖက်ကျူးလွန်သူများကို အပြစ်ပေးအရေးယူမှုမလုပ်ဆောင်နိုင်သောကြောင့် ICJ တွင် အရေးယူရေးကို ထောက်ခံရခြင်း ဖြစ်ကြောင်း အရပ်ဖက်အဖွဲ့အစည်းများက ပြောသည်။

ကချင်ပြည်နယ်အမျိုးသမီးကွန်ရက်၏ ဒါရိုက်တာ ဒေါ်နန်ပူက “ကျွန်မတို့ သဘောထားထုတ်ပြန်ချက်ထဲမှာ ICJ အနေနဲ့ပေါ့နော် အမှန်တရားနဲ့ တရားမျှတမှုကို ပြည်သူတွေအတွက် ရရှိအောင်လုပ်ဆောင်ပေးမယ်လို့ ကျွန်မ တို့ ယုံကြည်တယ်။ ဒီနေ့ရဲ့ အဖြေကို အဲ့လိုဖြစ်လာဖို့ ယုံကြည်ထားတယ်။ ကျွန်မတို့အနေနဲ့ကတော့ ပြည်သူတွေပေါ်မှာ ကျူးလွန်ခဲ့တဲ့ ကိစ္စကို ICJ အနေနဲ့ ဒီလိုကျူးလွန်တာကို ရပ်တန်းက ရပ်ဖို့အတွက်နဲ့ ကျူးလွန်ခဲ့တဲ့ ကိစ္စတွေကို တရားမျှတမှုရရှိအောင် လုပ်ဆောင်လာဖို့ မျှော်လင့်ပါတယ်။ တစ်ချို့ကတော့ သူတို့ရဲ့ အာဏာ၊ စည်းစိမ်မစွန့်လွှတ်ရရေးအတွက် ICJ မှာ ကြားဖြတ်အမိန့်မချဖို့ မျှော်လင့်တယ်လို့ပဲ မြင်ပါတယ်” ဟု ပြောသည်။

ဂျီနိုဆိုက်ကျူးလွန်မှုဖြင့် တရားစွဲခံနေရသော မြန်မာနိုင်ငံအပေါ်  အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှ ကြားဖြတ်အစီအမံအမိန့်ချမှတ်ရေးနှင့် ပတ်သက်၍ အရပ်ဖက်အဖွဲ့အစည်းပေါင်း ၁၁၇ ခုက ဇန်နဝါရီလ ၂၂ ရက်နေ့တွင် သဘောထားကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အခုလိုထုတ်ပြန်တဲ့အဖွဲ့အစည်းများထဲတွင် ကချင်ပြည်နယ်အခြေစိုက်အဖွဲ့အစည်းများ၊လူ့အခွင့်အရေးဆောင်ရွက်နေတဲ့အဖွဲ့အစည်းများနှင့်အမျိုးသမီးအခွင့်အရေးစောင့်ရှောက်ရေးအဖွဲ့အစည်းများပါဝင်သည်။

နိုင်ငံတကာတရားရုံးတွင် မြန်မာနိုင်ငံအားတရားစွဲဆိုခြင်းသည် နိုင်ငံရေးနှင့်စစ်ရေးအာဏာ လုပ်ပိုင်ခွင့်တာဝန်ရှိသူများကိုသာရည်ညွှန်းပြီးပြည်သူများကိုရည်ညွှန်းခြင်းမဟုတ်ကြောင်းလည်းထုတ်ပြန်ချက်တွင်ပါဝင်သည်။

ဒေါ်နန်ပူက “ကျွန်မတို့နိုင်ငံမှာ နိုင်ငံရေးအာဏာ၊ စစ်ရေးအာဏာတွေနဲ့ ပတ်သက်ပြီးမှ ရနေတဲ့သူတွေက အလွဲသုံးစားလုပ်နေတယ်။ သူတို့တွေ ကျူးလွန်မှုတွေရှိနေတယ်ဆိုတဲ့ ကိစ္စပေါ့နော်။ သူတို့ ကျူးလွန်မှုလုပ်နေတာကို စနစ်တကျစီရင်မှုတွေမရှိတဲ့အခါမှ သူတို့လုပ်ချင်တိုင်း လုပ်ပြီး၊ ဆက်လုပ်ဖို့ အာဏာက ရှိနေတယ်။ အဓိကကတော့ သူတို့အာဏာယစ်မူးနေတဲ့ ကိစ္စလက်လွှတ်နိုင်ရင် အကျိုးတွေ ရလာမှာပါ။ ICJ အနေနဲ့ ပြည်သူတွေကို တ ရားစွဲတာမဟုတ်ဘဲ နိုင်ငံရေးနဲ့ စစ်ရေးအာဏာအလွဲသုံးသူတွေကိုပဲ တရားစွဲတယ်လို့ မြင်တယ်။ ICJ အနေနဲ့ တရားမှန်ဖော်ထုတ်ဖို့၊ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးအတွက် တာဝန်ယူဆောင်ရွက်နိုင်မယ်လို့ မျှော်လင့် တယ်။ ကျွန်မတို့ အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့လည်း အမှန်တရားနဲ့ တရားမျှတမှုဘက်က ရပ်တည်သွားမှာပါ” ဟု ပြောသည်။

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို လူမျိုးတုံးသတ်ဖြတ်မှုနှင့် တရားစွဲထားသည့်အပေါ်  အပြည်ပြည်ဆိုင်ရာတရားရုံး ICJ က ယနေ့ ဇန်နဝါရီ ၂၃ ရက်နေ့လည်တွင် ကြားဖြတ်အမိန့်ချရန် ရှိနေပြီး အမှုကို ဆက်လက်ဆောင်ရွက်သင့်မသင့် တရားရုံးက ဆုံးဖြတ်ချက်ချမည်ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required