ချယ်လ်ဆီးအသင်းကို ဒဏ်ငွေချမှတ်ပြီး မော်ရင်ဟိုကို အက်ဖ်အေစွဲချက်တင်

ချယ်လ်ဆီးအသင်းကို ဒဏ်ငွေချမှတ်ပြီး မော်ရင်ဟိုကို အက်ဖ်အေစွဲချက်တင်

အောက်တိုဘာ ၂၇၊ လန်ဒန် ။            ။ ဝက်စ်ဟမ်းအသင်းကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်ပွဲစဉ်တွင် အဝါကတ်ခြောက်ကတ်အထိ ပြသခံခဲ့ရသည့်အတွက် ချယ်လ်ဆီးအသင်းကို အက်ဖ်အေက ဒဏ်ငွေ ပေါင် ၂ သောင်းခွဲ ပြစ်ဒဏ်ချမှတ်လိုက်သည်။

ထို့အပြင် ထိုပွဲစဉ်တွင် ချယ်လ်ဆီးနည်းပြ မော်ရင်ဟိုမှာ ပထမပိုင်းအပြီးတွင် စောဒကတက်ပြောဆိုမှုများပြုလုပ်ရန် ဒိုင်လူကြီးဂျွန်မို့စ်၏နားနေခန်းသို့ သွားရောက်ခဲ့သည့်အတွက် ဒုတိယပိုင်းတွင် ပွဲကြည့်စင်သို့ ပိုခံခဲ့ရသည်။

မော်ရင်ဟိုမှာ ဘောလုံးအဖွဲ့ချုပ်နှင့်တာဝန်ရှိသူများအပေါ် ကိုယ်အမူအရာ၊ နှုတ်အမူအရာအားဖြင့် မထီမဲ့မြင်ပြုလုပ်ခဲ့သည့်အတွက် အက်ဖ်အေက စွဲချက်တင်လိုက်သည်။

မော်ရင်ဟိုမှာ ပွဲအပြီးသတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့ခြင်းမရှိသည့်အတွက်လည်း ချယ်လ်ဆီးအသင်းက အက်ဖ်အေသို့ ဖြေရှင်းချက်ပေးရဦးမည် ဖြစ်သည်။

ဝက်စ်ဟမ်းကိုရှုံးခဲ့သည့်ပွဲတွင် ချယ်လ်ဆီးအသင်းဘက်မှ မာတစ်မှာ နှစ်ဝါ တစ်နီပြသခံခဲ့ရပြီး အက်စ်ပီလီကျူတာ၊ ဝီလျံ၊ ဖာဘရီဂက်စ်၊ မီခေးလ်နှင့် ဒီယေဂိုကော်စတာတို့မှာ အဝါကတ်ပြသခံခဲ့ရပြီး လက်ထောက်နည်းပြ ဆီဗီနိုလိုရိုမှာလည်း ကွင်းအတွင်းမှ ထုတ်ပယ်ခံခဲ့ရသည်။

ထိုကဲ့သို့ ပြစ်မှုပေါင်းများစွာ ကျူးလွန်ခဲ့သည့်အတွက် ချယ်လ်ဆီးအသင်းအနေဖြင့် ပြန်လည်စစ်ဆေးသုံးသပ်ရန် အက်ဖ်အေက ညွှန်ကြားထားသည်။

ချယ်လ်ဆီးအသင်းနှင့် ဝက်စ်ဟမ်းအသင်း တို့သည် ထိုပွဲစဉ်တွင် ကစားသမားများကို ထိန်းသိမ်းမှုအားနည်းသည့်အတွက် အက်ဖ်အေက နှစ်သင်းစလုံးကို စွဲချက်တင်ထားပြီး အောက်တိုဘာလ ၂၉ ရက်နေ့တွင် ပြန်လည်ဖြေရှင်းရမည် ဖြစ်သည်။

ယခုအချိန်တွင် အက်ဖ်အေမှာ ဒိုင်လူကြီး၏ အစီရင်ခံစာကိုစောင့်ဆိုင်းလျက်ရှိပြီး ထိုအစီရင်ခံစာပေါ်မူတည်၍ ထပ်တိုးပြစ်ဒဏ်များ ချမှတ်သွားဖွယ်လည်း ရှိနေသည်။

Ref ;  ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly