နိုင်ငံရေးပါတီများ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို နှုတ်ဆက်ခွင့်သာ ရကြမည် ဆွေးနွေးခွင့်ရမှာ မဟုတ်

နိုင်ငံရေးပါတီများ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို နှုတ်ဆက်ခွင့်သာ ရကြမည် ဆွေးနွေးခွင့်ရမှာ မဟုတ်

နေပြည်တော်၊ ဇန်နဝါရီ ၁၆၊ ၂၀၂၀ ။         ။ တရုတ်သမ္မတ ရှီကျင့်ဖျင်၏ နှစ်ရက်တာကြာမြင့်မည့် မြန်မာနိုင်ငံခရီးစဉ်တွင် နိုင်ငံရေးပါတီများနှင့် တွေ့ဆုံမည် ဖြစ်သော်လည်း ဆွေးနွေးခွင့်အစီအစဉ် မပါဝင်ကြောင်း တွေ့ဆုံခွင့် ရထားသည့် ပါတီများထံက သိရသည်။

တွေ့ဆုံခွင့်ရမည့် ပါတီများသည် ဇန်နဝါရီ၁၆ရက်နေ့ အရောက်လာရမည်ဖြစ်ကာ ၁၇ရက်နေ့တွင် သမ္မတရှီနှင့် တွေ့ဆုံရမည် ဖြစ်သည်။ အဆိုပါတွေ့ဆုံမှုအတွက် နိုင်ငံရေးပါတီ ၂၀ကို တရုတ်သံရုံးအစီအစဉ်နှင့် ဖိတ်ကြားခြင်း ဖြစ်ကြောင်း တွေ့ဆုံခွင့် ရသူများက ဆိုသည်။

“ဆွေးနွေးခွင့်မရဘူး။ ဒါကြောင့် ကြိုတင်ပြင်ဆင်တာ လုပ်မထားဘူး။ ဆွေးနွေးဖို့မပါဘူး။ နှုတ်ဆက်တာပဲပါမယ်။ တကယ်လို့ ပြောလို့ရတဲ့ အခွင့်အရေးရခဲ့မယ်ဆိုရင် မြစ်ဆုံစီမံကိန်းကို ရာသက်ပန် ရပ်စဲပေးဖို့တောင်းဆိုတဲ့ ပြည်သူလူထုရဲ့ သဘောထားကို ပြောပြမယ်။ နောက်တစ်ခုက ကချင်ပြည်နယ်မှာ ဘယ်လိုစီမံကိန်းပဲဖြစ်ဖြစ် ဒေသခံပြည်သူတွေကို ပွင့်ပွင့်လင်းလင်းချပြပြီးမှ စီမံကိန်းတွေကို စတင်တာအကောင်းဆုံးပဲဆိုတာ ပြောချင်တယ်” ဟု ကချင်ပြည်နယ် ပြည်သူ့ပါတီကိုယ်စားပြု တွေ့ဆုံခွင့်ရသူ ဒေါက်တာတူးဂျာက မဇ္စျိမကို ပြောသည်။

တရုတ်သမ္မတနှင့် တွေ့ဆုံရန် ဖိတ်ကြားခံထားရသည့် ပါတီများထဲတွင် ကချင်ပြည်နယ် ပြည်သူ့ပါတီ၊ ရခိုင်အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပြည်သူ့ပါတီတို့ကို ဖိတ်ကြားခံထားရကြောင်း နှင့် ရခိုင်အမျိုးသားပါတီဥက္ကဌနှင့် ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီးတို့ တက်ရောက်မည်ဟု မဇ္စျိမက စုံစမ်းသိရသည်။ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ပါတီခေါင်းဆောင်းပိုင်းက တက်ရောက်မည်မဟုတ်ဘဲ တက်ရောက်ရန်တာဝန်ပေးထားသူရှိကြောင်း ပါတီ၏ တွဲဖက်အတွင်းရေးမှူး(၂) ဦးစိုင်းကျော်ညွန့်က မဇ္စျိမကို ပြောသည်။

လက်ရှိရွေးကောက်ပွဲကော်မရှင်တွင် ပါတီမှတ်ပုံတင်ထားသည့် အရည်အတွက်မှာ ၁၂၀ကျော်ရှိပြီး ၎င်းတို့အထဲမှ တရုတ်သံရုံးက ရွေးဖိတ်ခြင်းဖြစ်ကြောင်းသိရသည်။ လက်ရှိအစိုးရ အဖွဲ့ကို ဦးဆောင်နေသည့် NLD ပါတီနှင့် အင်အားကြီး ကြံ့ခိုင်ရေးပါတီတို့၏ ပြောရေးဆိုခွင့် ရှိသူများကို မေးမြန်းရန် ဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင်ခြင်း မရှိသည့်အတွက် ၎င်းပါတီများ၏ အခြေအနေကို ဖော်ပြနိုင်ခြင်း မရှိပေ။

သူရဦးရွှေမန်း ဦးဆောင်သည့်ပါတီကို သမ္မတရှီနှင့်တွေ့ဆုံရန် ဖိတ်ကြားထားခြင်း ရှိမရှိ မဇ္စျိမက ဆက်သွယ်မေးရာတွင် သံတမန်ရေး ကိစ္စဖြစ်သဖြင့် မပြောလိုကြောင်းသာ ပြန်လည် ဖြေကြားသည်။ သို့ရာတွင် သူရဦးရွှေမန်းကို တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာရေးရာဌာန ညွှန်ကြားရေးမှူးချုပ် Ms Sun Haiyan ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က ဇန်နဝါရီလ ၁၆ ရက်နေ့၊ နေ့လယ် က နေပြည်တော်ရှိ သူရဦးရွှေမန်း၏ နေအိမ်၌ လာရောက်တွေ့ဆုံခဲ့ကြောင်း ဦးရွှေမန်းက သတင်းထုတ်ပြန်ထားသည်။

လက်ရှိတွင် အရှိန်အဟုန်ကောင်းကောင်းဖြင့် ပါတီစည်းရုံးရေးလုပ်ဆောင်နေသည့် ပြည်သူ့ရှေ့ဆောင်ပါတီကို သမ္မတရှီနှင့် တွေ့ဆုံရန် ဖိတ်ကြားမှုတွင် မပါဝင်ကြောင်း ပါတီဦးဆောင်သူ ဒေါက်တာသက်သက်ခိုင်က ပြောသည်။

သမ္မတရှီကျင့်ဖျင်၏ ခရီးစဉ်တွင် နိုင်ငံတော် သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ကို တွေ့ဆုံမည် ဖြစ်ကာ စီမံကိန်းများ ကုန်စည်တင်သွင်းမှုများနှင့် ပတ်သက်ပြီး သဘောတူလက်မှတ်ရေးထိုးမှုများပြုလုပ်မည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly