ဧရာဝတီအသင်းနှင့် မကွေးအသင်းတို့ ပွဲကျန်အား ဧရာဝတီအိမ်ကွင်းတွင် ကစားမည်

ဧရာဝတီအသင်းနှင့် မကွေးအသင်းတို့ ပွဲကျန်အား ဧရာဝတီအိမ်ကွင်းတွင် ကစားမည်
ဗိုလ်ချုပ်အောင်ဆန်းဒိုင်း အပ်နှံရန် ရောက်ရှိလာသော ဧရာဝတီအသင်းအား ဒေသခံများမှ ဂုဏ်ပြု ကြိုဆိုကြစဉ်။ (ဓာတ်ပုံ - ဧရာဝတီယူနိုက်တက်)

အောက်တိုဘာ ၂၇၊ ရန်ကုန်။               ။ ၂၀၁၅ အူရီဒူးမြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁၅ ပွဲကျန် ပွဲစဉ်တစ်ပွဲဖြစ်သော ဧရာဝတီယူနိုက်တက်အသင်းနှင့် မကွေးအသင်း တို့ပွဲစဉ်ကို အောက်တိုဘာ ၂၈ ရက်၊ ဧရာဝတီအိမ်ကွင်းတွင် ဆက်လက်ကစားမည်ဖြစ်သည်။

ဧရာဝတီအသင်းနှင့် မကွေးအသင်းတို့၏ ပွဲစဉ် ၁၅ ကျင်းပချိန်တွင် မြန်မာနိုင်ငံ အနှံ့အပြား မိုးကြီး ရေလျှံမှုများ ဖြစ်ပေါ်နေ သောကြောင့် အဆိုပါပွဲစဉ်အား အောက်တိုဘာ ၂၈ ရက်သို့ ရွှေ့ဆိုင်းထားခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် မကွေးအသင်း က ပွဲစဉ် ၂၀ ပွဲကစားပြီးချိန်၌ ၁၀ ပွဲနိုင်၊ ရှစ်ပွဲ သရေ၊ နှစ်ပွဲ ရှုံး ရမှတ် ၃၈ မှတ်ဖြင့် အမှတ်ပေးဇယား အဆင့် ၃ နေရာတွင် ရပ်တည်နေသည်။

အိမ်ရှင်ဧရာဝတီအသင်းမှာလည်း ပွဲစဉ် ၂၀ ပွဲကစားပြီးချိန်တွင် ၁၀ ပွဲ နိုင်၊ လေးပွဲ သရေ၊ ခြောက်ပွဲ ရှုံး ရမှတ် ၃၄ မှတ်ဖြင့် အဆင့် ၅ နေရာတွင် ရပ်တည်နေသည်။

ဧရာဝတီအသင်းနှင့် မကွေးအသင်းတို့၏ ပထမအကျော့တွေ့ဆုံမှုတွင် အနိုင်၊ အရှုံး အဖြေပေါ်ခြင်းမရှိဘဲ တစ်ဖက် သုံးဂိုးစီ သရေကျခဲ့သည်။ ပွဲစဉ် ၂၀ တွင် ဧရာဝတီအသင်းသည် တန်းဆင်း ဇုန်မှ မနောမြေအသင်းကို ရှုံးနိမ့်ခဲ့သောကြောင့် အဆင့် ၄ နေရာမှ အဆင့် ၅ သို့ ဆင်းပေးခဲ့ရသည်။  

အဆင့် ၄ နေရာမှ ကမ္ဘောဇအသင်းသည် ရမှတ် ၃၅ မှတ်ဖြင့် ရပ်တည်နေခြင်းဖြစ်ပြီး ဧရာဝတီအသင်း ထက် ရမှတ် တစ်မှတ်ပိုနေသည်။ ဧရာဝတီအသင်းသည် ကမ္ဘောဇအသင်းထက် တစ်မှတ်လျော့နေသော်လည်း ဂိုးကွာခြားချက်မှာ ကမ္ဘောဇအသင်းထက် သုံးဂိုး အသာ ရရှိနေသည်။

ထို့ကြောင့် ပွဲစဉ် ၁၅ ပွဲကျန်တွင် ဧရာဝတီအသင်းက မကွေးအသင်းကို အနည်းဆုံး သရေတစ်မှတ် ရရှိပါက အဆင့် ၄ သို့ ပြန်လည်တက်ရောက်နိုင်မည်ဖြစ်သည်။ ၂၀၁၅ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ဖလားချန်ပီယံ ဧရာဝတီအသင်းသည် အောက်တိုဘာ ၂၆ ရက်က ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆုကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီး ချုပ်အား အပ်နှံခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly