ရာသီဥတု မမှန်ခြင်းကြောင့် စပါးမဟုတ်သော သီးနှံစိုက်ပျိုးသူများ အာမခံထားရှိလိုကြ

ရာသီဥတု မမှန်ခြင်းကြောင့် စပါးမဟုတ်သော သီးနှံစိုက်ပျိုးသူများ အာမခံထားရှိလိုကြ
ဓာတ်ပုံ - ထက်မြတ်

မန္တလေး၊ ဇန်နဝါရီ ၂၂။       ။ မြန်မာနိုင်ငံတွင် တစ်နှစ်ထက် တစ်နှစ် ရာသီဥတု မမှန်ခြင်းကြောင့် သီးနှံပျက်စီးဆုံးရှုံးများ ဖြစ်ပေါ်နေခြင်းအတွက် စပါး သီးနှံကဲ့သို့ တခြား သီးနှံများကိုလည်း အာမခံထားရှိနိုင်ရန် ဆောင်ရွက် ပေးစေလိုကြောင်း မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ထံက သိရသည်။

စပါးသီးနှံအား ပြည်ပနိုင်ငံများ ဖြစ်သည့် အိန္ဒိယနိုင်ငံ၊ ဂျပန်နိုင်ငံ အပါအဝင် ပြည်တွင်း အာမခံကုမ္ပဏီ တချို့က အကြို စီမံကိန်းအဖြစ် ဆောင်ရွက်နေမှုများ ရှိနေသည့်တိုင် စီမံကိန်းကိုလည်း ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရန် အတွက် စီစဉ်မှု များရှိနေကြောင်း သိရသည်။သို့သော်လည်း တခြားသီးနှံများ ပါဝင်မှုမရှိသေးကြောင်း သိရသည်။

မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ အတွင်းရေးမှူး ဦးကျော်စိုးနိုင်က “စပါး သီးနှံလိုမျိုး တခြား သီးနှံဖြစ်တဲ့ သရက်ကိုလည်း အာမခံထားလို့ရအောင် လုပ်ဆောင် ပေးစေချင်တယ်၊ ရာသီဥတု ကြောင့် သရက်စိုက်ခင်း တွေ ထိခိုက်မှုကြောင့် စိုက်ပျိုးသူတွေ နစ်နာတာတွေ ရှိတယ်၊ အဲဒါတွေကို ကုစားနိုင်ဖို့အတွက် သတ်မှတ်ပြီး အာမခံထား နိုင်အောင် လုပ်စေချင်ပါတယ်။ စိုက်ပျိုးရေး လုပ်ငန်းတွေမှာ နှစ်စဉ် ထိခိုက် ပျက်စီးမှုတွေက စိပ်လာတယ်၊ သဘာဝဘေး၊ လူပြုတဲ့ဘေး တွေကြောင့် ဖြစ်ပေါ်လာမယ့် ဆုံးရှုံးမှုတွေကို အာမခံစနစ်နဲ့ အကာအကွယ် ပြုနိုင်ပါတယ်”ဟု ပြောသည်။

မန္တလေးတိုင်းဒေသကြီး အတွင်းတွင် သရက်သီးနှံ အဖူးပွင့်ချိန် မတိုင်မီမှာ မိုးရွာသွန်းခဲ့ခြင်းကြောင့် အပွင့်များ၌  မှိုများ စွဲကပ်မှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် လွန်ခဲ့သော သုံးနှစ်ခန့်က အရည်အသွေး ကျဆင်းမှုများ ဖြစ်ပွား ခဲ့ပြီး အထွက်နှုန်း ကျဆင်းခဲ့ရာ ပြည်ပ တင်ပို့ရာတွင် အခက်အခဲတွေ့ခဲ့သလို တောင်သူများ အဆင်မပြေ ဖြစ်ပေါ်ခဲ့ကြောင်း၊ ယခုနှစ်တွင် လည်း ထိုကဲ့သို့ ဖြစ်စဉ်မျိုး ထပ်မံဖြစ်ပွားနေခြင်းကြောင့် တောင်သူများမှာ ထိခိုက် နစ်နာမှုများ ဖြစ်မည်ကို စိုးရိမ်ပူပန် နေကြကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ် သရက်စိုက်တောင်သူ ဦးသိန်းဆောင်က “သရက်သီးကို အရင်နှစ်တွေကဆိုရင် ပန်းပွင့်ချိန်ကနေ စတင်ပြီး ခြံပြတ် (ခြံထဲတွင် စိုက်ပျိုးထားသည့် အပင်အားလုံး)ကို ဝယ်ယူဖို့ လာကြ တယ်၊ ဒီနှစ်မှာတော့ လာဝယ်မယ့်သူ မရှိသေးဘူး၊ ပန်းပွင့်ချိန် မတိုင်မီ မိုးရွာလိုက်တာကြောင့်လည်း မဝယ်ကြတာ ဖြစ်နိုင်ပါတယ်၊ အခုကတော့ အပင်အားလုံးတော့ မထိကြပါဘူး၊ ဒါပေမယ့် ဖြစ်မှာကိုတော့ စိုးရိမ်ပါတယ်၊ ဒီအတွက် တိကျသေချာတဲ့ အာမခံစနစ်မျိုး ထားရှိချင်ပါတယ်၊ အခုက ကောင်းလည်းစံ ပျက်လည်းခံ ဖြစ်နေတဲ့ပုံစံမျိုး ဖြစ်နေပါတယ်”ဟု ပြောသည်။

နိုင်ငံတကာတွင် သီးနှံ အာမခံထားရှိလျှင် ထားရှိလိုသည့် မြို့နယ်အလိုက် သတ်မှတ်ထားသော ထွက်နှုန်းပေါ်၌ အာမခံ ထားရှိသူမှ ပရီမီယံကြေးအနေဖြင့် ၂ ရာခိုင်နှုန်း ပေးသွင်းရကြောင်း၊ ဥပမာ စပါးကြမ်းခင် ဈေးနှုန်း ၅၀၀၀ ကျပ်ဖြင့် တွက် ချက်လျှင် စပါးတစ်တင်းအတွက် ပရီမီယံကြေးမှာ ၁၀၀ ကျပ် ကျသင့်မည်ဖြစ်ကြောင်း၊ ပေးသွင်းထားသည့် သီးနှံများ ပျက် စီးပြီး တင်း ၇၀ ထွက်သည့် နေရာတွင် တင်း ၅၀ သာထွက်ရှိပါက ပျက်စီး ဆုံးရှုံးသွားသော တင်း ၂၀ အား ၅၀၀၀ နှင့် မြှောက်ကာ စုစုပေါင်း တစ်သိန်းကျပ်အား လျော်ကြေးအဖြစ် ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

ယခုလို သီးနှံ အာမခံ ပုံစံမျိုးနှင့် တွက်ချက် နေသော်လည်း မြန်မာနိုင်ငံ အတွင်းတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့ နယ် အလိုက် သတ်မှတ်ထားသော ထွက်နှုန်း ပမာဏ စာရင်းအား အာမခံကုမ္ပဏီများ အနေဖြင့် အတိအကျမရသဖြင့် လုပ်ဆောင်ရန်မှာ ခက်ခဲလျက်ရှိကြောင်း အာမခံကုမ္ပဏီများထံက သိရသည်။

Global World Insurace Co.,Ltd ဒါရိုက်တာ ဦးစိုးဝင်းသန့်က “ကွင်းဆင်း လုပ်ကိုင်တဲ့ အခါမှာ ဌာနဆိုင်ရာတွေက သီးနှံ အာမခံ အကြောင်းမသိဘူး၊ သွားပြီး ရှင်းပြတဲ့အခါမှာလည်း အာမခံ လုပ်တယ်ဆိုတာ ကုမ္ပဏီ အကျိုးစီးပွားအတွက် လာပြီးတော့ ကြေငြာတယ်၊ ဈေးကွက်မြင့်တင် တယ်ထင်နေကြ တယ်၊ ဒါတွေကို အခက်အခဲဖြစ်တယ်၊ ဒါအပြင်သူတို့က Feedback ပေးတာကလည်း မကောင်းကလည်း မကောင်းဘူး၊ ကျွန်တော်တို့ လုပ်နေတဲ့ အာမခံစနစ်က ထွက်နှုန်းပေါ် အခြေခံတဲ့ အာမခံစနစ် ဖြစ်တယ်၊ အထွက်နှုန်းကို စိုက်ပျိုးရေး ဦးစီးဌာနကို တောင်းတဲ့အခါမှာလည်း ခက်ခဲသလို၊ မိုးဇလကလည်း မရဘူး။ ဒါကြောင့် ကျယ်ကျယ်ပြန့်ပြန့် မလုပ်ဘူး၊ လုပ်လည်းမလုပ်နိုင်ဘူး”ဟု ပြောသည်။

တစ်နှစ်ထက် တစ်နှစ် ပိုမိုဖြစ်ပေါ်လာနေသော ရာသီဥတု ဖောက်ပြန်မှုများကြောင့် သီးနှံစိုက်ပျိုးမှု၊ ထွက်နှုန်း ထိခိုက်မှုများ ဖြစ်ပေါ်နေခြင်းကြောင့် ထိခိုက်ပျက်စီးမှုများကို ကာကွယ်ရန်အတွက် သီးနှံ အာမခံစနစ် ပိုမိုကျယ်ပြန့် လာစေရန် အစိုးရမှ လည်း ပိုမိုကူညီ ဆောင်ရွက်ပေး စေလိုကြောင်း စိုက်ပျိုးတောင်သူများထံက သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly