အစိုးရ၏ ဝယ်ယူခြင်းနှင့် ပုံသေပိုင်ပစ္စည်းများ ထုခွဲခြင်းဆိုင်ရာ ဥပဒေကြမ်း ခေါင်းစဉ်ပြင်ဆင်ရန်လိုဟုဆို

အစိုးရ၏ ဝယ်ယူခြင်းနှင့် ပုံသေပိုင်ပစ္စည်းများ ထုခွဲခြင်းဆိုင်ရာ ဥပဒေကြမ်း ခေါင်းစဉ်ပြင်ဆင်ရန်လိုဟုဆို
ဓာတ်ပုံ - ဖူးအိအိနွယ်

ဇန်နဝါရီ၊ ရန်ကုန်။          ။   အစိုးရ၏ ဝယ်ယူခြင်းနှင့် ပုံသေပိုင် ပစ္စည်းများ ထုခွဲခြင်းဆိုင်ရာ ဥပဒေကြမ်း ခေါင်းစဉ်တွင်“ပုံသေပိုင် ပစ္စည်းများ”ဟူသော စကားလုံးအစား တိကျသော စကားလုံးကို အစားထိုး ပြင်ဆင်သင့် ကြောင်း  ဥပဒေအကြံပေးတစ်ဦးဖြစ်သည့် ဦးသန်းထိုက် က အကြံပြုသည်။

ဥပဒေပါ စကားများကို အဓိပ္ပာယ်ဖွင့်ရာတွင် ဌာန လက်ဝယ်ရှိ ပစ္စည်းများ (သို့မဟုတ်) ပုံသေပိုင်ပစ္စည်းများ အစရှိသည် တို့ သည် နိုင်ငံပိုင် ပစ္စည်းများဖြစ်ကြောင်း အဓိပ္ပာယ် ဖွင့်ဆိုထားသည့်အတွက် နားလည်မှု ရှုပ်ထွေး စေသော “အစိုးရ၏ ဝယ် ယူခြင်းနှင့် ပုံသေပိုင် ပစ္စည်းများ ထုခွဲခြင်းဆိုင်ရာ ဥပဒေကြမ်း” အစား “အစိုးရ၏ ဝယ်ယူခြင်းနှင့် နိုင်ငံပိုင် ပစ္စည်းများ ထုခွဲ ခြင်းဆိုင်ရာ ဥပဒေကြမ်း” ဟု ပြင်ဆင်သင့်ကြောင်း ၎င်းက အကြံပြု ထားခြင်း ဖြစ်သည်။

ဦးသန်းထိုက်က “ အမြီးနဲ့ အမောက် နည်းနည်းတည့်အောင် ကျွန်တော် ပြောချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဥပဒေရဲ့ ခေါင်းစဉ်ကိုက ပုံသေပိုင် ပစ္စည်းဆိုတာက အောက်မှာတော့ အဓိပ္ပာယ်ဖွင့် ထားတယ်။ ဒါပေမယ့် ပြန်လည် သုံးသပ်သင့်တဲ့ အရာဖြစ်ပါ တယ်။ ဒီနေရာမှာ နိုင်ငံပိုင်ပစ္စည်းလား၊ ပြည်သူပိုင် ပစ္စည်းလား၊ အစိုးရပိုင်ပစ္စည်းလားဆိုတာ စနစ်တကျခွဲခြမ်း ပြီး ပြောစေချင်ပါတယ်။ ခေါင်းစဉ်က စပြီးတော့ ဖတ်တဲ့အခါမှာ ကျွန်တော့်အတွက်တော့ ဇဝေဇဝါဖြစ်ရတယ်။ နိုင်ငံပိုင် ပစ္စည်းဆိုသည်မှာ ဌာန လက်ဝယ်ပစ္စည်း၊ ပုံသေပိုင် ပစ္စည်းဆိုပြီး အဓိပ္ပာယ်ဖွင့်ထားတယ်။ အဲဒီတော့ အစိုးရ၏ ဝယ်ယူခြင်း နှင့် နိုင်ငံပိုင် ပစ္စည်းများ ထုခွဲခြင်းဆိုင်ရာ ဥပဒေကြမ်းဆိုပြီး ပြောလိုက်ရင် ပိုပြီး သင့်တော်ပါတယ်” ဟု ပြောသည်။

ပြည်ထောင်စုလွှတ်တော်တွင် ပြည်ထောင်စုဥပဒေကြမ်း ပူးပေါင်းကော်မတီမှ ဥပဒေကြမ်းအဖြစ် တင်သွင်းရန် ရှိနေသည့် အစိုးရ၏ ဝယ်ယူခြင်းနှင့် ပုံသေပိုင် ပစ္စည်းများ ထုခွဲခြင်းဆိုင်ရာ ဥပဒေမူကြမ်း၏ အားနည်းချက်၊ အားသာချက်များကို နယ်ပယ် အသီးသီးမှ ပညာရှင်များသည် ဇန်နဝါရီလ ၁၉ ရက်က Summit Park View Hotel တွင် ဆွေးနွေးပွဲပြုလုပ်ရာ၌ အကြံပြုခဲ့ ခြင်း ဖြစ်သည်။

လက်ရှိတွင် အစိုးရ၏ ပစ္စည်းဝယ်ယူမှု၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၏ အစိုးရပစ္စည်းဝယ်ယူမှုတွင် ၁/၂ဝ၁၇ ညွှန်ကြားချက်ဖြင့်သာ ဆောင်ရွက်နေပြီး သီးခြား ဥပဒေ မရှိသေးသောကြောင့် အဂတိလိုက်  စားမှု ဖြစ်ပေါ်စေ သည့် ဟာကွက်၊ အားနည်းချက်များလည်း ရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ ဦးတင့်လွင်က ပြောသည်။

“အရေးအကြီးဆုံး ယိုပေါက်ကြီးက ပြေစာတွေမှာ ကျွန်တော်တို့ ဘာမှ ထိန်းချုပ်မှု မလုပ်နိုင်ဘူး။ အဲကစပြီး မှားတာပဲ။ ဌာန တွေက ဆိုင်တွေနဲ့ ဖောက်သည် လုပ်ထားတယ်။ ဗလာလက်ခံစာတွေ ရေးပေးတယ်။ အချိန်မရွေး ဌာနက ကြိုက်တာ ဖြည့်လို့ ရတယ်၊ ဒါကို ဥပဒေအရ မထိန်းချုပ်နိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ အဲလိုထိုးပေးလို့ ဆိုင်ကို အရေးယူမှုမရှိဘူး၊ ဒါကို ထိထိရောက်ရောက် အရေးယူနိုင်မယ့် ဥပဒေလည်း မရှိဘူး။ ဒါမျိုးကို အခုဥပဒေမှာဖြစ်စေ၊ နည်းဥပဒေမှာ ဖြစ်စေ ထိထိရောက်ရောက် ပြဋ္ဌာန်းဖို့ လိုပါတယ်” ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံ၏ ဝယ်ယူမ ှုဥပဒေမူကြမ်းတွင် မလုံလောက်သော ပုံနှိပ်ဖြန့်ဝေမှု လိုအပ်ချက်များ၊ နည်းပါးသော ဝယ်ယူမှု တန်ဖိုးများအတွက် တင်ဒါ အပြိုင်အဆိုင် ခေါ်ဆိုခြင်းကို မလျော်ကန်စွာ ချွင်းချန်ခြင်း၊ ဥပဒေလိုအပ် ချက်များကို တိကျစွာ ဖော်ပြထားမှု ကင်းမဲ့ခြင်း၊ အမှီအခိုကင်းသည့် ယန္တရားအတွင်းရှိ ချို့ယွင်းချက်များနှင့် အများ ပါဝင်မှု ကင်းမဲ့ခြင်း စသည့် နိုင်ငံတကာစံချိန်၊ စံနှုန်းနှင့် မညီသော အချက်များလည်း ရှိနေသောကြောင့် ပြင်ဆင်နိုင်ရန် USAID နှင့် FHI- 360 တို့ ပူးတွဲ ရေးသား ထားသော အစီအရင်ခံစာတွင် အကြံပြုထားသည်။

အစိုးရ၏ ပစ္စည်းဝယ်ယူရာတွင် နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိစေရေး၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ အဖွဲ့ အစည်းများ၊ အစိုးရပစ္စည်း ဝယ်ယူမှု လုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် ပွင့်လင်း မြင်သာမှုရှိ စွာနှင့်ထိရောက်စွာ ဆောင် ရွက်နိုင်စေရန် အစိုးရ၏ ဝယ်ယူခြင်းနှင့် ပုံသေပိုင်ပစ္စည်းများ ထုခွဲခြင်းဆိုင်ရာ ဥပဒေမူကြမ်းကို ရေးဆွဲခဲ့ပြီး အတည် ပြုပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ယခုဆွေးနွေးပွဲမှ အကြံပြုချက်များကို ပြည်ထောင်စု ဥပဒေကြမ်း ပူးပေါင်း ကော်မတီကို ပေးပို့သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly