ကျောက်ဖြူနှင့် ရန်ကုန်ဖွံ့ဖြိုးရေး စီမံကိန်းများအပါအဝင် တရုတ်-မြန်မာ သဘောတူ စာချွန်လွှာ ၃၃ခုရေးထိုး

ကျောက်ဖြူနှင့် ရန်ကုန်ဖွံ့ဖြိုးရေး စီမံကိန်းများအပါအဝင် တရုတ်-မြန်မာ သဘောတူ စာချွန်လွှာ ၃၃ခုရေးထိုး
Photo - EPA

နေပြည်တော်၊ ဇန်နဝါရီ၁၈၊၂၀၂၀ ။              ။ တရုတ်သမ္မတ ရှီကျင့်ဖျင်၏ မြန်မာနိုင်ငံအလည်အပတ်ခရီးစဉ်တွင် ကျောက်ဖြူရေနက်စီမံကိန်းနှင့် ရန်ကုန်မြို့ဖွံ့ဖြိုးရေး စီမံကိန်း အပါအဝင် သဘောတူ စာချွန်လွှာ ၃၃ခုရေးထိုးခဲ့သည်။

အဆိုပါ သဘောတူစာချွန်လွှာ ၃၃ခုတွင် ကျောက်ဖြူရေနက်စီမံကိန်းနှင့် ရန်ကုန်မြို့တော်အတွက် မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းသစ်ကဲ့သို့သော စီမံကိန်းကြီးများနှင့် မန္တလေးမူဆယ် အမြန်လမ်း၊ ကျောက်ဖြူ-နေပြည်တော် အဝေးပြေးလမ်းစီမံကိန်းများလည်း ပါဝင်သလို ရဲတပ်ဖွဲ့ကို ပေးသည့် အထောက်အပံ့များနှင့် လူစီးရထားတွဲများ ဝယ်ယူရန် အတိုးမဲ့ချေးငွေများချေးမည့် အစီအစဉ်များလည်း ပါဝင်သည်။

သဘောတူစာချွှန်လွှာများတွင် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက် ဆိပ်ကမ်း စီမံကိန်းဆိုင်ရာ သဘောတူစာချုပ်နှင့် အစုရှယ်ယာများနှင့် သက်ဆိုင်သော သဘောတူ စာချုပ် အပါအဝင် သဘောတူစာချုပ်ချုပ်ဆိုမှု ရှစ်ချက်တွေ့ရပြီး ဆန်တင်ပို့မှု ကျွဲနွားအရှင်တင်ပို့မှု၊ပိုးအိမ်ခြောက် တင်ပို့မှုနှင့် ရထားတွဲများဝယ်ယူရန် ချေးငွေရယူမှုများကို တွေ့ရသည်။ အခြားသော အချက်များမှာ နားလည်မှုစာချွှန်လွှာများ လေ့လာဆန်းစစ်မှု လုပ်ဆောင်ရန် သဘောတူညီမှုများကို တွေ့ရသည်။ အထူးသဖြင့် ရန်ကုန်နှင့် ပတ်သက်သည့် ရန်ကုန်မြို့တော်အတွက် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းသစ်စာလွှာနှင့် ရန်ကုန်မြစ်ဝအနောက်ဘက်ကမ်း ထိန်းသိမ်းရေး စီမံကိန်း ဖြစ်နိုင်ခြေ လေ့လာမှုဆိုင်ရာ နားလည်မှု စာချွှန်လွှာတို့ ပါဝင်သည်ကို တွေ့ရသည်။

တရုတ်သမ္မတခရီးစဉ်မတိုင်မီက တာဝန်ရှိသူများ၏ ထုတ်ဖော် ပြောဆိုမှု များတွင် တစ်ရှူးငှက်ပျောနှင့် ရေထွက်ကုန်ပစ္စည်းများ တင်ပို့မှု ကိစ္စများအတွက် သဘောတူလက်မှတ်ရေးထိုးမှုများတွင် ပါဝင်ခြင်း မရှိကြောင်း တွေ့ရသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ဆက်စပ်သည့် ကချင်ပြည်နယ်မှ နေရပ်စွန့်ခွာ များ အတွက် ပြန်လည် နေရာ ချထားရေး စီမံကိန်း ဖြစ်နိုင်ခြေ လေ့လာမှု ဆိုင်ရာ စာလွှာ သဘောတူညီချက်ပါဝင်လာသည်ကို တွေ့ရပြီး နယ်စပ် ကုန်သွယ်ရေး အတွက် အရေးပါသည့် ကွမ်းလုံတံတားစီမံကိန်းနှင့် ရွှေလီ-မူဆယ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် ဖော်ဆောင်ရေး သဘောတူချက်များ ပါဝင်လာသည်။

မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသည့် အခက်အခဲများထဲမှ အရေးကြီး လိုအပ်ချက်ဖြစ်သည့် လျှပ်စစ်မီးအလုံအလောက် ရရှိရေးအတွက် တရုတ်နိုင်ငံမှ လျှပ်စစ်ဝယ်ယူနိုင်ရန်အတွက် အရေးပါသည့် နယ်စပ်ဖြတ် ကျော် ဓာတ်အားလိုင်းစီမံကိန်း ဖြစ်နိုင်ခြေလေ့လာမှု ဆိုင်ရာ နားလည်မှု စာချွှန်လွှာနှင့် မီးလင်းချိုင် သဘာဝဓာတ်ငွေ့မှ လျှပ်စစ်ဓာတ်အား ထုတ်မှုဆိုင်ရာ စာလွှာများ ရေးထိုးခဲ့ကြသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ကို မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန် နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ဖိတ်ခေါ်ခဲ့သဖြင့် နှစ်ရက်တာ ခရီးစဉ်အဖြစ် ၂၀၂၀ဇန်နဝါရီ ၁၇ ရက်နေ့က ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ သမ္မတရှီကျင့်ဖျင်သည် ဒုသမ္မတအဖြစ် တာဝန်ထမ်းဆောင်စဉ် ၂၀၀၉ ခုနှစ်ကလည်း မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး မြစ်ဆုံစီမံကိန်းအပါအဝင် စီမံကိန်းကြီးများကို လက်မှတ်ထိုးခဲ့သေးသည်။ ယခုခရီးစဉ်တွင် မြစ်ဆုံ စီမံကိန်းနှင့် ပတ်သက်ပြီး ဆွေးနွေးခြင်း ရှိမရှိကို တရားဝင် ထုတ်ဖော် ပြောမှုကို မတွေ့ရပေ။

တရုတ်-မြန်မာ သဘောတူစာချွှန်လွှာ ၃၃ခုမှာ အောက်ပါအတိုင်း ဖြစ်သည်။

၁- ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းဆိုင်ရာ သဘောတူစာချုပ်နှင့် အစုရှယ်ယာများနှင့် သက်ဆိုင်သော သဘောတူ စာချုပ်

၂- မူဆယ်-မန္တလေးရထားလမ်း ဖြစ်နိုင်ခြေလေ့လာမှု အစီရင်ခံစာ လွှဲပြောင်းပေးအပ်ခြင်း စာလွှာ

၃- မန္တလေး-ထီးချိုင့် -မူဆယ် အမြန်လမ်းမကြီးနှင့် ကျောက်ဖြူ-နေပြည်တော် အဝေးပြေးလမ်းစီမံကိန်းကြီး ဖြစ်နိုင်ခြေ လေ့လာမှု အစီရင်ခံစာ လွှဲပြောင်းပေးအပ်ခြင်း စာလွှာ

၄- ရန်ကုန်မြို့တော်အတွက် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းသစ်စာလွှာ

၅- ရန်ကုန်မြစ်ဝအနောက်ဘက်ကမ်း ထိန်းသိမ်းရေးစီမံကိန်း ဖြစ်နိုင်ခြေ လေ့လာမှုဆိုင်ရာ နားလည်မှု စာချွှန်လွှာ

၆- မန္တလေး-ပုဂံရထားလမ်းစီမံကိန်း ဖြစ်နိုင်ခြေလေ့လာမှု နားလည်မှုစာချွှန်လွှာ

၇- မီးလင်းချိုင် သဘာဝဓာတ်ငွေ့မှ လျှပ်စစ်ဓာတ်အား ထုတ်မှုဆိုင်ရာ စာလွှာ

၈- တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းစီမံကိန်း ဖြစ်နိုင်ခြေလေ့လာမှု ဆိုင်ရာ နားလည်မှုစာချွှန်လွှာ

၉- ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာသူများအား ပြန်လည် နေရာ ချထားရေး စီမံကိန်း ဖြစ်နိုင်ခြေလေ့လာမှုဆိုင်ရာ စာလွှာ

၁၀- ရွှေလီ-မူဆယ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် မူဘောင်သဘောတူစာချုပ် လုပ်ငန်းစဉ်များ လျှင်မြန်တိုးတက်စေရေး နားလည်မှုစာချွှန်လွှာ

၁၁- အတိုးမဲ့ချေးငွေဖြင့် လူစီးရထားတွဲများ ဝယ်ယူရေးသဘောတူစာချုပ်

၁၂- ကွမ်းလုံတံတားစီမံကိန်းအကောင်အထည်ဖော်မှုဆိုင်ရာ သဘောတူညီချက်

၁၃- “၀” တစ်လုံး ဥမင်လှိုဏ်ခေါင်းစီမံကိန်း ဖြစ်နိုင်ခြေလေ့လာမှု ဆိုင်ရာ နားလည်မှု စာချွှန်လွှာ

၁၄- သုံးနှစ်တာနယ်စပ်ဒေသများဖွံ့ဖြိုးမှုစီမံကိန်း ဖြစ်နိုင်ချေ လေ့လာမှု ဆိုင်ရာ လဲလှယ်မှုစာချွှန်လွှာ

၁၅- မြန်မာနိုင်ငံမှဆန်ကို တရုတ်နိုင်ငံသို့တင်ပို့ရန်စစ်ဆေးခြင်းနှင့် ပိုးမွှားကင်းစင်ရေး သဘောတူစာချုပ်

၁၆- မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့မည့် ကျွဲနွားများအတွက် ထိန်းသိမ်းစောင့်ကြည့်ရေးနှင့် ကျန်းမာရေးလိုအပ်ချက်ဆိုင်ရာ သဘောတူညီချက်

၁၇- မြန်မာနိုင်ငံမှ အပူပေးစနစ်ဖြင့်ပြုပြင်ထုတ်လုပ်ထားသော ပိုးအိမ်ခြောက်များ တင်ပို့ခြင်းဆိုင်ရာ သဘောတူစာချုပ်

၁၈- စိုက်ပျိုးရေးထွက်ကုန်များ၏ အရည်အသွေးထိန်းချုပ်မှု ဗဟိုဌာန စီမံကိန်းဆိုင်ရာစာလွှာ

၁၉- စပ်မျိုးစပါးသုတေသနဗဟိုဌာနစီမံကိန်းဆိုင်ရာ စာလွှာ

၂၀- ကုန်သွယ်မှုမြှင့်တင်ရေး လုပ်ငန်းအဖွဲ့တည်ထောင်ခြင်းဆိုင်ရာ နားလည်မှုစာချွှန်လွှာ

၂၁- မန္တလေးတိုင်းဒေသကြီးနှင့် ယူနန်ပြည်နယ်အကြား မြန်မာ့စီးပွားရေး စင်္ကြန်ပူးတွဲတည်ထောင်ရေးမူဘောင်အောက်မှ ဒေသန္တရအဆင့် ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွှန်လွှာ

၂၂- အမှတ်၂ စက်မှုသင်တန်းကျောင်း (မန္တလေး) အဆင့်မြှင့်တင်ရေး စီမံကိန်း အကောင်အထည်ဖော်မှုဆိုင်ရာ သဘောတူညီချက်

၂၃- အခြေခံအဆောက်အဦး ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်းဆိုင်ရာ နားလည်မှုစာချွှန်လွှာ

၂၄- ကုန်ထုတ်စွမ်းအားနှင့် ရင်းနှီးမြှတ်နှံမှု ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ နားလည်မှုစာချွှန်လွှာ

၂၅- လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွှန်လွှာ

၂၆- နိုင်ငံခြားရေး ဝန်ကြီးဌာနများကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ခြင်း ဆိုင်ရာ နားလည်မှုစာချွှန်လွှာ

၂၇- နှစ်နိုင်ငံသံရုံးမြေနှင့် အဆေက်အအုံ အပြန်အလှန် ထောက်ပံ့ခြင်း ဆိုင်ရာသဘောတူညီချက်

၂၈- ရန်ကုန်ရဲကွပ်ကဲမှု ဗဟိုဌာနအား လွှဲပြောင်းခြင်းစာချွှန်လွှာ

၂၉- မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ကင်းလှည့်ရေယာဉ် ခြောက်စီးပေးအပ်ရေး နားလည်မှု စာချွှန်လွှာ

၃၀- နှစ်နိုင်ငံဘောလုံးအဖွဲ့ချုပ်များ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွှန်လွှာ

၃၁- ရန်ကုန်တိုင်းဒေသကြီးနှင့် ယူနန်ပြည်နယ်တို့အကြား ချစ်ကြည်ရေး ဆက်ဆံမှု တည်ထောင်ရေးဆိုင်ရာ နားလည်မှုစာချွှန်လွှာ

၃၂- တရုတ်အမျိုးသား ရုပ်မြင်သံကြား အသံလွှင့်ဌာနနှင့် မြန်မာ ပြန်ကြားရေး ဝန်ကြီးဌာနတို့ကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်

၃၃- ၂၀၂၀ လျန်ချန်း-မဲခေါင် ရုပ်မြင်သံကြားသီတင်းပတ်၏ မြန်မာနေ့ ပူးတွဲကျင်းပရေးဆိုင်ရာ နားလည်မှုစာချွှန်လွှာ

China inks deal with Myanmar on 33 MoUs including Kyaukphyu and Yangon development projects

http://mizzima.com/article/china-inks-deal-myanmar-33-mous-including-kyaukphyu-and-yangon-development-projects

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly