၂၀၀၈ အခြေခံဥပဒေကို ဖျက်သိမ်းပေးရန် ကျောင်းသားများ စုပေါင်းတောင်းဆိုမည်

၂၀၀၈ အခြေခံဥပဒေကို ဖျက်သိမ်းပေးရန် ကျောင်းသားများ စုပေါင်းတောင်းဆိုမည်

မန္တလေး၊ ဇန်နဝါရီ ၂၀၊ ၂၀၂၀ ။          ။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် သတ္တမအကြိမ်မြောက် ညီလာခံ(ကွန်ဂရက်) တွင် လက်ရှိ ဖြစ်ပေါ်နေသော ပြဿနာများအားဆွေးနွေးခဲ့ရာ ရင်းမြစ်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ကြောင်း အားလုံးက ဆုံးဖြတ်လိုက်ပြီး ဖျက်သိမ်းပေးရန် တောင်းဆိုသွားမည်ဖြစ်သည်။

ဇန်နဝါရီ ၁၆ရက်မှ ၁၉ရက်နေ့အထိ ရတနာပုံတက္ကသိုလ် ပြည်ထောင်စုခမ်းမတွင် ပြုလုပ်သော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် သတ္တမ အကြိမ် မြောက် ညီလာခံတွင် ကျောင်းသားများ အားလုံးသဘောတူညီ ကာ ယခုကဲ့သို့ တောင်းဆိုရန် စီစဉ်ခြင်းဖြစ်သည်။

`` လက်ရှိနိုင်ငံရေးပြဿနာအကုန်လုံးရဲ့ အရင်းအမြစ်က ၂၀၀၈ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေဖြစ်တယ်လို့ တက်ရောက်လာတဲ့ကျောင်းသားကိုယ်စားလှယ်တွေရော၊ တက်ရောက်သူအားလုံးကရောဆုံးဖြတ်လိုက်တယ်၊ ဒီမိုကရေစီနဲ့ မညီညွှတ်တဲ့ ၂၀၀၈ဖွဲ့စည်းပုံကို ဖျက်သိမ်းဖို့အထိ ကျွန်တော်တို့ကျောင်းသားတွေတောင်းဆိုသွား မှာဖြစ်တယ်၊ ဖွဲ့စည်းပုံဖျက်သိမ်းပြီးသွားရင် ဘယ်လိုမျိုးအစားထိုးမလဲဆိုတာကိုတော့ ကျွန်တော်တို့ နိုင်ငံရေး လေ့လာမှုတွေပြုလုပ်ရဦးမယ်၊ ဖျက်သိမ်းပြီးပြီးဆိုရင်တော့ ပြည်သူတွေရဲ့ ဆန္ဒအနဲ့ အညီရေးဆွဲထားတဲ့ ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက် နိုင်ရေး အတွက် အထောက်အပံ့ပေးနိုင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတခုကိုရေးဆွဲ ပေးဖို့တောင်းဆိုသွားမှာဖြစ်ပါတယ်” ဟု ဗမာနိုင်ငံလုံးဆိုင်ရာကျောင်သားသမဂ္ဂအဖွဲ့ချုပ်၊ အထွေထွေအတွင်းရေး မှူး ကိုထူးခန့်သော်က ပြောသည်။

အဆိုပါညီလာခံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအပြင် ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရန်အတွက် လက် နက်ချ ဆွေးနွေးရေးမူကို မကိုင်စွဲဘဲ ဆွေးနွေးရန်၊ ပြည်သူများကိုသာ အဓိကအားဖြင့် အထိနာစေသည့် ထိုးစစ် ဆင်နေမှုများကို ချက်ခြင်းရပ်တန့်ရန်နှင့် ပြည်တွင်းစစ်ရပ်စဲရေးကိစ္စရပ်များကို တာဝန်ရှိသူနှစ် ဖက်လုံးမှ အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ပေးရန်၊ မူပိုင်ခွပ်ဒေါင်းအလံကို ကျောင်သားမဟုတ်သည့်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီအားလုံး ခွပ်ဒေါင်းအောင်လံတော်ကို မူလပိုင်ရှင်ဖြစ်သည့် ကျောင်းသားများလက်သို့ အမြန်ဆုံးအပ်နှင်းရန်၊ ကျောင်းသား သမဂ္ဂမဟုတ်သည့်အ ဖွဲ့အစည်းများက အဖွဲ့ချုပ် တံဆိပ်အား လုံးဝအသုံးမပြုရန်နှင့် “အောင်ပွဲအဆက်ဆက်ခံဦးမည်” ဟူသော သီးချင်းအပါအဝင် အခြားကျောင်းသား ထု တိုက်ပွဲဝင်သီးချင်းများအား အလွဲသုံးစားမပြုရန် စသည့်အချက်တို့ကိုလည်း ထုတ်ပြန်ကြေညာခဲ့သည်။

“၂၀၀၈အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကဏ္ဍတွေကို လုပ်ဆောင်ဖို့ကြတော့ တထိုင်တည်း နဲ့လုပ်လို့မရဘူး၊ ဘာလုပ်ရမလဲဆိုတော့ ဗကသမျိုးဆက်ဟောင်းတွေရှိမယ် သူတို့ဆီက နည်းနာတွေယူရမယ်၊ ကျောင်းသားထုတွေ နှီးနှောမှုတွေလုပ်ရမယ်။ အဲဒီကနေ ဘယ်ဟာတွေက အမှားတွေလဲဆိုတာကို ကျွန်တော်တို့ ထောက်ပြရမယ်၊ ကျောင်းသားထု ပါလာအောင် ကျွန်တော်တို့က စည်းရုံးပြီးတော့ လုပ်ဆောင်သွားမှာဖြစ်ပါတယ်” ဟု အဆိုပါအဖွဲ့ချုပ်ဥက္ကဌ ကိုသက်မောင်မောင်ကပြောသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိစ္စ၊ ငြိမ်းချမ်းရေးကိစ္စ၊ အလံနှင့် သီးချင်းကိစ္စ ရပ်များအပြင် လက်ရှိဖြစ်ပေါ်နေသော အဝေးသင် ပညာရေး ကျောင်းတက်ကာလအား နှစ်သုတ်ခွဲ၍တက်ရောက်ရ မည့်ကိစ္စ၊ အခြေခံပညာသင်ကာလ တိုးမြှင့်ခြင်း ကိစ္စနှင့် မန္တလေးတက္ကသိုလ်တွင်ဖြစ်ပေါ်နေသော ကိစ္စရပ် များကိုလည်း ကျောင်းသားများဘက် က ဗကသက ကူညီပေးသွားမည်ဟု သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly