ထိပ်တန်းဗိုလ်ချုပ်ကြီး လုပ်ကြံခံသတ်ဖြတ်ခံရသည့်အတွက် သမ္မတ ထရမ့်အား ICC ၌ အီရန်က တရားစွဲမည်

By Business Insider
17 January 2020
ထိပ်တန်းဗိုလ်ချုပ်ကြီး လုပ်ကြံခံသတ်ဖြတ်ခံရသည့်အတွက် သမ္မတ ထရမ့်အား ICC ၌ အီရန်က တရားစွဲမည်

အီရန်နိုင်ငံ၏ ထိပ်တန်းဗိုလ်ချုပ်ကြီး ကာဆမ်ဆိုလီမာနီအား ဇန်နဝါရီ ၃ ရက်က အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့တော်ရှိ နိုင်ငံတကာလေဆိပ်အပြင်ဖက်၌ လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းနှင့် ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အား နိုင်ငံတကာရာဇဝတ်မှုခုံရုံး ICC တွင် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း အီရန်တရားရေးအာဏာပိုင်ဌာန ပြောခွင့်ရသူက ပြောသည်။

“အမေရိကန်စစ်တပ်ရယ်၊ အစိုးရရယ်နဲ့ ထရမ့်တို့ကို အီရန်နိုင်ငံ၊ အီရတ်နိုင်ငံနဲ့ သည်ဟိတ်တရားရုံး ICC မှာ တရားစွဲဆိုသွားဖို့ ကျွန်တော်တို့ ရည်ရွယ်ထားပါတယ်။”ဟု ဇန်နဝါရီ ၁၄ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောခွင့်ရသူ အီစမေးလီက ပြောသည်။

“တော်လှန်ရေးအစောင့်တပ်က ဗိုလ်ချုပ်ကြီး ဆိုလီမာနီနဲ့ အီရတ်ရွှေ့ပြောင်းယူနစ် ဒုတိယကွပ်ကဲရေးမှူး အဘူမတ်ဒီအယ်မူဟန်ဒစ်တို့ကို အမေရိကန်စစ်တပ်က လုပ်ကြံသတ်ဖြတ်လိုက်တာဟာ အကြမ်းဖက်လုပ်ရပ်ဖြစ်တယ်ဆိုတာ သံသယရှိစရာ မလိုဘူး။ ထရမ့်ကိုယ်တိုင်လည်း ဒီရာဇဝတ်မှုကို ကျူးလွန်တာကို ဝန်ခံထားတာပဲ။”ဟု ၎င်းက ပြောသည်။

အဆိုပါ သတ်ဖြတ်မှုနောက်ပိုင်း အီရန်ခေါင်းဆောင်ပိုင်းသည် ၎င်းတို့၏ အကြီးကျယ်ဆုံး စစ်သူရဲကောင်းတစ်ယောက်ကို တရားမဲ့သတ်ဖြတ်ခြင်းအတွက် နိုင်ငံရေး၊ စစ်ရေးနှင့် တရားရေးတို့အားဖြင့် လက်တုံ့ပြန်သွားရန် စိတ်ပိုင်းဖြတ်ထားကြသည်။

ဆိုလီမာနီသည် ၎င်း၏ သံတမန်ဆက်ဆံရေးနှင့် စစ်ရေးအမြင်ထက်မြက်မှုများကြောင့် အရှေ့အလယ်ပိုင်းတစ်ခွင်၌ ကျော်ကြားသူတစ်ဦးပဲ ဖြစ်သည်။

အမေရိကန်နိုင်ငံသည် ICC ၌ ပါဝင်လက်မှတ်ရေးထိုးထားခြင်း မရှိသည့် နိုင်ငံဖြစ်သော်လည်း အမှုအတင်ခံရပါက ဝန်ထုပ်ဝန်ပိုး ဖြစ်မည်သာ ဖြစ်သည်။ အမေရိကန်သမ္မတများက ICC ကို အမေရိကန်၏ ရန်ဖက်များက ၎င်း၏ နို်ငငံခြားရေးမူဝါဒအပေါ် ဖိအားပေးရာတွင် အသုံးချလာနိုင်သည်ဟု ရေရှည်ပြောဆိုနေခဲ့သည်။

ဆိုလီမာလီ သတ်ဖြတ်ခံရပြီး အချိန်ပိုင်းမှာပဲ နိုင်ငံတကာအသိအမှတ်ပြု ပညာရှင်တစ်ဦးဖြစ်သူ တရားလက်လွန်သတ်ဖြတ်မှုများဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် အမျိုးသမီး အန်းဂတ်ကယ်လာမတ်က အီရန်နိုင်ငံအနေဖြင့် အမှု နိုင်နိုင်သည်ဟု ပြောသည်။

“ဆိုလီမာနီနဲ့ မူဟန်ဒစ်တို့ကို ပစ်မှတ်ထား သတ်ဖြတ်လိုက်တာဟာ လူ့အခွင့်အရေးဥပဒေအပါအဝင် နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်လိုက်ရာ ရောက်ပါတယ်။”ဟု ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required