အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို AA ပြန်လွှတ်

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို AA ပြန်လွှတ်
ဓာတ်ပုံ - အမျိုးသားလွှတ်တော်

ရန်ကုန်၊ ဇန်နဝါရီ ၂၁ရက် ။         ။ ရခိုင်လက်နက်ကိုင်အဖွဲ့(AA)က ဖမ်းဆီးထားသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို ဇန်နဝါရီလ ၂၁ ရက်တွင် ပြန်လည် လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း AA ဘက်က သတင်းထုတ်ပြန် လိုက်သည်။

အမျိုးသားပြန်လည် သင့်မြတ်ရေးကို လိုလားသည့်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) လွှတ်တော်အမတ် ခူမီးအမျိုးသား ဦးဝှေ့တင်းကို ပြန်လည် လွှတ်ပေးလိုက်ခြင်း ဖြစ်ကြောင်း AA ၏ သတင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဦးဝှေ့တင်း ယောက္ခမဖြစ်သူ ဦးအောင်ကြီးက “ ဒီနေ့မနက်ပဲဦးဝှေ့တင်းကိုသွားခေါ်နေပါပြီ။ နေရာအတိအကျ သွားခေါ် လည်း ဆိုတာကိုတော့ အဆက်အသွယ် မရသေးဘူး။ ပြန်လာနေကြပါပြီ။ ဦးဝှေ့တင်းလည်း ပြန်ပါလာတယ်လို့ပြောတယ်။ ခုချိန်ထိတော့ အိမ်ကိုတော့မရောက်သေးပါဘူး” ဟု ပြောသည်။

ဦးဝှေ့တင်းကို နိုဝင်ဘာလ ၃ ရက်က ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ ရခိုင်ပြည်နယ် ကျောက်တော်မြို့သို့ ကုလားတန် စီမံကိန်းပိုင် အမြန်ရေယာဉ်နှစ်စီးဖြင့် အသွားလမ်းတွင် AA က ဖမ်းဆီး ထိန်းသိမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဦးဝှေ့တင်းနှင့်အတူ ပွီပုန်းကျေးရွာမှာ ကျောင်းဆရာတစ်ဦးလည်း ပြန်လည် လွတ်မြောက် လာကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly