မြန်မာ - တရုတ် ဆက်ဆံရေး ပိုမိုနီးကပ်လာဟု အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးပြောကြား

By ချိုဇင်မာဝင့်
16 January 2020
မြန်မာ - တရုတ် ဆက်ဆံရေး ပိုမိုနီးကပ်လာဟု အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးပြောကြား

ရန်ကုန် - ၁၅ ရက်။   ။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွင် မြန်မာနှင့် တရုတ်နိုင်ငံတို့အကြားဆက်ဆံရေးပိုမိုကောင်းမွန်လာကြောင်းအပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ၊ဝန်ကြီးဦးကျော်တင်ကပြောသည်။

’’အရင်ကဒီမိုကရေစီအစိုးရလက်ထက်ရောက်လာရင် နှစ်နိုင်ငံဆက်ဆံရေးအပြောင်းအလဲဖြစ်မလားစိုးရိမ်လွန်ကဲမှုတွေရှိခဲ့ပါတယ်။ဒါပေမယ့် လက်တွေ့မှာဆိုလို့ရှိရင် ယနေ့အနေအထားမှာဆိုရင် တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံဆက်ဆံရေးဟာပိုမိုနီးကပ်ပြီးတော့ပူးပေါင်းဆောင်ရွက်မှုရှိနေတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်။နိုင်ငံခေါင်းဆောင်များအကြားမှာလည်းယုံကြည်မှု ၊ ချစ်ခင်ရင်းနှီးမှုတွေ တည်ဆောက်နိုင်ခဲ့ပါတယ်။’’ဟုဇန်နဝါရီလ ၁၄ ရက်နေ့ကကျင်းပသောဝန်ကြီးဦးကျော်တင်ကမျက်မှောက်ခေတ်တရုတ်နိုင်ငံနှင့်ကမ္ဘာ ၊ မြန်မာ -တရုတ် အကြံပြုသုသေသီအဖွဲ့များ၏ ဆွေးနွေးပွဲတွင်ပြောကြားသည်။

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖျင်အနေဖြင့် သမ္မတဖြစ်ပြီးမှ မြန်မာနိုင်ငံကိုပထမဆုံးလာရောက်သည့် ခရီးစဉ်ဖြစ်လာမည့် ဇန်နဝါရီ ၁၇ ရက်နေ့တွင် ရောက်ရှိလာမှာဖြစ်သည်။ ၂၀၀၉ ခုနှစ်ကတရုတ်ခေါင်းဆောင် ကျန်ဇီမင်းလာစဉ်ကတော့ ဒုသမ္မတအနေဖြင့် လိုက်ပါလာခဲ့ဖူးသည်။

သမ္မတရှီ၏ ခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့နှင့် တွေ့ဆုံမှုပြုမှာဖြစ်ပြီးကာလတာရှည် ရပ်နားထားသောကချင်ပြည်နယ်ရှိအမေရိကန်ဒေါ်လာ ၃.၆ ဘီလီယံတန် မြစ်ဆုံဆည်စီမံကိန်းနှင့် ဘင်္ဂလားဒေ့ရှ်နှင့် ဖြစ်ပွားနေသောနယ်စပ်အကြပ်အတည်းတို့လည်းထဲ့သွင်းဆွေးနွေးကြလိမ့်မည်ဟုအကဲခတ်များကမျှော်လင့်ထားကြသည်။

လွန်ခဲ့သည့်သီတင်းပတ်ကဒေါ်အောင်ဆန်းစုကြည်သည် မြစ်ကြီးနားတွင် ပြုလုပ်သောကချင်ပြည်နယ်နေ့ အခမ်းအနားသို့တက်ရောက်ခဲ့သေးသည်။

သမ္မတဦးသိန်းစိန်လက်ထက်က မြန်မာနိုင်ငံသို့ အလည်အပတ်လာရောက်ပါရန် တရုတ်သမ္မတရှီကျင့်ဖျင်ကို တစ်ကြိမ်ထက်မနည်း ဖိတ်ကြားခဲ့ဖူးသော်လည်း မြစ်ဆုံဆည်စီမံကိန်းကို ရပ်နားထားလိုက်မှုက အဟန့်အတားဖြစ်ခဲ့သည်။

အရပ်သားအစိုးရ အုပ်ချုပ်ပုံစနစ်သို့ မပြောင်းလဲမီ အာဏာသိမ်းစစ်အစိုးရနှင့် တရုတ်နိုင်ငံတို့၏ ဆက်ဆံရေးကတစ်ဘက်၊ အတိုက်အခံဒီမိုကရေစီလိုလားသူများနှင့် အနောက်နိုင်ငံများက တစ်ဘက်ဖြစ်ခဲ့ကြသည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အတိုက်အခံတို့က ရွေးကောက်ပွဲအနိုင်ရကာ အာဏာရလာခဲ့သည်။

မြစ်ဆုံဆည်စီမံကိန်းအပါအဝင် စစ်အစိုးရလက်ထက် တရုတ်အစိုးရနှင့် သဘောတူညီချက်ရယူထားခဲ့သောရင်းနှီးမြုပ်နှံမှုစီမံကိန်းကြီးများအပေါ်အများပြည်သူကကန့်ကွက်ဆန့်ကျင်မှုများလည်း နိုင်ငံရေးအကူးအပြောင်းတွင် ပေါ်ပေါက်လာခဲ့သည်။

‘NLD အစိုရအနေနဲ့  လွတ်လပ်ပြီးတက်ကြွတဲ့ ဘက်မလိုက်နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးနေပါတယ်။ ကမ္ဘာ့နိုင်ငံအားလုံးနဲ့ ချစ်ကြည်ရင်းနှီးရေးကို ကြိုးစားဆောင်ရွက်သွားမှာလဲ ဖြစ်ပါတယ်။ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံတွေရဲ့ ဆက်ဆံရေးကို အလေးထား ကြိုးပမ်းဆောင်ရွက်လျှက် ရှိပါတယ်။ အိမ်နီးချင်းနိင်ငံတွေရဲ့ ဆက်ဆံရေးဟာအဝေးက နိုင်ငံတွေရဲ့ဆက်ဆံရေးထက် ပိုမိုထူးကဲပြီးတော့ သိမ်မွေ့နက်နဲမှုရှိတဲ့အနေအထားမှာရှိသည်’ဟု ဝန်ကြီးကပြောသည်။

နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ကြရာတွင် နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကအရေးကြီးကြောင်းဝန်ကြီးဦးကျော်တင့်က ပြောလိုက်ပြီး ၁၉၉၇ခုနှစ်က နှစ်နိုင်ငံကြားချုပ်ဆိုထားသော မြန်မာ-တရုတ် နယ်စပ်ဒေသစီမံခန့်ခွဲရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို လေးစားလိုက်နာပြီး အကောင်အထည်ဖော်ဆောင်ရွက်ဖို့ လိုသည်ဟုဆိုသည်။

ထို့အပြင် ဆင်းရဲမှုပပျောက်ရေး ၊နိုင်ငံစီးပွားခေတ်မှီဖွံ့ဖြိုးတိုးတက်ရေးတို့ကို အကောင်အထည်ဖော်ဆောင်ရာမှာ တရုတ်နိုင်ငံရဲ့ ပံ့ပိုးကူညီမှု ၊ နားလည်စာနာထောက်ထားမှု ၊ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိခဲ့တာကြောင့် ဆက်လက်ကူညီပံ့ပိုးဖို့ မြန်မာဘက်က မျော်လင့်ထားသည်ဟု ဝန်ကြိးဦးကျော်တင်က ဆိုသည်။

မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံ၏ ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများ ပိုမိုဝင်ရောက်လာမှု၊ ခရီးသွားများ တိုးတက်ဝင်ရောက်လာမှု၊ ကုန်သွယ်မှုပမာဏများလည်းတိုးတက်လာစေရန်နှင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် တရုတ်က ပိုမိုလုပ်ဆောင်ပေးနေကြောင်း တရုတ်နိုင်ငံကုန်သွယ်ရေးဝန်ကြီးဌာန၊ရပ်ဝန်းနှင့်ပိုးလမ်းမဆိုင်ရာ စီးပွားရေးနှင့်ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်ရေး သုသေသနဌာန မှ ဒါရိုက်တာမစ္စတာရှီဇင်ကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly