အသက် ၁၄ နှစ်အောက် ဘောလုံးကစားသမား ၂၅ ဦးကို မြန်မာနေရှင်နယ်လိဂ်မှ ဂျပန်နိုင်ငံသို့ လေ့ကျင့်ရေးစေလွှတ်မည်

အသက် ၁၄ နှစ်အောက် ဘောလုံးကစားသမား ၂၅ ဦးကို မြန်မာနေရှင်နယ်လိဂ်မှ ဂျပန်နိုင်ငံသို့ လေ့ကျင့်ရေးစေလွှတ်မည်
ဓာတ်ပုံ - မြန်မာနေရှင်နယ်လိဂ်

ဇန်နဝါရီ ၂၁ ရက်။                 ။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်၊ MPT နှင့် Myanmar Care တို့ ပူးပေါင်းစီစဉ်သည့် MFF-MNL's Youth Development Program (Road to Japan 2020) ဘောလုံး ခြေစမ်း လေ့လာရေးခရီးစဉ်တွင် ပါဝင်သည့်  ကစားသမား (၂၅) ဦးကို ဧပြီလအကုန် သို့မဟုတ် မေလဆန်းအတွင်း ဂျပန်နိုင်ငံသို့ စေလွှတ်မည်ဟု သိရသည်။

“အဲဒီ၂၅ယောက်ကို ဂျပန်လေ့လာရေးခရီးစဉ်ကို ဒီနှစ်မတ်လ အကုန်ဒါမှ လွှတ်ဖို့ စီစဉ်စဉ်းစားထားတာပါ။ အခြေခံပညာကျောင်းတွေက ဘယ်တော့စာမေးပွဲပြီးမလဲဆိုတာ အခုချိန် အထိတိတိကျကျ မသိရသေးတာနဲ့ J-Leauge နဲ့ Football Trainning  Camp ရဲ့ အားလပ်မဲ့အချိန်နဲ့ ညှိနှိုင်းရပါတယ်။ လေကြောင်းလိုင်း ကိုလည်း ညှိလိုက်တော့ အားလုံးအဆင်ပြေမယ့်ရက်က ဧပြီလအကုန်သို့မဟုတ် မေလ ဆန်းလောက်မှာဖြစ်မယ် ကြာ မယ့်အချိန်က ၈ရက်၊၉ရက်ကနေ အများဆုံး ၁၂ ရက်လောက်ကြာမှပါ “ ဟု မြန်မာနေရှင်နယ်လိဂ်မှ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးစိုးမိုး က မဇ္ဈိမသတင်းဌာန ကိုပြောသည်။

အထက်ပါ ကစားသမားများမှာ ပြီးခဲ့သည့်နှစ်အတွင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်၊ MPT နှင့် Myanmar Care တို့မှ အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်းပြုလုပ်ခဲ့သည့် တိုင်းဒေသကြီးနှင့် ပြည်နယ် MPT အသက် ၁၄ နှစ်အောက် ဘောလုံးပြိုင်ပွဲနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် MFF 100 Plus Cup States and Regions (Boy's) လူငယ်ဘောလုံးပြိုင်ပွဲများမှ ထွက်ပေါ်လာခဲ့သည့် ကစားသမားများဖြစ်ကြသည်။

“ဂျပန်ဘောလုံးအဖွဲ့ချုပ်ရဲ့လေ့ကျင့်ရေးကွင်းမှာ ၅ရက်လောက် လေ့ကျင့်မယ်။ နီးစပ်တဲ့ J-Leauge ရဲ့ လူကလပ်အချို့ သို့မဟုတ် ဂျပန်နိုင်ငံဘောလုံးအဖွဲ့ချုပ်က စီစဉ်ပေးတဲ့ လူငယ်အသင်းအချို့နဲ့ ခြေစမ်းပွဲ ၁ပွဲသို့မဟုတ် ၂ပွဲ ကစားလို့ရအောင်စီစဉ်ပေးမှပါ “ ဟုတ် ဦးစိုးမိုးက ဆက်လက်ပြောသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်အနေဖြင့် ပြိုင်ပွဲများမှ ထွက်ပေါ်လာသည့် ကစားသမား ၇၅ ဦးကို ပြီးခဲ့သည့် ရက်ပိုင်းက ရန်ကုန်မြို့တွင် အုပ်စုပတ်လည် ခြေစမ်းပွဲတစ်ရပ်ကို ထပ်မံကျင်းပ ပြုလုပ်ပေး  ခဲ့ပြီးနောက် ဂျပန်ခရီးစဉ်အတွက် ဆန်ခါတင်(၂၅) ဦးကို စီစစ်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

ရွေးချယ်ရာတွင် ဂိုးသမား ၃ဦး ၊ နောက်တန်းကစားသမား ၈ဦး ၊ အလယ်တန်းကစားသမား ၇ ဦး ၊ ရှေ့တန်းကစားသမား ၈ ဦး တို့ကိုရွေးချယ်ခဲ့ကြောင်းသိရသည်။ မြန်မာနေရှင်နယ်လိဂ်အနေဖြင့် ယခုခရီးစဉ်အတွက် ကစားသမားများ နှင့် သက်ဆက်ဆိုင်ရာတာဝန်ရှိသူများ လိုက်ပါနိုင်ရန်အတွက် ကုန်ကျစရိတ် သိန်းရာချီ ကုန်ကျမည် ဟု ခန့်မှန်းထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly