မန္တလေး၌ ကြော်ငြာဆိုင်းဘုတ်များစစ်ဆေးပြီး မသမာမှုတွေ့ပါက အရေးယူမည်

မန္တလေး၌ ကြော်ငြာဆိုင်းဘုတ်များစစ်ဆေးပြီး မသမာမှုတွေ့ပါက အရေးယူမည်
ဇန်နဝါရီ ၁၆ ရက်က စည်ပင်ဝန်ထမ်းများ ကြော်ငြာဆိုင်းဘုတ်များအား စစ်ဆေးနေသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - ဒေါက်တာရဲလွင်)

မန္တလေး၊ ဇန်နဝါရီ ၁၇၊ ၂၀၂၀ ။            ။ ကြော်ငြာ ဆိုင်းဘုတ်များနှင့် ပတ်သက်ပြီး စည်ပင်ဝန်ထမ်းများနှင့်ညှိကာ အခွန်လျှော့ဆောင်ထားသည်ကို စစ်ဆေးတွေ့ရှိပါက ဝန်ထမ်းကို အလုပ်က ထုတ်ပယ်သွားမည်ဟု မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ပြောသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် အဆောက်အအုံနံရံကပ်ကြော်ငြာ၊ တိုင်ထောင်ကြော်ငြာ၊နေရောင်ကာကြော်ငြာများ၏ အတိုင်းအတာများကို စစ်ဆေးတိုင်းတာခြင်း၊ သတ်မှတ်အခွန်နှုန်းထားများ မှန်ကန်စွာ ကောက်ခံနိုင်ရေးတို့ကို ကြီးကြပ်ဆောင်ရွက်ခြင်းနှင့် စည်းကမ်းမဲ့ကြော်ငြာခြင်းများအား အရေးယူဆောင်ရွက်ခြင်းတို့ကို အဓိကထား လုပ်ဆောင်လျက်ရှိသည်။

"အရင်ကလို စည်ပင်ဝန်ထမ်းနဲ့ ညှိပြီး အခွန်လျှော့ဆောင်တာတွေ တွေ့ရင် ဆိုင်ရှင်ကိုပြင်းထန်တဲ့ဒဏ်ကြေးနဲ့ ဝန်ထမ်းကို လျှော့ကောက်ခဲ့တဲ့အခွန်ကို ဆောင်ခိုင်းပြီးမှ အလုပ်ကထုတ်ပယ်သွားမှာပါ "ဟု ဒေါက်တာရဲလွင်က ပြောသည်။

ခွင့်ပြုမိန့်မဲ့ ကြော်ငြာမျိုးစုံကို ဒဏ်တပ်ရိုက်ခြင်း၊ ဖြုတ်သိမ်းခိုင်းခြင်း၊ အခွန်လျှော့ဆောင်နေသည့် ဆိုင်းဘုတ်များကို ပြန်လည်တိုင်းတာခြင်း အခွန်အပြည့်အဝကောက်ခံခိုင်းခြင်း၊ မြန်မာစာနှင့် နိုင်ငံတကာသုံး အင်္ဂလိပ်စာကိုသာ အဓိကဘာသာအနေဖြင့် လက်သင့်ခံခိုင်းခြင်းများကို စီမံချက်ချမှတ်ပြီး မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ဆောင်ရွက်နေခြင်း ဖြစ်သည်။

လက်ရှိတွင် အောင်မြေသာစံမြို့နယ် ၆၂လမ်း၊၁၉လမ်း၊ ချမ်းအေးသာစံမြို့နယ်တွင် ၇၈လမ်း၊ ၈၁ လမ်နှင့် မဟာအောင်မြေမြို့နယ် တွင် ၆၂လမ်း၊ ၇၈လမ်း၊ ၇၃လမ်း၊ ၆၉လမ်း၊ ၆၆လမ်း၊ ၈၁လမ်း၊ ၈၄လမ်းတို့တွင် ဆောင်ရွက်နေပြီး ချမ်းမြသာစည်မြို့နယ် တွင် ၆၂လမ်း၊ ဘိုအိမ်လမ်း၊ ဦးပွါးလမ်းနှင့် ပြည်ကြီးတံခွန်မြို့နယ်တွင် ၆၂ လမ်းတို့ကို စီမံချက်ချ ဆောင်ရွက်နေသည်။

"မြို့တော်သာယာလှပမှုကို အကျည်းတန်စေတဲ့ အချက်တွေထဲမှာ စည်းကမ်းမဲ့ ကြော်ငြာတွေကလည်း ထိပ်ဆုံးက ပါနေတာပါ။ သိလျက်နဲ့လုပ်တာဖြစ်လို့ ဒဏ်ကြေးများပါမယ်။ ကြော်ငြာလုပ်ငန်းလုပ်သူတွေကိုလည်း လိုင်စင်ပိတ်သွားမှာပါ"ဟု ဒေါက်တာရဲလွင်ကပြောသည်။

ကျန်ရှိသည့်လမ်းများကိုလည်း စီမံချက်ချလုပ်ဆောင်သွားမည် ဖြစ်ကာ သတ်မှတ်စည်းကမ်းများကို ဖောက်ဖျက်သည့် ကြော်ငြာလုပ်ငန်းရှင်များကိုလည်း လိုင်စင်ပိတ်သိမ်းသွားမည်ဟု သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly