ကော်ဖီတစ်နေ့ ၄ ခွက်သောက်ရင် အဆီကျတယ်ဆိုသော်ငြား

ကော်ဖီတစ်နေ့ ၄ ခွက်သောက်ရင် အဆီကျတယ်ဆိုသော်ငြား

ရေးသားသူ Ye Zon Aung

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

သင်က ဒီနှစ်မှာ ကိုယ်အလေးချိန်လျှော့ချဖို့ ရည်မှန်းထားတယ်ဆိုပါစို့။ ဒါပေမယ့် သင်ကိုယ်တိုင်ကလည်း ကော်ဖီဂျိုးလို့ နာမည်ပြောင်ထွက်လောက်အောင် ကော်ဖီကို နှစ်သက်သူဖြစ်နေမယ်ဆိုရင် … သင့်ရဲ့ ဝိတ်ချတဲ့ လုပ်ငန်းစဉ်ကို ကော်ဖီက နှောင့်ယှက်နိုင်ပါသလား။ အဖြေက Yes ရယ် No ရယ် နှစ်မျိုးထွက်နိုင်ပါတယ်။ သင်လိုချင်တဲ့ အဖြေကို ချင့်ချိန်ယူပေါ့။

သုတေသန ရလဒ်အသစ်တွေအရ တစ်နေ့ကို ကော်ဖီ ၄ ခွက် သောက်သုံးတာဟာ ကိုယ်အလေးချိန် လျှော့ချတဲ့ လုပ်ငန်းစဉ်တွေကို အထောက်အကူဖြစ်ပါတယ်တဲ့။ အဝလွန်နေတဲ့ အမျိုးသားနဲ့ အမျိုးသမီး ၁၂၆ ဦးကို တစ်နေ့ ကော်ဖီ ၄ ခွက်နဲ့ သောက်သုံးစေပြီး စမ်းသပ်ကြည့်တဲ့အခါမှာ ၆ လ အတွင်း ကိုယ်အလေးချိန် သိသိသာသာကျဆင်းသွားတာကို တွေ့ခဲ့ရပါတယ်။ အဆိုပါကာလအတွင်းမှာ အနည်းဆုံး ကိုယ်တွင်း အဆီပမာဏ ၄% အထိ ကျဆင်းသွားပါတယ်တဲ့။

နောက်ထပ် တွေ့ရှိချက်ကတော့ ကော်ဖီဟာ အင်ဆူလင်ပမာဏမြင့်တက်မှုကြောင့်ဖြစ်ပေါ်တဲ့ Type 2 ဆီးချိုရောဂါ ဖြစ်ပွားနိုင်ချေကိုလည်း လျှော့ချပေးတာကိုပါ မြင်တွေ့ခဲ့ရတယ်လို့ အဆိုပါ စမ်းသပ်မှုကို ပြုလုပ်ခဲ့တယ် စင်္ကာပူက သိပ္ပံပညာရှင်တွေက ဆိုပါတယ်။

ခန္ဓာကိုယ်မှာရှိနေတဲ့ အဆီပမာဏကို လျှော့ချရတာဟာ လူနေမှုပုံစံပြောင်းလဲတာ၊ ဝိတ်ချတာနဲ့ ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းတွေနဲ့ မတူပဲ ကွဲပြားမှုရှိပါတယ်။ ကဖင်းဓာတ်ဟာ အစာကြေချက်တဲ့ စနစ်ကို အားပေးပြီး ကယ်လိုရီပမာဏအများအပြားကို လောင်ကျွမ်းစေနိုင်တာမို့ အဆီတွေကို သိသိသာသာဖယ်ရှားပေးနိုင်တာဖြစ်ပါတယ်။
ဝိတ်ချရာမှာ ကော်ဖီကြောင့် ရနိုင်တဲ့ ကောင်းကျိုးတွေကတော့ …

    တက်ကြွလန်းဆန်းစေတယ် – ကော်ဖီဟာ လူကို တက်ကြွစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ ဒါကြောင့် အခြေအနေအတော်များများကို တည်ငြိမ်စွာ၊ ကောင်းမွန်စွာ ထိမ်းချုပ်နိုင်စွမ်းတွေ မြင့်မားနေမှာဖြစ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခါနီး အချိန်အနည်းငယ် ကြိုသောက်ထားမယ်ဆိုရင် လန်းလန်းဆန်းဆန်း တက်တက်ကြွကြွ ရှိနေစေပါလိမ့်မယ်။ ပမာဏ အရမ်းမများသွားဖို့တော့ သတိထားဖို့ လိုပါမယ်။ အလွန်အကျွံဖြစ်သွားတဲ့အခါမျိုးမှာ ထုံထိုင်းတာ၊ စိတ်ကသိကအောင့်ဖြစ်တာနဲ့ စိတ်တိုတာမျိုးတွေ ဖြစ်စေပါလိမ့်မယ်။

    ကော်ဖီက သင့်ရဲ့ သွေးတွင်းက သကြားဓာတ်တွေကို ချေဖျက်ပေးနိုင်ပါတယ် – လူသိနည်းတဲ့ အချက်တစ်ခုပါ။ ကော်ဖီသောက်လိုက်တဲ့အခါမျိုးမှာ လူ့ခန္ဓာကိုယ်ဟာ ပြင်းပြင်းထန်ထန် တုန့်ပြန်လေ့ရှိပါတယ်။ ဒီလို တုန့်ပြန်မှုကြောင့် ကြွက်သားတွေဟာ လှုပ်ရှားမှုပြုလုပ်ရပြီး ယင်းအတွက် လောင်စာလိုအပ်တာမို့ သွေးထဲမှာရှိတဲ့ သကြားပမာဏကို အသုံးပြုရပါလိမ့်မယ်။ ဒါကြောင့် ကော်ဖီခါးခါးသောက်ပေးတာက သင်တို့ရဲ့ ကိုယ်အလေးချိန် လျှော့ချမှု အစီအစဉ်တွေကို အကျိုးရှိစေနိုင်ပါတယ်။

ဒါပေမယ့် ဒီလောက်ပမာဏ များများ ကော်ဖီကို သောက်သုံးတာဟာ ကျန်းမာရေးနဲ့ ညီညွတ်နိုင်ပါ့မလား

အဆိုပါ ကျွမ်းကျင်သူတွေကတော့ မသောက်သုံးသင့်ဘူးလို့ အကြံပြုထားကြပါတယ်။ ကော်ဖီဟာ ကယ်လိုရီကို လောင်ကျွမ်းအောင် အားပေးပေမယ့် တခြားတစ်ဖက်မှာလည်း ဘေးထွက်ဆိုးကျိုးတွေ အများအပြားရှိနေပါတယ်။

ဥပမာပြောရရင် အမေရိကန်တွေဟာ တစ်နေ့ကို ပျမ်းမျှ ကော်ဖီ ၄ ခွက် ဝန်းကျင်သောက်သုံးကြပြီး ဥရောပကလူတွေကတော့ တစ်နေ့ကို ပျမ်းမျှ ၇ ခွက်လောက်အထိ သောက်သုံးကြပါတယ်။ ဒါပေမယ့် သူတို့ဟာ ကမ္ဘာပေါ်မှာ ကိုယ်အလေးချိန် အမြင့်မားဆုံးလူတွေဖြစ်ကြပါတယ်။

    ကော်ဖီဟာ အစားစာချင်စိတ်နဲ့လည်း ဆက်စပ်မှုရှိပါတယ် – ကော်ဖီဆိုင် အတော်များများမှာ ကိတ်မုန့်တွေ၊ ပိုင်မုန့်တွေ၊ ဘီစကစ်တွေနဲ့ ချောကလက်ဘားတွေကို တွဲဖက်ရောင်းချကြလေ့ရှိပါတယ်။      စားသုံးသူအများစုကလည်း ကော်ဖီနဲ့ တွဲဖက်ပြီး အဆိုပါ အစားအစားတွေကို ဝယ်ယူစားသုံးဖြစ်တာများပါတယ်။ တကယ်တော့ ဒီလို ကော်ဖီဆိုင်တွေက သကြားနဲ့ နို့ပမာဏ အများအပြားထည့်သွင်းထားတဲ ကော်ဖီတစ်ခွက်တည်းနဲ့တောင် သင်တော်တော် ကယ်လိုရီတက်နိုင်ပါတယ်။

တခြားမုန့်တွေနဲ့ တွဲဖက်လိုက်ချိန်မှာ ကဖင်းဓာတ်က သင့်ဆီက ချေဖျက်ပေးနိုင်တဲ့ ပမာဏထက်ပိုများတဲ့ ကယ်လိုရီတွေ သင့်ကိုယ်ထဲ ဝင်သွားပါလိမ့်မယ်။ ကော်ဖီကို ပုံမှန်အစာစားချိန်မဟုတ်တဲ့ ကာလတွေမှာဖြစ်ပေါ်တတ်တဲ့ အဆာပြေမုန့် စားချင်ချိန်တွေမှာ တွဲဖက်စားဖြစ်တတ်ကြပါတယ်။ ကော်ဖီကြောင့်ပဲ အဲဒီမုန့်တွေ ကုန်သွားတတ်တယ်ဆိုတာကို သင်သတိထားမိပါသလား။ ကော်ဖီလေးနဲ့ မျှောမျှောချတယ်လို့တောင် ပြောတတ်ကြသေးတယ်မဟုတ်လား။

မလိုလားအပ်တဲ့ ရောဂါတွေ ရနိုင်ပါတယ် – ကော်ဖီကို အဲ့သလောက် ပမာဏများများ သောက်သုံးတဲ့အခါ နှာချေတာ၊ ခေါင်းကိုက်တာ၊ မူးတာမော်တာ၊ ကတုန်ကယင်ဖြစ်တာ၊ ဗိုက်အောင့်တာနဲ့ နှလုံးသွေးခုန်နှုန်း မြန်လွန်းတာတွေဖြစ်နိုင်တာကို သတိထားသင့်ပါတယ်။

ဝိတ်ချနေချိန်တွေမှာ ကော်ဖီ ဘယ်လောက် ပမာဏ သောက်သုံးသင့်သလဲ

အကြံပေးချင်တာကတော့ ကော်ဖီဟာ အတိုင်းအတာတစ်ခုအားဖြင့် ကိုယ်အလေးချိန် လျှော့ချမှုလုပ်ငန်းစဉ်တွေကို ကူညီပေးနိုင်ပေမယ့် အသင့်ဖျော်ကော်ဖီတွေနဲ့ သကြားပမာဏ အများအပြားထည့်သွင်း ဖျော်စပ်သောက်သုံးတာမျိုးတွေကိုတော့ဖြင့် ရှောင်ကျဉ်သင့်ပါတယ်။ ဒါ့အပြင် တစ်နေ့ကို ပုံမှန်အားဖြင့် တစ်ခွက်ခန့်သာ သောက်ပေးတာက အကောင်းဆုံးပါပဲ။ ကော်ဖီဟာ အိပ်မပျော်အောင် လှုံ့ဆော်နိုင်တာမို့ သွေးတွင်း ကဖင်းဓာတ် အလွန်အမင်းမြင့်တက်သွားလောက်အောင် အများအပြား သောက်သုံးရင်လည်း ကျန်းမာရေးထိခိုက်နိုင်တာကို သတိထားစေချင်ပါတယ်။

ကော်ဖီကြိုက်သူတွေအတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ တခြား အဖျော်ရည်အပူတစ်ချို့ရှိနေပါသေးတယ်။ ဥပမာ၊ ဆေးဖက်ဝင် သစ်ဥသစ်ဖုတွေနဲ့ ဖန်တီးထားတဲ့ လက်ဖက်ရည်မျိုး ဒါမှမဟုတ် လက်ဖက်စိမ်း လက်ဖက်ရည်မျိုးတွေ ကလည်း သင့်ရဲ့ ကျန်းမာရေးကို အထောက်အကူပြုနိုင်ပါတယ်။ Peppermint ပါဝင်တဲ့ လက်ဖက်ရည်မျိုးတွေလည်း သောက်ပေးနိုင်ပါတယ်။ ဒါတွေအားလုံးက ကော်ဖီလိုပဲ သွေးတွင်းက သကြားဓာတ်ကို ချေဖျက်နိုင်ပြီး ကယ်လိုရီ လျှော့ထားတဲ့ ချောကလက်ဖျော်ရည် ပူပူလေးကိုလည်း ကော်ဖီအစား အစားထိုး သောက်သုံးပေးလို့ ရပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly