ချေးငွေ အာမခံအဖွဲ့အစည်း(CGC) ထူထောင်ရန် ကြိုးပမ်းနေဟု ဒုဝန်ကြီး ဦးမောင်မောင်ဝင်းပြော

ချေးငွေ အာမခံအဖွဲ့အစည်း(CGC) ထူထောင်ရန် ကြိုးပမ်းနေဟု ဒုဝန်ကြီး ဦးမောင်မောင်ဝင်းပြော

နေပြည်တော်၊ ဇန်နဝါရီ ၂၂။               ။ အသေးစား အငယ်စားနှင့် အလတ်စား(MSMES) စီးပွားရေး လုပ်ငန်းများအတွက် ချေးငွေရရှိရေး ချေးငွေ အာမခံ အဖွဲ့ အစည်း(CGC) ကို ထူထောင်ရန် စတင် လုပ်ဆောင်နေပြီ ဖြစ် သည်ဟု စီမံကိန်းဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောသည်။

ဇန်နဝါရီ ၂၂ ရက်က နေပြည်တော်ရှိ M Gallery ဟိုတယ်မှာ ပြုလုပ်ခဲ့သည့် MSMEs လုပ်ငန်းများကို ငွေကြေး ပံ့ပိုးပေး ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲမှာ ၎င်းက ပြောခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲကို စီမံကိန်းဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန အပါအဝင် ထိုင်းနိုင်ငံမှ ဗဟိုဘဏ်၊ SME ဘဏ်၊ စိုက်ပျိုးရေးဘဏ်တို့နှင့် ပူးပေါင်းပြီး ချေးငွေအာမခံ အဖွဲ့အစည်း ထူထောင်ရန် စီမံကိန်း ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောခဲ့သည်။

“အကောင်အထည် ဖော်နိုင်ပြီးရင်တော့ ဒီ SME- MSME လုပ်ငန်းတွေ အနေနဲ့ သူတို့ရဲ့ ထုတ်ကုန်တွေကို ပိုပြီးတော့ အရည်အသွေးတွေ မြင့်မားအောင် ပိုပြီးတော့ နည်းပညာတွေ သုံးပြီးတော့ ထုတ်နိုင်အောင် ပိုပြီးတော့ တွင်တွင်ကျယ် ကျယ်နဲ့ ထုတ်နိုင်အောင် စတဲ့ လုပ်ငန်းတွေကို တိုးတက်ပြီးတော့ ထုတ်နိုင်အောင် ဘဏ္ဍာငွေပိုင်းကနေ နည်းပညာပိုင်း လည်း ပံ့ပိုးပေးတဲ့ အပိုင်းတွေ လုပ်နိုင်မှာ။ အဲ့လို လုပ်နိုင်ခြင်းအားဖြင့် ပိုပြီးတော့ နိုင်ငံတော်ရဲ့ GDP တို့ စီးပွားရေး ဖွံံ့ဖြိုး တိုးတက်လာအောင် အများကြီး အထောက်အကူ ဖြစ်မှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။

နိုင်ငံတကာတွင် ယခုလို ချေးငွေ အာမခံ အဖွဲ့အစည်း ထူထောင်ရန် ၃-၄ နှစ်ခန့် ကြာသော်လည်း မြန်မာနိုင်ငံမှာတော့ မြန်နိုင်သမျှ မြန်အောင် ဆောင်ရွက်ပေးသွားမည်ဟု  ဒုတိယဝန်ကြီးက ပြောသည်။

လက်ရှိတွင် မြန်မာ့အာမခံလုပ်ငန်းမှ အာမခံပြီး ဆောင်ရွက်နေသော စနစ်နှင့် မြန်မာ့စီးပွားရေးဘဏ်က ထုတ်ချေးနေခြင်းရှိ ကြောင်း၊  အများဆုံး ကျပ်သိန်း ၂၀၀ သာ ထုတ်ချေးလျက်ရှိကြောင်း  မြန်မာ့စီးပွားရေးဘဏ် ဒုတိယအထွထွေမန်နေဂျာ ဒေါ်ဝါဝါတင်က ပြောသည်။

“ မြန်မာနိုင်ငံမှာကို ပြောရမယ်ဆိုလို့ ရှိရင်တော့ မြန်မာနိုင်ငံမှာ ရှိတဲ့ SME လုပ်ငန်းရှင်တွေက ကျွန်မတို့ စောစောက ဆွေးနွေးပွဲမှာ ပြောသွားသလိုပဲ အာမခံ မပေးနိုင်တဲ့ လုပ်ငန်းရှင်တွေ များပါတယ်ရှင့်။ သူတို့က ဘဏ်တွေ ဆိုတာကတော့ အာမခံ အရင်တုန်းကတော့ ဘဏ်တွေကို အာမခံပဲ ရယူပြီးတော့မှ ထုတ်ချေးတာ ဖြစ်ပါတယ်။ ဒါပေမယ့် အခု မြန်မာနိုင်ငံ မှာ လက်ရှိ SME တွေကတော့ အာမခံမပေးနိုင်တဲ့ လုပ်ငန်းရှင်တွေ များပါတယ်။

အဲ့အတွက်ကြောင့်မို့လို့ အာမခံ မပေးနိုင် တဲ့ လုပ်ငန်းရှင်တွေက သူတို့ လုပ်ငန်း တိုးချဲ့ဖို့အတွက်ကို လိုအပ်တဲ့ ရင်းနှီးငွေ ရဖို့အတွက် ဆိုလို့ရှိရင် ဘဏ်က ထုတ် ချေးဖို့အတွက်ကို ကျွန်မတို့ကြားကနေ အာမခံပေးမယ့် CGC လို အဖွဲ့အစည်းမျိုးကတော့ လိုအပ်ပါတယ်ရှင့်”ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် SME ချေးငွေကို မြန်မာ့စီးပွားရေးဘဏ်ထဲမှ အပ်ငွေကို ထုတ်ချေးသည့်စနစ်နှင့် ဂျပန်နိုင်ငံ JICA က ထောက်ပံ့သည့် JICA SME Two Step LOAN  စသည့် စနစ် နှစ်မျိုးဖြင့် ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required