တက္ကသိုလ်လေးခုကို ဖြတ်သန်းမည့် ဘတ်စ်ကားလမ်းကြောင်းသစ် ဖေဖော်ဝါရီလမှာ ပြေးဆွဲမည်

တက္ကသိုလ်လေးခုကို ဖြတ်သန်းမည့် ဘတ်စ်ကားလမ်းကြောင်းသစ် ဖေဖော်ဝါရီလမှာ ပြေးဆွဲမည်

ရန်ကုန်၊ ဇန်နဝါရီ ၂၂။              ။ လှိုင်သာယာ နည်းပညာတက္ကသိုလ် အပါအဝင်  မြောက်ဥက္ကလာ ဆေးတက္ကသိုလ်-၂၊ ဒဂုံတက္ကသိုလ်၊ ရန်ကုန် စီးပွားရေး တက္ကသိုလ် စသည့် တက္ကသိုလ်လေးခုကို ဖြတ်သန်း ပြေးဆွဲမည့် ဘတ်စ်ကား လမ်းကြောင်းသစ် တစ်ခုကို လာမည့် ဖေဖော်ဝါရီလတွင် စတင် ပြေးဆွဲသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့က ပြောသည်။

Omni Focus ကုမ္ပဏီကနေ ပြေးဆွဲနေသော ယာဉ်လိုင်း(၅)ခုမှ ယာဉ်တချို့ကို ထုတ်ကာ လမ်းကြောင်းသစ် စတင် ပြေးဆွဲမည့် ဘတ်စ်ကားနှင့် ယာဉ်မောင်းများကို ကုမ္ပဏီဘက်ကနေ စတင်ပြင်ဆင်နေပြီဟု ရန်ကုန်တိုင်း ဒေသကြီး သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့၏ တွဲဖက်အတွင်းရေးမှုး ဦးလှအောင်က ပြောသည်။

"သူတို့က ပြေးဆွဲလမ်းကြောင်းထဲက ယာဉ်တွေကို ထုတ်နှတ်ပြီး ဆွဲချင်တယ် ပြောတယ် ဒါပေမယ့် ကျွန်တော် တို့ရဲ့ ပို့ဆောင်ရေး လုပ်ငန်းစည်းကမ်းအရ လိုင်းပြောင်းရွေ့ခြင်း လုပ်ငန်းတွေ လုပ်ရပါတယ်။ အကယ်လို့ လုပ်ငန်း လိုင်စင်က (ဂ)ငယ်ဖြစ်နေရင် (ခ)လိုင်စင် ပြောင်းရတယ် အခု အဲ့ကိစ္စတွေ ပြီးစီးပါပြီ" ဟု ဆိုသည်။

တက္ကသိုလ်လေးခုကို ဖြတ်သန်း ပြေးဆွဲမည့် ဘတ်စ်ကား လမ်းကြောင်းသစ်ကို Omni focus ကနေ တာဝန်ယူ ပြီးတော့ ယာဉ်အစီးရေ ၂၇ စီးနှင့် စတင် ပြေးဆွဲသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ယာဉ်လမ်းကြောင်းသစ်ကို ယာဉ်အင်အား ထပ်မံ တိုးမြှင့်ပြီးသည့်အခါ ၂၄ နာရီ ပြေးဆွဲရန် အစီအစဉ် ရှိကြောင်း Omni Focus အများပိုင် ယာဉ်လိုင်းကုမ္ပဏီလီမိတက်၏ မန်းနေဂျင်း ဒါရိုက်တာ ကိုထွန်းတောက် ဝင်းက ပြောသည်။

“လှိုင်သာယာကနေ အနော်ရထာလမ်း၊ ပြီးရင် ရွှေပြည်သာတံတား။ ပြီးရင် ခရေပင်လမ်းခွဲ အဲ့ကနေမှ မြောက်ဥက္ကာလာပ ဆေးတက္ကသိုလ်သွားမယ်။ နောက် ဒဂုံတက္ကသိုလ်ရောက်မယ် အဲ့ကနေ ပြန်ထွက်ပြီး လေးထောင်ကန်လမ်းမကြီး တည့်တည့်အတိုင်း ရွာသာကြီးမှာ ဂိတ်ဆုံးပါမယ်" ၎င်းက ပြောသည်။

ခရီးစဉ် တစ်ပိုင်းအတွက် ၂၀၀ ကျပ် ကောက်ခံမှာဖြစ်ပြီး ခရီးစဉ် အစအဆုံး စီးနင်းသူများကို ၃၀၀ ကျပ် ကောက်ခံမည် ဖြစ်ကြောင်း၊ ဘတ်စ်ကား ပြေးဆွဲမည့် လမ်းကြောင်းလည်း တရားဝင် ခွင့်ပြုချက် ရရှိထား ပြီး ဖြစ်ကြောင်း သိရသည်။သို့သော် ပြေးဆွဲမည့် ယာဉ်လိုင်း နံပါတ်ကိုမူ မသတ်မှတ်ရ သေးကြောင်း ကုမ္ပဏီဘက်က ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly