အီရတ်၌ ပြုပြင်ပြောင်းလဲရေး အကောင်အထည်ဖော်ရန် အစိုးရအား ပေးထားသည့် သတ်မှတ်ရက်စေ့၍ ဆန္ဒပြမှုများ ဖြစ်ပွား

အီရတ်၌ ပြုပြင်ပြောင်းလဲရေး အကောင်အထည်ဖော်ရန် အစိုးရအား ပေးထားသည့် သတ်မှတ်ရက်စေ့၍ ဆန္ဒပြမှုများ ဖြစ်ပွား

ဇန်နဝါရီ ၂၀ ။         ။ အီရတ်တွင် ရေရှည်စောင့်ဆိုင်းနေသော ပြုပြင်ပြောင်းလဲရေး အကောင်အထည်ဖော်ရန် အာဏာပိုင်များအား ပေးထားသည့် သတ်မှတ်ရက်  စေ့သွားပြီးဖြစ်သော ဇန်နဝါရီ ၂၀ ရက်တွင် နိုင်ငံတစ်ဝန်း လမ်းများကို ပိတ်ရန် ကြိုးစားကြရာမှ အစိုးရဆန့်ကျင်သော ဆန္ဒပြသူထောင်သောင်းများစွာနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိပ်တိုက်တွေ့မှုများ ဖြစ်ပွားသည်။

အောက်တိုဘာလမှ စတင်ကာ အီရတ်နိုင်ငံ၌ စုရုံးဆန္ဒပြမှုများ ဖြစ်ပွားပေါ်ပေါက်ခြင်း ဖြစ်သည်။ သို့သော ဒေသတွင်း အရှိန်မြင့်နေသော တင်းမာမှုများကြောင့် အာရုံပြောင်းပြီး ဆန္ဒပြမှု အရှိန်လျော့ကျသွားမည်ကို စိုးရိမ်လျက် ရှိသည်။

ထို့အတွက် ပြီးခဲ့သည့် ဇန်နဝါရီ ၁၃ ရက်၌ ဆန္ဒပြသူများက ၎င်းတို့၏ တောင်းဆိုချက်များအား လိုက်လျောရန်နှင့် သို့မဟုတ်ပါက ဆန္ဒပြမှုများ အရှိန်မြှင့်မည်ဟု အစိုးရအား သီတင်းတစ်ပတ် အချိန်ပေးခဲ့ခြင်း ဖြစ်သည်။
ဆန္ဒပြသူများက မဲပေးဥပဒေသစ်အရ ရွေးကောက်ပွဲ စောလျင်စွာ ကျင်းပရန်၊ လက်ရှိ ရာထူးစွန့်ထားပြီဖြစ်သော ဝန်ကြီးချုပ် အယ်ဒဲလ်အက်ဘ်ဒဲလ်မတ်ဒီ နေရာတွင် လွတ်လပ်သော ဝန်ကြီးချုပ် အစားထိုးရန်နှင့် အကျင့်ပျက်ခြစားသည့် တာဝန်ရှိသူအားလုံးကို အရေးယူရန်တို့ကို တောင်းဆိုကြခြင်း ဖြစ်သည်။

ဇန်နဝါရီ ၁၉ ရက် နှောင်းပိုင်းတွင် ဘဂ္ဂဒက်မြို့တော်နှင့် အီရတ်တောင်ပိုင်းတို့၌ လူငယ်ဆန္ဒပြသူများက အဝေးပြေးလမ်းများနှင့် တံတားများကို ပိတ်ဆို့ကာ ကားတာယာများကို မီးရှို့ခြင်း၊ ယာယီအရံအတားများ ကာရံတားဆီးထားခြင်းများကို လုပ်ဆောင်ခဲ့ကြသည်။

ယနေ့ အစောပိုင်း၌ ဘဂ္ဂဒက်မြို့တော်တွင် ၎င်းတို့က ထိုကဲ့သို့ ထပ်မံလုပ်ဆောင်လာသော်လည်း စစ်တပ်နှင့်အတူ လုံခြုံရေးတပ်ဖွဲ့ဝင်များက အလျင်အမြန် ဖြေရှင်းခဲ့ပြီး ဘဂ္ဂဒက် မိန်းလမ်းမကြီး ပြန်လည်ဖွင့်ထားပြီ ဖြစ်ကြောင်းနှင့် ပိတ်ဆို့ရန် ကြိုးစားသည့် လူငယ် ကိုးဦးကို ဖမ်းဆီးထားကြောင်း ပြောခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required