မြန်မာ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို လက်နက်ထောက်ပံ့ပေးခြင်းမရှိဟု တရုတ်သမ္မတ ရှီကျင့်ဖျင်ပြော

မြန်မာ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို လက်နက်ထောက်ပံ့ပေးခြင်းမရှိဟု တရုတ်သမ္မတ ရှီကျင့်ဖျင်ပြော
PHOTO- တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၈ ။        ။ မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသို့ တရုတ်နိုင်ငံမှနေ၍ လက်နက်ထောက်ပံ့နေခြင်းမျိုး လုံးမရှိဟု သမ္မတရှီကျင့်ဖျင်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးမှုတွင် ထည့်သွင်း ပြောဆိုသည်ဟု ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင်ရောက်ရှိနေသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတရှီသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇန်နဝါရီ ၁၈ ရက်နံနက်ပိုင်း နေပြည်တော်ရှိ Horizon Lake View Resort Hotel ဧည့်ခန်းမဆောင်၌တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

“အများက စွပ်စွဲပြောကြားနေသလို မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့အစည်းများကို လက်နက်၊ ခဲယမ်းများ ထောက်ပံ့ပေးနေခြင်း လုံးဝမရှိကြောင်း၊ အခြားနည်းလမ်းများနှင့် ရရှိနိုင်သည် ဖြစ်၍ မိမိတို့ကလည်း သေချာစွာစိစစ် ဖြေရှင်းပေး သွား မည် ဖြစ်ကြောင်း” သမ္မတရှီကပြောဆိုခဲ့သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှထုတ်ပြန်ချက်တွင် ပါရှိသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေး အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက “ အခြားနိုင်ငံများရဲ့ ပြည်တွင်းရေး ဝင်ရောက်စွပ်ဖက်ခြင်းကို တရုတ်နိုင်ငံအနေဖြင့် လက်မခံတဲ့ အကြောင်း၊ ဆွေမျိုး ပေါက်ဖော်ဆက်ဆံရေးထိန်းသိမ်းဖို့အတွက် မိုင်ပေါင်း ၂၀၀၀ ကျော်နယ်နိမိတ်ချင်းထိစပ်နေတဲ့ နယ်စပ် ဒေသဆိုင် ရာပူးပေါင်းမှုကို တိုးမြင့်ရေးအရေးကြီးတဲ့အကြောင်း ပြောခဲ့ပါတယ်” ဟု မဇ္စျိမသို့ ပြောသည်။

ဆွေးနွေးပွဲတွင် တပ်ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ နိုင်ငံတစ်နိုင်ငံ တည်ငြိမ် အေးချမ်းရန်နှင့် ဥပဒေနှင့်အညီဖြစ်ရန်အတွက် အစိုးရ၏ ထိန်းကျောင်းမှုသည်များစွာအရေးပါပြီး မိမိတို့နိုင်ငံတွင်လည်း တည်ငြိမ် အေးချမ်းရေးအတွက် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက် လျက်ရှိ ပါကြောင်း၊ ငြိမ်းချမ်း ရေးရရှိရန် ဆောင်ရွက် နေသော်လည်း တိုင်းပြည်တိုးတက်မှုမရှိပါက ပြည်သူများက ယုံကြည်နိုင်ရန် ခဲယဉ်းမည်ဖြစ်ပါကြောင်း” ပြောဆိုခဲ့သည်ဟု ဆိုသည်။

ထို့အပြင် လက်ရှိဂမ်ဘီယာနိုင်ငံ၏တရားစွဲဆိုမှုကို ခံထားရသည့်မြန်မာနိုင်ငံအတွက် နိုင်ငံတကာ နယ်ပယ်တွင် မြန်မာနိုင်ငံ ဘက်မှ ဆက်လက်ရပ်တည် ထောက်ခံပေး သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားကြောင်းလည်း သိရသည်။

 တရုတ်-မြန်မာနယ်စပ် အနီး လှုပ်ရှားလျက်ရှိသော မြောက်ပိုင်းအဖွဲ့ဝင် တစ်ဖွဲ့ဖြစ်သည့် တအန်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်(TNLA)ပိုင် စစ်လက်နက်ပစ္စည်း အမြောက်အမြားကို ၂၀၁၉ ခုနှစ်နှောင်း ပိုင်းက တပ်မတော်မှ သိမ်း ဆည်း ရမိခဲ့ရာ တရုတ်နိုင်ငံထုတ် စစ်လက်နက်ပစ္စည်းများ ပါဝင်ခဲ့သည်။

အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်၍ တရုတ်နိုင်ငံမှ မြောက်ပိုင်းအဖွဲ့တချို့ကို လက်နက် ထောက်ပံ့ပေးသည် ဆို သော ဝေန်မှုများ ထွက်ပေါ်လာခဲ့သည်။

သို့သော် တရုတ်နိုင်ငံမှ ထောက်ပံ့သည်ဆိုသော သက်သေ တိတိ ကျကျ မရှိကြောင်း တပ်မတော် ဘက်မှ မဇ္ဈိမသို့ ဖြေဆိုဖူးသည်။

စစ်ရေး အကဲခတ်များကတော့ မြောက်ပိုင်းမဟာမိတ်သည် တရုတ်၏သြဇာလွှမ်းမိုးမှုရှိပြီး လက်နက်များသည် ၀ အဖွဲ့မှတစ်ဆင့် ရလာခဲ့ခြင်းဖြစ်သည်ဟု ပြောဆိုကြသည်။

တရုတ်သမ္မတ၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မြန်မာပြည် မြောက်ပိုင်းတွင် အခြေချသည့် လက်နက်ကိုင်များနှင့် တပ်မတော်တို့ကြားက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အခက်အခဲဖြစ်နေသော ပြဿနာများကို ဖြေရှင်းနိုင်မည့် နည်းလမ်း ရှာတွေ့ရန် မျှော်လင့်ကြောင်း "ဝ" အဖွဲ့ မှ ဇန်နဝါရီ ၁၅ ရက်က ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံသည် မြန်မာ့ငြိမ်းချမ်းရေး အပြင် မြောက်ပိုင်းအဖွဲ့များနှင့် အပစ်အခတ် ရပ်စဲနိုင်ရေး လုပ်ငန်းစဉ်များတွင် အရေးပါသည့် ကဏ္ဍမှာ ပါဝင် ပတ်သက်နေသည့် သဘောလည်း ဖြစ်သည်။

သမ္မတ ရှီကျင့်ဖျင်သည် ၂၀၀၉ ခုနှစ်က ဒုတိယသမ္မတအဖြစ် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ဖူးသည်။ ယခု ဇန်နဝါရီ ၁၇ ရက်တွင် လာရောက်မည့် မြန်မာပြည် ခရီးစဉ်သည် မြန်မာ-တရုတ် ဆက်ဆံရေး နှစ် (၇၀) ပြည့် ၎င်း၏ သမ္မတ သက်တမ်းတွင် ပထမဆုံးအကြိမ် လာရောက်ခဲ့သည့် ခရီးစဉ်လည်း ဖြစ်သည်။

သို့သော်လည်း သမ္မတ ရှီကျင့်ဖျင်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့သည် ယခုတွေ့ဆုံ မှုပါဝင်ပါ တွေ့ဆုံမှု စုစုပေါင်း ၆ ကြိမ်တိတိရှိခဲ့ပြီလည်းဖြစ်သည်။

Chinese President denies supplying arms to ethnic armed groups

http://mizzima.com/article/chinese-president-denies-supplying-arms-ethnic-armed-groups

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required