ဘုတ်ပြင်းတွင် နောက်ထပ် တောဆင်ရိုင်း တစ်ကောင် အဆိပ်လူးမြှားဖြင့် ပစ်သတ်ခံရ

ဘုတ်ပြင်းတွင် နောက်ထပ် တောဆင်ရိုင်း တစ်ကောင် အဆိပ်လူးမြှားဖြင့် ပစ်သတ်ခံရ

ဘုတ်ပြင်း၊ ဇန်နဝါရီ (၁၇)  ။                     ။ ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီး မဏ္ဍိုင်မြို့၊ ထောင်ငါးသိုင်း ကျေးရွာအုပ်စု၊ ဝါးဒင်းကျေးရွာ အနီး ဆီအုန်းတောတွင် ဇန်နာဝါရီလ ၁၅ ရက်နေ့က အဆိပ်လူးမြှားဖြင့် ပစ်သတ်ခံထားရသော တောဆင်ရိုင်း တစ်ကောင်ကို ဒေသခံများက တွေ့ရှိကြသည်။

အဆိုပါ အသက် ၂၅ နှစ်ခန့် အရွယ် တောဆင်ရိုင်း အထီးမှာ  ဟိုင်းဆင်အမျိုးအစားဖြစ်ပြီး အမြင့်ပေ ရှစ်ပေ၊ အလျား ၁၀ ပေ၊ လုံးပတ် ၁၃ ပေနှင့် နှာမောင်း ငါးပေရှိကာ ဘယ်ဘက် နံကြားတွင် မြှားဒဏ်ရာ တစ်ချက်၊ ဘယ်နားရွက် အနောက်ဘက်တွင် မြှားဒဏ်ရာ နှစ်ချက် ထိမှန်ခံထားရသည်။ ထို့အပြင်  အမြီးလှီးဖြတ်ခံထားရသည်။

ဘုတ်ပြင်းမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးမှူး ဦးစိုးတင့်က“ ရွာသားတွေ အကြောင်း ကြားလာလို့ ကျွန်တော်တို့ သွားရောက် စစ်ဆေး ခဲ့ပါတယ်၊ ဆင်ကတော့ တောမုန့်ဆိုးတွေရဲ့ လက်ချက်ကြောင့် အဆိပ်လူးမြှား ဒဏ်ရာတွေနဲ့ သေဆုံးနေတာ တွေ့ရပါတယ်”ဟု ပြောသည်။

 လက်ရှိမှာ တောဆင်ရိုင်းအား စစ်ဆေးတွေ့ရှိ ချက် အရ ဘုတ်ပြင်းမြို့နယ် သစ်တောဦးစီးဌာနမှ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝ ထိန်းသိမ်းရေး နယ်မြေများ ကာကွယ် စောင့်ရှောက်ခြင်း ဆိုင်ရာ ဥပဒေပုဒ်မ-၄၁(က)အရ အမှုဖွင့်ထားသည်။

“ဆင်နဲ့ ပတ်သက်ပြီး အရင်တုန်းကတော့ ဆင်စွယ်ပဲ စျေးကွက်ရှိတော့ သတ်ဖြတ်ခံရတာ ရှိပေမယ့် အခုနောက်ပိုင်းက တစ်ကိုယ်လုံးရဲ့ အစိတ်အပိုင်းတွေကို ဖြတ်ယူပြီး၊ သတ်ဖြတ်လာတာမျိုး ရှိနေပါတယ်၊ တစ်ကိုယ်လုံးက အသုံးဝင်လာတဲ့ စျေးကွက်က ရှိနေတော့ အခုလိုမျိုး ဖြစ်စဉ်တွေကို ဒီဘက်ကိုရောက်လာတာ ဖြစ်လိမ့်ပါလိမ့်မယ်”ဟု ဦးစီးမှူး ဦးစိုးတင့်က ပြောကြား သည်။

၂၀၁၉ ခုနှစ် အောက်တိုဘာလ (၃၁) ရက်နေ့မှာလည်း အဆိပ်လူးမြှားဖြင့် ပစ်သတ်ခံရပြီး၊ ဆင်တစ်ကိုယ်လုံး ဆင်သားရေ ခွါယူမှု ဖြစ်ခဲ့ကြောင်း သိရ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required