နေ့စဉ်အသားအရေထိန်းသိမ်းတဲ့အခါ မရှိမဖြစ် Moisturizer

နေ့စဉ်အသားအရေထိန်းသိမ်းတဲ့အခါ မရှိမဖြစ် Moisturizer

ရေးသားသူ Ye Myo Myat

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

အလှအပကို စိတ်ဝင်စားတဲ့ ကျားမ မရွေး Moisturizer နဲ့ပတ်သက်ပြီး သိသင့်သလောက်တော့ သိထားမယ်လို့ ထင်ပါတယ်။ Moisturizer လို့ခေါ်တဲ့ အစိုဓာတ်ထိန်းခရင်မ်ဆိုတာ ဒီဘက်ခေတ်မှာ ယောက်ျားလေးရော မိန်းကလေးတွေရဲ့ တစ်နေ့တာအတွက် မရှိမဖြစ် လိုအပ်တဲ့ အသားအရေထိန်းသိမ်းပစ္စည်းစာရင်းထဲမှာ ပါတယ်ဆိုတာကို သတိထားမိမှာပါ။
အစိုဓာတ်ထိန်းခရင်မ်ကို ဘာအတွက် သုံးပေးကြတာလဲ။

  1. • အသားအရေကို နေရောင်ကြောင့် ပျက်စီးမသွားစေဖို့
  2. • အသားအရေခြောက်ကပ်မသွားအောင် ကာကွယ်ပေးတယ်။
  3. • အစိုဓာတ်ဖြည့်တင်းပေးနိုင်တယ်။
  4. • ချွေးပေါက်အတွင်းထဲထိ စိမ့်ဝင်စေကာ အသားအရေကို အေးမြစေတယ်။
  5. • အရေပြားဆဲလ်အသစ် ထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်ပေးလို့ အသားအရေကို ဖြူစင်ဝင်းပလာစေတယ်။
  6. • အရေးအကြောင်းထင်တာကို လျော့နည်းစေပြီး အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေနိုင်ပါတယ်။

ဒါကြောင့်လည်း အစိုဓာတ်ထိန်းခရင်မ်ကို နေ့တိုင်းအသားအရေထိန်းသိမ်းတဲ့ နေရာမှာ အသုံးပြုကြတာဖြစ်ပါတယ်။ အချိန်လည်း မကုန်၊ ရေချိုးပြီးတာနဲ့ လက်ပေါ် လိုသလောက်ထည့်ပြီး မျက်နှာနဲ့ တခြားကိုယ်ခန္ဓာအရေပြားပေါ် လိမ်းပေးလိုက်ရုံနဲ့ ကိုယ့်အသားအရေကို ထိန်းသိမ်းပေးတယ်ဆိုတော့ အဆင်ပြေတာပေါ့။
ဒါဆို အစိုဓာတ်ထိန်းခရင်မ်ရဲ့ အာနိသင်အပြည့်အဝရအောင် ဘယ်လိုလိမ်းပေးသင့်လဲ။

၁။ Moisturizer ကို မျက်နှာသစ်ပြီးတဲ့အချိန်နဲ့ ရေချိုးပြီးတဲ့အချိန်မှာ လိမ်းပေးပါ။ ရေချိုးပြီးသွားရင် အရမ်းခြောက်အောင် မသုတ်ပစ်ဘဲ စိုစွတ်စွတ်လေး ဖြစ်အောင် ချန်ထားပေးပါ။

၂။ လိမ်းတဲ့အခါမှာ အရမ်းကြီးစေးကပ်နေတာမျိုး မဖြစ်စေဖို့ ပါးပါးလေးပဲ လိမ်းသင့်ပါတယ်။

၃။ အဓိကကတော့ မျက်နှာကို လိမ်းပေးသင့်ပြီး နေရောင်နဲ့ ထိတွေ့နိုင်တဲ့ လည်ပင်း၊ လက်ဖမိုး၊ လက်ဖဝါး၊ ခြေသလုံး၊ ရင်ဘတ်တွေကိုလည်း လိမ်းပေးသင့်ပါတယ်။ ကိုယ်က အသားခြောက်တဲ့သူဆိုရင် အဓိကခြောက်နေတဲ့နေရာ၊ အသားပပ်၊ အသားကွဲနေတဲ့နေရာတွေကိုလည်း လိမ်ပေးပါ။

၄။ မျက်နှာပေါ်မှာ အစိုဓာတ်ထိန်းခရင်မ် လိမ်းတဲ့အခါ အရေပြားကို ပွတ်ဆွဲတာမျိုး မလုပ်ဘဲ ချွေးပေါက်ထဲထိ စိမ့်ဝင်သွားအောင် လက်ဖဝါးနဲ့ ဖြည်းဖြည်းချင်း ပုတ်ပြီး အသုံးပြုသင့်ပါတယ်။

၅။ ကိုယ်ခန္ဓာကို လိမ်းတဲ့အခါမှာလည်း စက်ဝိုင်းပုံသဏ္ဍာန် ပွတ်လိမ်းပေးခြင်းဖြင့် အစိုဓာတ်ဖြည့်ပေးရုံသာမက သွေးလည်ပတ်မှုကိုပါ ကောင်းစေပါတယ်။

၆။ အပြင်ထွက်တော့မယ်ဆိုရင် အစိုဓာတ်ထိန်းခရင်မ် ပါးပါးတစ်ထပ် အရင်လိမ်းပေးပါ။ ပြီးသွားမှ နေလောင်ကာခရင်မ် (Sunscreen) နဲ့ မိတ်ကပ်တွေကို လိမ်းပေးရပါမယ်။

၇။ Moisturizer ဆိုတာ ဆောင်းရာသီလို အသားအရေခြောက်တတ်တဲ့ ကာလအတွက်ပဲ မဟုတ်ပါဘူး။ နွေ၊ မိုး၊ ဆောင်း ဥတု၃မျိုးလုံးမှာ နေ့တိုင်းသုံးပေးရမှာ ဖြစ်ပါတယ်။

၈။ အစိုဓာတ်ထိန်းခရင်မ်ကို ရွေးဝယ်တော့မယ်ဆိုရင် အရမ်းစေးကပ်မနေဘဲ လိမ်းလိုက်တာနဲ့ ချောချောလေးဖြစ်နေမယ့် ရေအခြေပြု (Water-based) ပစ္စည်းမျိုးကို ရွေးဝယ်ပါ။

၉။ မဝယ်ခင်မှာ အရင်ဆုံး ကိုယ့်အသားအရေနဲ့ ကိုက်ညီမှုရှိမရှိ၊ ဓာတ်တည့်မတည့်ဆိုတာကို လက်ဖမိုးပေါ် နည်းနည်းလိမ်းကြည့်ပြီး အဆင်ပြေပြီဆိုမှ ဝယ်ပါ။

ဒါဆို အစိုဓာတ်ထိန်းခရင်မ်နဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန်တွေ၊ အသားအရေထိန်းသိမ်းတဲ့ နေရာမှာ ဘယ်လိုအကျိုးပြုလဲဆိုတာနဲ့ ပတ်သက်ပြီး သိလောက်ပြီလို့ မျှော်လင့်ပါတယ်နော်။ အထူးသဖြင့် ခုလို ဆောင်းတွင်းအချိန်မှာ အစိုဓာတ်ထိန်းခရင်မ်ဟာ ကိုယ့်ရဲ့အိတ်ထဲမှာ သွားလေရာဆောင်သွားနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ကမ်းခြေမှာ နေလောင်ပြီး ပြန်လာတဲ့အခါမှာလည်း ပျက်စီးသွားတဲ့ အသားအရေကို ပြန်လည်ကုစားပေးဖို့ အစိုဓာတ်ထိန်းခရင်မ်ကို ရေချိုးပြီးတိုင်း လိမ်းပေးဖို့ မမေ့နဲ့ဦးနော်။

အားလုံးပဲ ပျော်ရွှင်စရာ ဆောင်းရာသီအချိန်လေးမှာ အသားအရေလေးစိုစိုပြေပြေနဲ့ မြင်သူငေးရလောက်တဲ့ အလှအပမျိုး ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly