ရခိုင်ပြည်နယ်မြောက်ပိုင်းအရေး တာဝန်ခံမှုနှင့် တရားမျှတမှုရှိကြောင်း ပြသမည်ဟု သမ္မတရုံး ကြေညာ

ရခိုင်ပြည်နယ်မြောက်ပိုင်းအရေး တာဝန်ခံမှုနှင့် တရားမျှတမှုရှိကြောင်း ပြသမည်ဟု သမ္မတရုံး ကြေညာ
ပုံ - ( Myanmar President Office ) ICOE အဖွဲ့ဝင်မျာ၏ အစီအရင်ခံစာကို သမ္မတဦးဝင်းမြင့် လက်ခံနေစဉ်

ဇန်နဝါရီ ၂၂ ရက်။             ။ ၂၀၁၇ ခုနှစ်၊ သြဂုတ်လအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်း စစ်ဆင်ရေးအတွက် ထိခိုက် ခံစားခဲ့ရသူ အားလုံးအတွက် စာနာ ဝမ်းနည်းပြီး ဖြစ်စဉ်အတွက် တာဝန်ခံမှုနှင့် တရားမျှတမှုရှိကြောင်း ပြသမည်ဟု နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန် ကြေညာ ခဲ့သည်။

အဆိုပါ ထုတ်ပြန် ကြေညာချက်ကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး  လုံခြုံရေး တပ်ဖွဲ့များကို လည်း အဆင့်မီ လုံခြုံရေးအဖွဲ့ ဖြစ်လာစေရေးအတွက် ဆောင်ရွက်သွားမည်ဟုလည်း ဖော်ပြပါရှိသည်။

ထိုထုတ်ပြန်ချက်သည် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မွတ်ဆလင်များအပေါ် တပ်မတော်က လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိသည်ဆိုသော လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်(ICOE)၏ အစီအရင်ခံစာ ထွက်ပေါ် လာပြီးနောက် သမ္မတရုံး က ထုတ်ပြန် ကြေညာလာခြင်း ဖြစ်သည်။ICOE ကော်မရှင်၏ အပြီးသတ် အစီအရင်ခံစာအပေါ် တပ်မတော်ဘက်က လက်ခံပြီး  ပူးပေါင်းဆောင်ရွက်ရန် အရေးကြီး သည်ဟု နိုင်ငံရေး လေ့လာသုံး သပ်သူ ဦးမောင်မောင်စိုးက ပြောသည်။

“စုံစမ်းရေးကော်မရှင်ရဲ့ အဓိက ဖော်ပြချက်က ဂျီနိုဆိုက်က မရှိပေမယ့် အင်အား အလွန်အကျွံ သုံးပြီးတော့ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တာရှိတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး အရေးယူရမယ်။  ဒီကိစ္စကို အစိုးရအနေနဲ့ လက်ခံ ကြိုဆိုခဲ့တယ်။ ရှေ့နေ ချုပ်ရုံး ၊ စစ်ဥပဒေချုပ်ရုံးနဲ့ ဆက်စပ် ဆောင်ရွက်သွားမယ်လို့ ပြောတယ်။  အဓိက အရေးကြီးတာက တပ်မတော်အနေနဲ့ အစီအရင်ခံစာကို လက်ခံပြီးတော့ ပူးပေါင်းဆောင်ရွက်ဖို့ပဲ ဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ တပ်မတော်အနေနဲ့ သီးခြား တရားစီရင်ရေး ရှိနေတာဖြစ်တယ်။ အဲလိုဖြစ်နေတဲ့အချိန် တပ်မတော်အနေနဲ့ ဒီအစီအရင်ခံစာ လိုလိုလားလား ပူးပေါင်း ပါဝင်ပေးဖို့ အရေးကြီးပါတယ်။ တချိန်တည်းမှ ဒီစုံစမ်းစစ်ဆေးရေး ၊ အရေးယူမှုနှင့် ပတ်သက်ပြီးတော့ နိုင်ငံတကာက လက်ခံလာအောင် ပွင့်လင်းမြင်သာမှု ရှိဖို့ လိုအပ်မယ်လို့ထင်တယ်”ဟု ၎င်းက ပြောသည်။

အဖွဲ့အစည်းများအနက် တပ်မတော်သား တချို့ကလည်း ကျုးလွန်သည်ဟု ယုံကြည်ကြောင်း၊ ထိုသတ်ဖြတ်မှုနှင့် နေအိမ် များကို ဖျက်ဆီးမှုများသည် လူမျိုးသုဉ်း သတ်ဖြတ်မှုအဖြစ်  ရည်ရွယ်ချက်ရှိရှိ  ဆောင်ရွက် ကျူးလွန် ခဲ့သည်ဟု ကောက် ချက် ချနိုင်သော လုပ်ဆောင်မှုမျိုး  ဖြစ်ပွားခဲ့ခြင်း မရှိခဲ့ကြောင်း ICOE ၏ အစီအရင်ခံစာမှာ ဖော်ပြထားသည်။
ICOE အစီအရင်ခံစာတွင် အစိုးရအနေဖြင့် လုပ်ဆောင်ရမည့် အချက် ၂၂ ချက်ကို ဖော်ပြထားပြီး စာမျက်နှာ  ၄၆၁ မျက်နှာ ပါဝင်ကြောင်း ၊ ICOE အနေဖြင့် လူမျက်မြင် သက်သေ ၁၅၀၀ ဦးကို မေးမြန်း စုံစမ်းခဲ့ကြောင်း ဖော်ပြ ထားသည်။

ကော်မရှင်၏ အကြံပြုချက် (၂၂) ချက်အနက် ပြည်ထောင်စု ရှေ့နေချုပ်ရုံးနှင့် စစ်ဥပဒေချုပ်ရုံးသို့ လိုအပ်သည့် ရာဇဝတ်မှု ဆိုင်ရာ စုံစမ်းစစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်သွားရန် ထုတ်ပြန်ချက်တွင် အကြုံပြု တိုက်တွန်း ထားသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ  ဦးသန်းစိုးနိုင်က ICOE ၏ အစီအရင်ခံစာသည် ယခင်က တခြားသော အစီအရင်ခံစာများ ထက် တိကျသည့် အကြောင်းပြချက်များ ပါဝင်သလို မွတ်ဆလင်များ သတ်ခံရသည့် နေရာ သုံးနေရာကို စစ်ဆေးရန် လည်း အကြံပြုထားချက် ပါခြင်းကြောင့် တပ်မတော်ဘက်ကလည်း ဒါကို လက်ခံ စဉ်းစားမည့် အနေအထားရှိနိုင်သည်ဟု ဆိုသည်။

“ဒီအစီအရင်ခံနှင့် ပတ်သက်ပြီး အကြမ်းဖျဉ်း ကြည့်ရရင် ယခင် အစီအရင် ခံစာတွေထက် တိကျတဲ့ အကြောင်းပြချက် တွေ ပါတယ်။ မွတ်ဆလင် အမြောက်အများ အသတ်ခံရတဲ့နေရာ သုံးနေရာကို စစ်ဆေးဖို့ ပါတယ်။ အဲတာနဲ့ ပတ်သက်ပြီး တပ်မတော်အနေနဲ့ လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်က ဖော်ပြတဲ့ နေရာတွေ မှာ ပတ်သက်တဲ့ တာဝန်ရှိ သူတွေကို အရေးယူမယ့် သဘောတွေ ရှိတယ်။ ဒီဟာနဲ့ ပတ်သက်လို့ အထောက်အထားရှိရင် တရားဥပဒေအရထိ ရောက်စွာ အရေး ယူမယ်လို့ ထုတ်ပြန်ထားတယ်။ အဲတာကြောင့် ဒီအစီရင်ခံစာမှ ပါတဲ့အကြောင်း အချက်အလက်တွေက အရင်တုန်းက အစီအရင်ခံစာထက် တိုးတက်တိကျတဲ့ နေရာဖော်ပြချက်တွေ ရှိတယ်လို့ မြင်ပါတယ် ။ တပ်မတော်ကလည်း ဒါတွေကို လက်ခံ စဉ်းစားမယ့် အနေအထား ရှိမယ်လို့မြင်တယ်”ဟု ပြောသည်။

နိုင်ငံတော်သမ္မတကလည်း ကော်မရှင်၏ အကြံပြုချက်အတိုင်း ရာဇဝတ်မှုဆိုင်ရာ စုံစမ်း၊ စစ်ဆေးမှုများ ဆက်လက် ပြုလုပ်သွားမည် ဖြစ်ပြီး အထောက်အထားများ ခိုင်လုံပါက တရားစွဲဆိုမှုများ ပြုလုပ်သွားရန် သဘောတူညီကြောင်း ဇန်နဝါရီ ၂၁ ရက်နေ့  ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။   

တပ်မတော်သားများ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲထားသည့် ရာဇဝတ်မှုများ အထူးသဖြင့် မင်းကြီးရွာနှင့် ချွတ်ပြင်ရွာ၊ မောင်နု ရွာတွင်  သတ်ဖြတ်မှုများနှင့်  စွန့်ခွာသွားသော  မွတ်ဆလင်များ၏ နေအိမ်များ မီးလောင်မှုများကို တားဆီးရန် ပျက်ကွက်ခဲ့ ခြင်းအပေါ် တပ်မတော်စစ် ဥပဒေရုံးအနေဖြင့် လက်ရှိ ဆောင်ရွက်ဆဲဖြစ်သော စုံစမ်းစစ်ဆေးမှုများနှင့် တရားစွဲမှုများကို တိုးချဲ့ ဆောင်ရွက်နိုင်စေရန်အလို့ဌာ နိုင်ငံတော်သမ္မမက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ကော်မရှင်၏ အစီရင်ခံစာ အပြည်အစုံနှင့် နောက်ဆက်တွဲများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ ပေးပို့ခဲ့ပြီ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

၂၀၁၇ ခုနှစ်၊ သြဂုတ်လက ဖြစ်ပွားခဲ့သော ARSA တိုက်ခိုက်မှုအပေါ် တပ်မတော်၏ တန်ပြန် နယ်မြေ ရှင်းလင်းမှုရေး စစ်ဆင်ရေးတွင် ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မွတ်ဆလင် ၇ သိန်းဝန်းကျင် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေး တိမ်း ရှောင် သွားခဲ့ရသလို လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ခဲ့သည်ဟု နိုင်ငံတကာက စွပ်စွဲထားသည်။

အဆိုပါ စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးရန်အတွက် မြန်မာအစိုးရက လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) ကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်တွင် ဖွဲ့စည်း ပေးခဲ့သည်။

အဆိုပါ ကော်မရှင်တွင် ဥက္ကဋ္ဌအဖြစ် ဖိလစ်ပိုင် ဒု - နိုင်ငံခြားရေးဝန်ကြီးဟောင်း  သံအမတ်ကြီး Rosario Manalo ၊ အဖွဲ့ ဝင်များအဖြစ် ဦးမြသိမ်း၊ သံအမတ်ကြီး  Kenzo Oshima   ၊ ဒေါက်တာ အောင်ထွန်းသက် အပါအဝင် စုစုပေါင်း ၄ ဦးဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။  

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly