ဖုန်းကိုလက်ကမချနိုင်ဖြစ်နေပြီလား။

ဖုန်းကိုလက်ကမချနိုင်ဖြစ်နေပြီလား။

ရေးသားသူ Dr. Htet Htet Zaw Win

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

ဟုတ်ပါတယ်။ သင့်ကိုပြောနေတာပါ။ ခုဖုန်းသုံးနေလို့ ဒီစာကိုဖတ်နိုင်တာပေါ့။ အဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် အချိန်တော်တော်များများမှာ ကိုယ့်လက်ထဲမှာ ဖုန်းက အမြဲရှိနေတာလားဆိုတာ စဉ်းစားကြည့်ပါ။နည်းပညာတွေတိုးတက်တာ၊ ဖုန်းတွေပေါ်လာတာကောင်းပါတယ်။ ဒါကြောင့်ပဲ တစ်ယောက်နဲ့ တစ်ယောက်ဆက်သွယ်ရတာ၊ သတင်းအချက်အလက်တွေရှာရတာ ပိုမြန်လာပါတယ်။ ဒါကောင်းတဲ့အချက်ပါ။ ဒါပေမယ့် တစ်ချိန်တည်းမှာ ဖုန်းစွဲလမ်းတယ်ဆိုတဲ့ ပြဿနာတစ်ရပ်ပေါ်လာပါတယ်။

ဖုန်းကို စွဲလမ်းတာက တခြားသော ဂိမ်းစွဲတာ၊ လောင်းကစားစွဲတာလိုမျိုးပဲ အပြုအမူစွဲလမ်းခြင်း တစ်မျိုးပါ။ ရှင်းရှင်းပြောရရင် မရှိရင် မနေနိုင်အောင်စွဲလမ်းတာမျိုး ဆေးပညာအရ dependence syndromeဆိုပြီး WHOက သတ်မှတ်ထားပါတယ်။
ဖုန်းစွဲနေမှန်းဘယ်လိုသိမလဲ။

(၁)မိုးလင်းမျက်စိနှစ်လုံးပွင့်တာနဲ့ စရှာတာ ဖုန်းပါပဲ။

အရင်ကတော့ မိုးလင်းရင် နာရီalarmကို စပိတ်ပါတယ်။ ခုဖုန်းတွေမှာ alarmပါပြီးသားဆိုတော့ မိုးလင်းတာနဲ့ alarmထပိတ်ရင်း ဖုန်းကို စသုံးတော့တာပါပဲ။ ဒါမှမဟုတ် မိုးလင်းတာနဲ့ အိပ်ရာထဲကနေ ဒီနေ့ ဘာသတင်းတွေထူးလဲ။ ဘယ်သူတွေများစာပို့ထားလဲလို့ ဖုန်းဖွင့်ကြည့်နေရင် ဂုဏ်ယူပါတယ်။ သင်ပထမအချက်နဲ့ ကိုက်သွားပါပြီ။

(၂)လုပ်စရာမရှိလည်းသုံး။ ပျင်းလည်းသုံး။

ဒါကို ပျော်ရွှင်ခြင်းခံစားမှု (euphoria experience)လို့ ခေါ်ပါတယ်။ ဖုန်းကနေ notiတစ်ခုခုဝင်လာတာနဲ့ကို စိတ်လှုပ်ရှားနေတာပါ။ ပျင်းတယ်။ လုပ်စရာမရှိဘူးဆိုရင် တစ်ယောက်ယောက်ကများ စာပို့လာလေမလား။ ဘာသတင်းတွေများ ထူးနေပြီလဲဆိုပြီးအကြောင်းမရှိ ဖုန်းပွတ်တတ်ပါသေးတယ်။

ဒီထက်ပိုပြီးသေချာချင်ရင် ခုလုပ်လက်စတွေခဏနား ဖုန်းကို အာရုံစိုက်ထားလိုက်။ ဖုန်းကနေ ‘တီ’ခနဲ notiဝင်လာလို့ရှိရင် ဖုန်းကို မကြည့်ဘဲနေနိုင်မလား။ စမ်းကြည့်လိုက်ပါ။

(၃)ဖုန်းပျောက်သွားတာနဲ့ မနေတတ်တော့ပါဘူး။

ဖုန်းလေးများခဏလောက် ကိုယ့်မျက်စိအောက်မှာ မရှိတော့တာနဲ့ ချက်ချင်းကို စိတ်ဖိစီးပြီး စိတ်တိုစိတ်ဆတ်လာပါလိမ့်မယ်။ ဒါကို withdrawal symptomလို့ခေါ်ပါတယ်။ ဆေးစွဲနေတဲ့သူတွေ မသုံးရလို့ ယင်းထသလိုပေါ့။ ဖုန်းမရှိတာနဲ့ မနေတတ်တော့ဘူးဆိုရင် ဖုန်းစွဲနေလို့ပါ။ ဘယ်ကြောက်ကြာကြာမရှိတာနဲ့မဆိုင်ပါဘူး။ ခဏလေးမတွေ့တာနဲ့ မနေနိုင်ဖြစ်နေပြီဆိုရင် ဖုန်းစွဲနေလို့ပါပဲ။

(၄)ဖုန်းသုံးလွန်းလို့ သူများတွေကတောင် ပြောနေကြပြီ။

အဲ့ဒီမှာ ပြဿနာစတော့တာပါပဲ။ တစ်​ယောက်ယောက်ကများ သင်ဖုန်းသုံးတာနဲ့ ပတ်သတ်ပြီး ပြစ်တင်ပြောဆိုနေပြီလား။ သင့်ပတ်ဝန်းကျင်ကသူတွေက သင်ဖုန်းသုံးလွန်းလို့ ပြောဆိုနေကြပြီဆိုရင် ဖုန်းစွဲနေတာလားလို့ စဉ်းစားကြည့်ပါ။ တကယ်စွဲနေတဲ့သူတွေကြတော့လည်း အလုပ်မှာဖြစ်ဖြစ်၊ ခရီးသွားနေရင်ဖြစ်ဖြစ်၊ ချိန်းတွေ့နေရင်ဖြစ်ဖြစ် notiဝင်လာတာနဲ့ ရှိသမျှအလုပ်ပစ်ချပြီး ဖုန်းဖွင့်ကြည့်တော့တာပါပဲ။

(၅)ဖုန်းသုံးတဲ့အချိန်တွေသိပ်ကိုများနေပါပြီ။

ဒါကို ခံနိုင်ရည်ရှိလာတာ (tolerance)လို့ခေါ်ပါတယ်။ ဖုန်းကိုစွဲလာလေလေ ဖုန်းသုံးတဲ့အချိန်တွေ များလာလေလေပါပဲ။ ဆိုရှယ်မီဒီယာသုံးတာပဲဖြစ်ဖြစ်၊ ဗီဒီယိုကြည့်တာပဲဖြစ်ဖြစ်၊ notiစစ်တာပဲဖြစ်ဖြစ် ဖုန်းသုံးတဲ့အချိန်ကိုက များနေတာပါ။ အရက်သောက်သလိုပဲ ကြာလာလေလေ ဖြတ်ရခက်လာပြီး ပိုပိုပြီးသုံးချင်နေတာပါ။

(၆)ဖုန်းသုံးတာကို ရပ်လို့မရတော့ပါဘူး။

သင့်အနေနဲ့ ဖုန်းသုံးတာကို လျှော့ဖို့ ဒါမှမဟုတ် ဖြတ်ဖို့ ကြိုးစားဖူးမှာပါ။ ဒါပေမယ့် မအောင်မြင်ပါဘူး။ ဘယ်လိုပဲမသုံးဘူးလို့ဆုံးဖြတ်ထားပေမယ့်အချိန်တန်တော့လည်း သင့်စိတ်နဲ့ ခန္ဓာက မနေနိုင်ပါဘူး။
ဘာတွေဖြစ်နိုင်မလဲ။

ဖုန်းစွဲတာက သင့်ရဲ့ လူမှုဘဝမှာရော လုပ်ငန်းခွင်မှာပါ ဆိုးကျိုးတွေဖြစ်စေပါတယ်။ ခုနောက်ပိုင်းမှာဆိုရင် ကားမောင်းရင်းဖုန်းသုံးတဲ့အတွက် ယာဉ်တိုက်မှုတွေပါဖြစ်လာကြပါပြီ။ ကျန်းမာရေးရှုထောင့်ကကြည့်မယ်ဆိုရင်လည်း

  • ဇက်ကြောတက်တာ၊ခါးနာတာ၊ စာတွေရိုက်ပါများလို့ လက်ချောင်းတွေပုံပျက်လာတာ
  • စိတ်လှုပ်ရှားတာ၊ စိတ်ဖိစီးတာ၊ စိတ်ကျတာ
  • ဖုန်းသုံးပြီးလေ့ကျင့်ခန်းလုပ်ဖို့ အချိန်မရှိတဲ့အတွက် အဝလွန်တာ၊ နောက်ဆက်တွဲအနေနဲ့ နှလုံး၊ သွေးတိုး၊ ဆီးချိုတွေ ဖြစ်လာတာ
  • အိပ်ရေးပျက်တာ
  • ဖုန်းကြည့်ပါများလို့ မျက်စိထိခိုက်တာ၊ နားကြပ်နဲ့သီချင်းနားထောင်ပါများလို့ အကြားအာရုံထိခိုက်တာတွေ ဖြစ်လာနိုင်ပါတယ်။
  • ကဲ ဘယ်လိုလုပ်ကြမလဲ။

ခုချက်ချင်းဖုန်းမသုံးဖို့ဆိုတာ သိပ်မဖြစ်နိုင်ပါဘူး။ နောက်ပြီး ဖုန်းတွေက ကျွန်ုပ်တို့ဘဝရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ်နေရာယူလာကြပါပြီ။ သူတို့မရှိဘဲ နေဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ သူတို့ကြောင့် အလုပ်တွေမြန်မြန်ပြီးတာမှန်ပေမယ့် ကျွန်ုပ်တို့ ဘဝတစ်ခုလုံးကို ထိန်းချုပ်ဖို့တော့ ခွင့်မပြုနိုင်ပါဘူး။ ဒီတော့ အောက်ကနည်းလမ်းတွေ သုံးကြည့်ရအာင်။

(၁)ဖုန်းကင်းမဲ့ဇုန်လေး တစ်ခုလောက်ဖန်တီးကြည့်ပါ။

အဲ့ဒီနေရာမှာ ဖုန်းပိတ်ထားလိုက်ပါ။ အင်တာနက်လည်း ချိတ်လို့ မရပါစေနဲ့။ ဖုန်းတစ်နေရာ ကိုယ်တစ်နေရာ နေလိုက်ပါ။ ဖုန်းဖွင့်ထားရင် မက်ဆေ့တွေ ဝင်နေပါဦးမယ်။ ဒီတော့ ပိတ်ထားလိုက်တာအကောင်းဆုံးပါပဲ။ အဲ့ဒီဇုန်လေးမှာ နေ့တိုင်းနေပါ။ ဥပမာပြောရရင် ည၈နာရီနောက်ပိုင်းကို ဖုန်းကင်းမဲ့ဇုန်အဖြစ်ဖန်တီးလိုက်ပါ။ အဲ့ဒီအချိန်မှာ မိသားစုကိုအချိန်ပေးတာမျိုး၊ စာဖတ်တာမျိုးလုပ်ပေးပါ။

(၂)ဖုန်းမှာရှိနေတဲ့ အသုံးမဝင်တဲ့ Appကို ဖျက်လိုက်ပါ။

အားနေ ဖုန်းက ဂိမ်းပဲ ဆော့နေပါသလား။ ဒါဆို သင့်အချိန်တွေကို အများကြီးဖြုန်းနေတဲ့ အဲ့ဂိမ်းကို ဖျက်လိုက်ပါ။ ဖုန်းထဲမှာ ဆော့စရာဂိမ်းမရှိတော့ရင် ဂိမ်းဆော့မယ့် အချိန်တွေကို တခြားနေရာမှာသုံးလိုက်လို့ရပါတယ်။

(၃)ဖုန်းသုံးတာကို ကန့်သတ်ထားပါ။

အိမ်မှာ ထမင်းစားချိန်၊ မိသားစု စကားပြောချိန်တွေမှာ ဖုန်းမသုံးဖို့ ကလေးတွေကိုမှာထားပါ။ သင်ကိုယ်တိုင်လည်း မသုံးပါနဲ့။ ကလေးတွေအတွက် စံပြဖြစ်နေပါစေ။

(၄)notiတွေကိုကန့်သတ်ထားပါ။

ဖုန်းမှာ notiဝင်လာသံကြားရင် အရေးကြီးကြီး မကြီးကြီး ဖွင့်ကြည့်ချင်တာ လူ့သဘာဝပါ။ ဒါကြောင့် မလိုတဲ့နေရာက notiမဝင်အောင် ကန့်သတ်လိုက်ပါ။

(၅)မက်ဆေ့တွေ အီးမေးလ်တွေ စာပြန်ဖို့ အချိန်သတ်မှတ်ထားပါ။

အလုပ်လုပ်နေတဲ့သူတွေအတွက် ဒါကခက်ခဲပါလိမ့်မယ်။  လူတိုင်းက မက်ဆေ့တွေ အီးမေးလ်တွေ ဝင်လာရင် ချက်ချင်းစာပြန်ပြီး အလုပ်ပြီးတာကို ပြချင်ကြတယ်။ ဒါပေမယ့် ဒါက သင့်ကို အချိန်ပိုကုန်စေပါတယ်။ ဒါကြောင့် အချိန်သတ်မှတ်ပြီး စာပြန်ပါ။

(၆) ပထမဆုံးနဲ့ နောက်ဆုံး မိနစ်၆၀

ပညာရှင်တွေက နေ့တစ်နေ့ရဲ့ ပထမဆုံးမိနစ်၆၀နဲ့ နောက်ဆုံး မိနစ်၆၀က အရေးအကြီးဆုံးလို့ပြောပါတယ်။ ဒါကြောင့် အဲ့ဒီအချိန်တွေမှာ ဖုန်းသုံးမယ့်အစား တခြားအကျိုးရှိတာတွေဖြစ်တဲ့ စာဖတ်တာ၊ တရားထိုင်တာမျိုးတွေ လုပ်ပေးပါ။ တလက်စတည်းပြောရရင် အိပ်ရာထဲကိုလည်း ဖုန်းမယူလာပါနဲ့။ alarmလုပ်ချင်ရင် နာရီနဲ့လုပ်ပါ။ ဖုန်းနဲ့ မလုပ်ပါနဲ့။

(၇)စျေးသက်သာပြီး စွမ်းဆောင်ရည်သိပ်မကောင်းတဲ့ ဖုန်းကို အပိုဆောင်ထားပါ။

နောက်ဆုံးပေါ်ဖုန်းတွေက ပိုပြီးအဆင့်မြင့်တယ်။ လုပ်နိုင်တာတွေပိုများတယ်။ ဒါမျိုးကို အလုပ်မှာသုံးပါ။ စွမ်းဆောင်ရည် သိပ်မကောင်းတဲ့ ဖုန်းကို သင့်ကိုယ်ပိုင်အနေနဲ့ထားပါ။ သင်ဘယ်သွားသွားသူကပါနေပေမယ့် စွမ်းဆောင်ရည် သိပ်မကောင်းတော့ သုံးစရာလည်း သိပ်မရှိတော့ပါဘူး။

(၈)အိပ်ခန်းထဲမှာ ဖုန်းထားဖို့ သီးသန့်နေရာရှိပါစေ။

လူတွေက မနက်alarmပေးမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖုန်းကို အိပ်ရာထဲ ယူတတ်ကြပါတယ်။ တကယ်လို့ ဒီလိုလုပ်မယ်ဆိုရင်လည်း ဖုန်းကို တစ်နေရာမှာ သတ်သတ်မှတ်မှတ်ထားထားပါ(ဥပမာ စားပွဲပေါ်)။ ဖုန်းကို အိပ်ရာနားမှာထားအိပ်တာက ကျန်းမာရေးအတွက် မသင့်တော်ပါဘူးနော်။

(၉) ဖျော်ဖြေရေးအတွက် ဖုန်းကို မသုံးပါနဲ့။

ခုနောက်ပိုင်းမှာ ဖုန်းတွေ တက်ဘလက်တွေက TVတွေကို အစားထိုးနိုင်နေပါပြီ။ အကြောင်းက သယ်ရလွယ်တယ်။ လွယ်လွယ်ကူကူကြည့်လို့ရလို့ပါပဲ။ ဒါကြောင့် ဖုန်းနဲ့ ရုပ်ရှင်ကြည့်တယ်၊ ဂိမ်းဆော့တယ်၊ သီချင်းနားထောင်တယ်ဆိုရင် ရပ်လိုက်ပါ။ ဖုန်းစွဲတာကို လျှော့ဖို့အတွက် ဒီလိုလုပ်ဖို့ မဖြစ်ပါဘူး။ အဲ့ဒီအစား အရင်လိုပဲ TVနဲ့ ရုပ်ရှင်ကြည့်ပါ။ ဂိမ်းစက်နဲ့ ဂိမ်းဆော့ပါ။ music playerနဲ့ဘသီချင်းနားထောင်ပါ။

(၁၀)စိတ်ပိုင်းဖြတ်ထားပါ။

ခုပြောမှာက အရေးကြီးဆုံးပါပဲ။ သင့်မှာ ဖုန်းစွဲတာကို ဖြတ်ဖို့ ခိုင်လုံတဲ့အကြောင်းပြချက်ရှိပါစေ။ အဲ့ဒါမရှိရင် ဘယ်လိုပဲဖုန်းစွဲတာဖြတ်ချင်တယ်ပြောပြော စလုပ်ဖြစ်မှာမဟုတ်ပါဘူး။ ဒါကြောင့် ဖုန်းစွဲတာရဲ့ အပြစ်တွေကို သိပါ။ ဖြတ်မယ်လို့ စိတ်ပိုင်းဖြတ်ထားပါ။ တကယ်လည်း ကြိုးစားအားထုတ်ပါ။ ခုပဲ စလိုက်ပါ။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly