လာမယ့်ရာသီကျရင် မန်ချက်စတာစီးတီးနဲ့ ‘၁၀၀ ရာခိုင်နှုန်း’ ဆက်ရှိသွားမယ် - ဂွာဒီယိုလာ

လာမယ့်ရာသီကျရင် မန်ချက်စတာစီးတီးနဲ့ ‘၁၀၀ ရာခိုင်နှုန်း’ ဆက်ရှိသွားမယ် - ဂွာဒီယိုလာ
Photo: EPA

ပက်ဂွာဒီယိုလာက သူဟာ လာမယ့် ရာသီကျရင် မန်ချက်စတာစီးတီးအသင်း နည်းပြအဖြစ် "၁၀၀ ရာခိုင်နှုန်း" ဆက်ရှိသွားမယ်လို့ ပြောဆိုလိုက်ပါတယ်။

စံချိန်တင်ရမှတ်တွေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို နှစ်နှစ်ဆက်တိုက် ဆွတ်ခူးနိုင်ခဲ့ပြီးနောက်မှာ စီးတီးဟာ ဒီရာသီမှာ စွမ်းဆောင်ရည်ကောင်းတွေ ဆက်တိုက်ပြသနေတဲ့ ဦးဆောင်သူ လီဗာပူးလ်ရဲ့နောက် ဒုတိယနေရာနဲ့ အဆုံးသတ်ဖို့ သေချာသလောက်ရှိနေပါတယ်။

ဒီအခြေအနေတွေကြောင့် ဂွာဒီယိုလာတစ်ယောက် အီတီဟတ်ကို စွန့်ခွာတော့မယ်ဆိုတဲ့ ကောလဟာလတွေ ထွက်ပေါ်လျက်ရှိတတာပါ။

ဒါပေမယ့် ခရစ္စတယ်ပဲလေ့စ်နဲ့ စနေနေ့ရဲ့ အိမ်ကွင်းပွဲစဉ်မတိုင်မီ ပြောကြားရာမှာ ဂွာဒီယိုလာက "သူတို့ (ကလပ်)ကသာ ကျနော့်ကို မထုတ်ရင် ကျနော် ဒီမှာ ၁၀၀ ရာခိုင်နှုန်း ဆက်ရှိသွားပါမယ်။"လို့ ပြောပါတယ်။

မန်ချက်စတာယူနိုက်တက်ကို (၃-၁) ဂိုးနဲ့ အနိုင်ရတဲ့ ကာရာဘောင်ဖလား ဆီးမီးဖိုင်နယ်ပထမအကျော့မတိုင်ခင် စီးတီးတို့ဟာ ပရီးမီးယားလိဂ်မှာ တတိယနေရာမှာ ရှိနေပြီး အက်စတွန်ဗီလာကို (၆-၁)ဂိုးပြတ်နဲ့ အနိုင်ယူပြီးနောက်မှာတော့ လက်စတာအသင်းရဲ့အထက်ကို ပြန်လည်ရောက်ရှိသွားပါတယ်။

"ကျနော်တို့ နောက်ဆုံး (၂)ပွဲ အနိုင်ရလို့ ကျနော် ဒီစကားမျိုးပြောတာ မဟုတ်ပါဘူး။"လို့ ဂွာဒီယိုလာက ဆက်ပြောခဲ့ပါတယ်။ " တကယ်လို့ ရလဒ်တွေ ဆိုးခဲ့ရင်တောင် ကျနော် ဘယ်နေရာကိုမှ သွားမှာ မဟုတ်ပါဘူး။"

"ဘယ်မန်နေဂျာရယ်မှ တစ်ချိန်လုံး အနိုင်ရနေတယ်ဆိုတာ မရှိပါဘူး။ ဒီကစားသမားတွေနဲ့ အလုပ်လုပ်ရတာ ပျော်ရွှင်ပါတယ်။ ကျနော်တို့ ပွဲတစ်ချို့ကို ရှုံးနိမ့်ခဲ့ပြီး ဒါဟာ ရိုးစင်းပါတယ်။ ကျနော်တို့ ပိုကောင်းအောင် လုပ်နိုင်တာကို လုပ်ဖို့ပဲ လိုအပ်တာပါ။"

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly