ရွေးကောက်ပွဲအပြီး ရပ်ကွက်ထဲပြန်ရမယ့် အထူးရဲများ

ပုခုံးဒေါက် အနီရောင်ဖြစ် တာကလွဲလို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝတ်စုံနဲ့ တစ်ပုံစံတည်း မီးခိုးရောင် အင်္ကျီ၊ နက်ပြာရောင် ဘောင်းဘီတို့ကို ဝတ်ဆင်ထားတဲ့၊  အသက် ၂ဝ အရွယ် ကိုကျော်ရဲလင်း တစ် ယောက် နေပူရှိန်ကြောင့် ချွေးတစို့စို့ ဖြစ်နေပေမယ့်လည်း မျက်နှာကတော့ တည်ကြည်ရဲရင့်လို့ နေပါ တယ်။

ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှာ အဲဒီမြို့နယ်အတွက် အထူးရဲ တပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဖို့ သင်တန်းတက်နေကြတဲ့ထဲမှာ ကိုကျော်ရဲလင်းလည်း တစ်ယောက် အပါအဝင် ဖြစ်ပါတယ်။ အထူးရဲဆိုတာကတော့ နိုဝင်ဘာ ၈ ရွေးကောက်ပွဲ ကျင်းပချိန် မဲရုံတွေမှာ လုံခြုံရေးတာဝန်ယူဖို့ သီးခြားရွေးချယ် လေ့ကျင့် ပေးထားသူတွေပါ။

အထူးရဲတွေ လက်ထိပ်၊ ကြိုး၊ နံပတ်တုတ်တွေ ကိုင်ဆောင်ခြင်း မရှိတာကတော့ မြင်နေကျရဲ တွေနဲ့ အဓိက ကွာခြားချက်ပါပဲ။ အထူးရဲတပ်ဖွဲ့ထဲမှာ လူငယ်တွေတင်မက လူလတ်ပိုင်းတွေလည်း ပါဝင်ပါတယ်။

ကိုကျော်ရဲလင်းတို့လို နိုင်ငံအနှံ့မှာ ရဲတပ်ဖွဲ့က ခေါ်ယူ လေ့ကျင့်ပေးနေတဲ့ အထူးရဲတပ်ဖွဲ့ဝင် တွေဟာ မကြာခင်မှာ ကျင်းပတော့မယ့် ပြည်တွင်းပြည်ပ စိတ်ဝင်စားနေကြတဲ့၊ ၁၉၉ဝ နောက်ပိုင်း ပထမဆုံးသော လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မယ်လို့ ယူဆထားကြတဲ့ ၂ဝ၁၅ ရွေးကောက်ပွဲ ကြီးမှာ လုံခြုံရေးတာဝန် ထမ်းဆောင်ကြရမှာပါ။

“ကျွန်တော်က ရဲဖြစ်ချင်ခဲ့တာ။ ဒီနှစ် ၁ဝ တန်းကို အောင်အောင်တော့ ပြန်ဖြေပြီးရင် ရဲထဲကိုပဲ ပြန်ဝင်မယ်။ အခုအကြိမ်ကတော့ အတွေ့အကြုံရှာတဲ့ သဘောမျိုးပဲ” လို့ ကိုကျော်ရဲလင်းက သင်တန်း ခဏနားစဉ်မှာ Myanmar Now ကို ပြောပြပါတယ်။“ရဲတပ်ဖွဲ့ဝင်တွေနဲ့ တစ်ခါမှ အလုပ်တွဲ မလုပ်ခဲ့ဖူး ဘူး။ ခုမှစတာဆိုတော့ နည်းနည်းတော့ စိတ်လှုပ်ရှားတာပေါ့”

အထူးရဲနဲ့ တာဝန် လက်ပတ်နီဝတ်တွေ အတူတူပဲလား

၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲ အထူးရဲကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စုစုပေါင်း ၄ဝ,၃ဝ၄ ဦး ခန့်အပ်ထားတဲ့ထဲမှာ တက္ကသိုလ်ဘွဲ့ရ ၄ ရာခိုင်နှုန်း၊ အထက်တန်းအောင် ၉ ရာခိုင်နှုန်း၊ အထက် တန်းအဆင့် ၆ဝ ရာခိုင်နှုန်း၊ အလယ်တန်းအဆင့် ၂၇ ရာခိုင်နှုန်းတို့ ပါဝင်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ စာရင်းများအရ သိရပါတယ်။ အထူးရဲများက တစ်ပတ်ကြာ သင်တန်းတက်ထားတဲ့ အောက်တိုဘာ ၁၅ ရက်နေ့ကနေ နိုဝင် ဘာ ၁၃ ရက်နေ့အထိ မဲရုံတစ်ရုံမှာ တစ်ဦးကျစီ တာဝန်ယူရမှာပါ။

သူတို့ကို ကျန်းမာရေးကောင်းခြင်း၊ ခြေမခွင်ခြင်း၊ ဥပဓိရုပ်ကောင်းခြင်း စတဲ့ မျက်မြင်တွေ့ရှိ ချက် ၁၂ ချက်အတိုင်း မြို့နယ်အတွင်းရှိတဲ့ မဲရုံအရေအတွက်အတိုင်း ရွေးချယ် ခန့်အပ်ခဲ့တယ်လို့ သင်္ဃန်းကျွန်းမြို့နယ် အထူးရဲ စစ်ရေးနည်းပြ၊ သင်္ဃန်းကျွန်းမြို့နယ် ရုံးဦးစီး ရဲအုပ်သက်ဦးက ပြောပြ ပါတယ်။

 “သင်တန်းမှာ သူတို့ကို လက်နက်မဲ့ စစ်ရေးပြနည်း၊ လူ့အခွင့်အရေး ဘာသာရပ်၊ ရဲကျင့်ဝတ်၊ ပြည်သူလူထု ပူးပေါင်းပါဝင်တဲ့ ရဲလုပ်ငန်းစဉ်၊ ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေး စီမံချက်၊ ရွေးကောက်ပွဲ ဆိုင်ရာ ဥပဒေတွေ၊ နည်းဥပဒေတွေကို သင်ပေးမှာပါ” လို့ ရဲအုပ်သက်ဦးက ပြောပါတယ်။

ဒီလို အထူးရဲတွေကို ခေါ်ယူခဲ့ရတဲ့ အဓိက အကြောင်းအရင်းတစ်ခုက ရွေးကောက်ပွဲ အောင် အောင်မြင်မြင် ချောချောမွေ့မွေ့ ပြီးဆုံးရေးအတွက် လုံခြုံရေးအပိုင်း တာဝန်ပေးအပ်ဖို့ လက်ရှိ ရဲတပ်ဖွဲ့ ရဲ့ ရှိရင်းစွဲ အင်အားနဲ့ မလုံလောက်တဲ့အတွက်ကြောင့် ဖြစ်တယ်လို့ သူက ဆက်ဆိုပါတယ်။

၂ဝ၁ဝ ပြည့်နှစ် ရွေးကောက်ပွဲတုန်းက တာဝန်ဆိုတဲ့ စာလုံးပါ လက်ပတ်နီတွေ တပ်ဆင်ထား သူကိုသာ မဲရုံတွေမှာ တာဝန်ပေးခဲ့တာပါ။ နောက်ပိုင်း အချိန်များမှာလည်း အုပ်ချုပ်ရေး၊ လုံခြုံရေး ဆောင်ရွက်ချက်တချို့မှာ အဲဒီတာဝန် လက်ပတ်အနီ ဝတ်တွေကို ဆက်လက် အသုံးပြုခဲ့ပါတယ်။

ဒါပေမဲ့လည်း  မတ်လ ၅ ရက်နေ့က ရန်ကုန် မြို့တော်ခန်းမရှေ့ ငြိမ်းချမ်းစွာ ဆန္ဒပြနေကြတဲ့ ကျောင်းသားနဲ့ ပြည်သူတွေကို လက်ပတ်နီ ဝတ်တွေနဲ့ ရဲတပ်ဖွဲ့တို့ ဖြိုခွင်းခဲ့တဲ့အခါမှာ ဆေးမင်ကြောင် ထိုးထားတဲ့ လက်ပတ်နီဝတ် တစ်ဦးက ဆန္ဒပြ ကျောင်းသူတစ်ဦးရဲ့လည်ပင်းကို နောက်ကနေ သိုင်းချုပ်ထားခဲ့တဲ့ပုံက မီဒီယာမှာ ဖော်ပြပြီး နောက်ပိုင်းမှာတော့ လက်ပတ်နီတွေကို တာဝန်ပေးဖို့ မဖြစ်နိုင်တော့ဘူးလို့ သင်္ဃန်းကျွန်းမြို့နယ်၊ မြို့နယ် အထောက်အကူပြုအဖွဲ့  ဥက္ကဋ္ဌ ဦးခင်ဝေက ဆိုပါ တယ်။

အထူးရဲ ဆိုသူတွေဟာ ဘယ်သူတွေလဲ

အထူးရဲအတွက် ခေါ်ယူခဲ့သူ အများစုက အရပ်သားတွေသာဖြစ်ကြပြီး မြို့နယ်အလိုက်ရှိနေတဲ့ အရန်မီးသတ်၊ ကြက်ခြေနီ၊ စစ်မှုထမ်းဟောင်း၊ ရပ်ကွက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့မှာ လုပ်ကိုင်ဖူးသူ တွေသာ ပါဝင်တယ်လို့ သင်္ဃန်းကျွန်းမြို့နယ် ရဲတပ်ဖွဲ့မှ ဒုရဲအုပ်ခင်မောင်ကြိုင်က ပြောပြတယ်။

အထူး ရဲတပ်ဖွဲ့ဝင်တစ်ဦး လစာကျပ် ၁၅ဝ,ဝဝဝ၊ နေ့တွက်စရိတ် ကျပ် ၁,ဝဝဝ ပေးမယ်လို့ သိရပါတယ်။
စိတ်ဝင်တစား တာဝန်ယူလိုတဲ့ထဲမှာ အသက် ၄၅ နှစ်ရှိပြီဖြစ်တဲ့ ဦးခင်မောင်ထွန်းလည်း ပါဝင် ပါတယ်။

“တာဝန်ထမ်းဆောင်ခွင့် ရတာကို ဂုဏ်ယူပါတယ်။ ရှေ့လျှောက်လည်း သူတို့နဲ့ ပြည်သူ့အကျိုး ဆောင်ရွက်ချက်တွေမှာ လက်တွဲသွားဦးမှာပါ။ အခုမှ ရွေးကောက်ပွဲကြောင့် နိုင်ငံတော်နဲ့ ပူးပေါင်း   ဆောင်ရွက်ခွင့်ရတာ။ အရင်တုန်းက ဒီလိုမျိုး ရဲလုပ်ရလိမ့်မယ်လို့ တွေးလည်း မတွေးထားခဲ့ဘူး” လို့ ဦးခင်မောင်ထွန်းက ပြောပါတယ်။

အရန်မီးသတ်တပ်ဖွဲ့မှာ တာဝန် ထမ်းဆောင်ခဲ့စဉ်ကတည်းက ရဲတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေး အပိုင်းနဲ့ နယ်မြေလုံခြုံရေး၊ လှည့်ကင်း ဆောင်ရွက်ချက်များ၊ ဥပဒေစိုးမိုးရေး ကိစ္စတွေမှာ အတူတကွ လက်တွဲ ဆောင်ရွက်ခဲ့တဲ့အတွက် မြို့နယ်ရဲတပ်ဖွဲ့ရဲ့ ဂုဏ်ပြုဆုလက်မှတ် ရရှိခဲ့ဖူးတယ်လို့ သူက ဆက်ပြောပြတယ်။

အထူးရဲတာဝန်ကို ထမ်းဆောင်ဖို့ တက်ကြွနေသူ တစ်ဦးကတော့ သင်္ဃန်းကျွန်းမြို့နယ်၊ နှင်းဆီကုန်း(က) ရပ်ကွက်နေ  အသက် ၅၅ နှစ်အရွယ် ဦးစောသိန်း ဖြစ်ပါတယ်။

“ရပ်ကွက်အုပ်ချုပ်ရေးတို့၊ အာဏာပိုင်တို့နဲ့ ဒီတစ်ကြိမ်က ပထမဆုံး တွဲလုပ်ခဲ့ဖူးတာပဲ။ ကျွန်တော်က ဘာသာရေး၊ လူမှုရေးတွေပဲ လုပ်ခဲ့တာ၊ တစ်ခါမှ တိုင်းပြည်အတွက် မလုပ်ခဲ့သေးဘူး၊ ဒီ တစ်ကြိမ်တော့ အတွေ့အကြုံရအောင် လုပ်ကြည့်မှပဲဆိုပြီး ဝင်လုပ်တာ” လို့ ဦးစောသိန်းကဆိုပါတယ်။ “ဒါပေမယ့် အခုတာဝန်ပြီးသွားရင် သန္ဓေဝင်ရဲ ဆက်လုပ်ဖို့တော့ အစီအစဉ် မရှိဘူး”

အထူးရဲ တာဝန်တွေက ဘာတွေလဲ

အထူးရဲတွေအနေနဲ့  တာဝန် ထမ်းဆောင်တဲ့အခါမှာ ထိန်းထိန်းသိန်းသိန်းနဲ့ လုပ်ဖို့၊ ဆန္ဒမလွန် ကဲဖို့၊ စိတ်မစောဖို့၊ မတွေဝေဖို့နဲ့ မလိုလားအပ်တဲ့ အပြုအမူတွေကို မလုပ်လုပ်မိဖို့ အလွန်အရေးကြီး တယ်လို့ သင်္ဃန်းကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်လွင်က သင်တန်း အဖွင့်မိန့်ခွန်းမှာ ပြောဆိုပါ တယ်။

“ကိုယ်လုပ်ရမယ့် တာဝန်ဟာ ရွေးကောက်ပွဲဥပဒေပါ တားမြစ်ချက်တွေကို မကျူးလွန်အောင် ဆောင်ရွက်ဖို့၊ တားဆီးပေးဖို့ပဲ။ ရပ်ကျေးကော်မရှင်က ခိုင်းတဲ့ကိစ္စ ဆိုရင်တောင် မဲရုံမှူးကို အသိပေး ပြီးမှ ဆောင်ရွက်ဖို့ လိုတယ်” လို့ ဦးကျော်လွင်က ဆိုပါတယ်။

“ကိုယ့်ကြောင့် ပြဿနာ မကြီးထွားဖို့ လိုတယ်။ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပါ တားမြစ်ချက် တွေကို အထူးရဲကိုယ်တိုင်က ကျူးလွန်တယ်ဆိုရင်တော့ အင်မတန် နာမည်ပျက်စရာ ဖြစ်တယ်။ ကိုယ်တိုင်လည်း အရေးပြန်ယူခံရမှာ ဖြစ်တယ်” သင်္ဃန်းကျွန်းမြို့နယ် အထူးရဲ စစ်ရေးနည်းပြ၊ ရဲအုပ် သက်ဦးကတော့ အထူးရဲတွေဟာ ရွေးကောက်ပွဲပြီးရင် ရပ်ကွက်ထဲ ပြန်နေကြရမှာဖြစ်ပြီး အထူးရဲ တာဝန် ထမ်းဆောင်ဖူးသူ တစ်ဦးရဲ့ သိက္ခာကို ထိန်းသိမ်းကြမယ်လို့ မျှော်လင့်နေပါတယ်။

အထူးရဲတွေ လိုက်နာရမယ့် အချက် ၁၂ ချက်ကို အမြဲမပြတ် အလွယ်တကူ ဖတ်ရှုနိုင်ဖို့ အိတ်ဆောင် လက်ကမ်းစာစောင်နဲ့ ဖြန့်ဝေထားတယ်၊  အဲဒီထဲမှာ အရေးအကြီးဆုံးက အထူးရဲတွေ ဟာ မဲရုံမှူးရဲ့ ခွင့်ပြုချက်နဲ့ မဲရုံထဲကို ဝင်ရောက်ခြင်းကလွဲရင် ဘယ်သောအခါမှ မဲရုံထဲကို ဝင်ရောက် ခြင်း မပြုဖို့ ဆိုတဲ့ အချက်ပါပဲလို့ သင်္ဃန်းကျွန်းမြို့နယ် အထူးရဲစစ်ရေးနည်းပြ၊ ရဲအုပ်သက်ဦးက ဆိုပါတယ်။ “သူတို့မှာ တစ်စုံတစ်ဦးကို ဖမ်းဆီးပိုင်ခွင့်ဆိုတာ မရှိပါဘူး” လို့ ရဲအုပ်က ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly