“ မလှိမ့်တစ်ပါတ် မရိုးမသားပါတီ မဲဆွယ်စည်းရုံးမှု”

“ မလှိမ့်တစ်ပါတ် မရိုးမသားပါတီ မဲဆွယ်စည်းရုံးမှု”

အခုရက်ပိုင်း မီဒီယာလောကထဲမှာ လူပြောသူပြော များနေတာကတော့ အစိုးရပိုင် မြန်မာ့အလင်း နဲ့ ကြေးမုံသတင်းစာကြီး နှစ်စောင်ကနေ ရွေးကောက်ပွဲဆိုင်ရာ စာနယ်ဇင်းတွေ လိုက်နာ စောင့်ထိန်းရမယ့် ကျင့်ဝတ် ချိုးဖေါက်လိုက်တဲ့ ကိစ္စပါ။ တကယ်တော့ ဒီလို ကျင့်ဝတ် ချိုးဖေါက် တာဟာ အစိုးရက အပြည့် အဝ ထိန်းချုပ်ထားတဲ့ သတင်းစာကြီး နှစ်စောင်တင် မကပါဘူး။ သတင်းဇာတ်ကောင်တွေ ဖြစ်ကြတဲ့ သမ္မ တ ဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့၊ ပြည်ခိုင်ဖြိုးပါတီ နှစ်ခု စလုံးကပါ ချိုးဖေါက်တယ်လို့တောင် ဆိုနိုင်ပါတယ်။ ဒီကနေ့ အဲဒီအကြောင်း ဆွေးနွေး တင်ပြသွား ပါ့မယ်။

ပထမ သမ္မတ ဦးသိန်းစိန်နဲ့ ရွေးကောက်ပွဲအကြောင်း အရင် ဆွေးနွေးကြည့်ရအောင်ပါ။ လက်ရှိ ဖွဲ့စည်းပုံ၂၀၀၈ ထဲမှာ သမ္မတနဲ့ အစိုးရအဖွဲ့ ဝန်ကြီးတွေဟာ သူတို့ရဲ့ အစိုးရတာဝန် သက်တမ်းအတွင်း ပါတီနိုင်ငံရေး မဆောင်ရွက်ရဘူးလို့ ပြဌာန်းထားပါတယ်။ အစိုးရ သက်တန်းလို့ ဆိုထားတဲ့အတွက် တာဝန် စထမ်းဆောင်ချိန်က စပြီး တာဝန်ကနေ နှုတ်ထွက်၊ ဒါမှမဟုတ် အနားယူမယ့် အချိန်အထိ အကျုံးဝင်ပါ တယ်။ ဒါပေမယ့် ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေမှာတော့ ရွေးကောက်ပွဲ မဲဆွယ်ကာလ ရောက်ရင် ရွေးကောက်ပွဲဝင်မယ့် သမ္မတနဲ့ အစိုးရ အဖွဲ့ဝင်တွေဟာ မဲဆွယ်စည်းရုံးရေး လုပ်ငန်းတွေ လုပ်နိုင်တယ် ဆိုပြီး ပြဌာန်းပေးထားပါတယ်။

အဲဒီ ပြဌာန်းချက်နဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ လွှတ်တော် အစည်းအဝေး ကာလအတွင်း လွှတ်တော် နာယက သူရဦးရွှေမန်းက ပြင်ဆင်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ သူက ဥပဒေပါပါတီ စည်းရုံးရေး လုပ်နိုင် တယ်ဆိုတာကို ဖြုတ်ပစ်လိုက် ချင်တာပါ။ သူအဲလို ပြင်ဆင်ချင်တဲ့ အကြောင်းရင်းကတော့ လာမယ့် မဲဆွယ် ရွေးကောက်ပွဲကာလ ပြီးသည်အထိ သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ ဘယ်သူ တစ်ဦးတစ်ယောက်မှ ပြည်ခိုင်ဖြိုးပါတီဆီ ပြန်မလာနိုင်အောင်၊ အခြား ဘယ်ပါတီ တစ်ခုခုဆီမှလည်း သွားမရအောင်၊ ပါတီ အသစ်တစ်ခုခုလည်း မထောင်နိုင်အောင် ကြံရွယ်ပြီး လုပ်တာပါ။ သမ္မတနဲ့ အစိုးရ အဖွဲ့ဝင်တွေ ရွေးကောက်ပွဲဝင်ချင်ရင် တစ်သီးပုဂ္ဂလအနေနဲ့ ရွေးကောက်ပွဲ ဝင်ကြလို့ ဆိုလိုတာပါ။ ဒါပေ မယ့်လည်း သူရဦးရွှေမန်းရဲ့ ကြိုးစားမှု မအောင်မြင်ခဲ့သလို ဂိုဏ်းဂဏ တိုက်ပွဲအတွင်း သူကိုယ်တိုင် ပါတီခေါင်းဆောင် အဖြစ်ကနေ ဖယ်ရှားခံခဲ့ရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် လက်ရှိ တည်ဆဲဥပဒေအရ သမ္မတ ဦးသိန်းစိန်သာ ရွေးကောက်ပွဲ ဝင်မယ်ဆိုရင် ပါတီစည်းရုံးရေး မဲဆွယ်ခွင့်ရှိမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲ မဝင်ဘူးဆိုရင်တော့ မဲဆွယ်စည်း ရုံးခွင့် ရှိမှာ မဟုတ်ပါဘူး။ လက်ရှိ ရွေးကောက်ပွဲဝင်ကြမယ့် ဒုသမ္မတတွေ၊ အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေ အနေနဲ့ မဲဆွယ်စည်းရုံးခွင့် ရှိကြသလို၊ စည်းရုံးမှုတွေကိုလည်း လုပ်နေကြပါပြီ။ တစ်ခုပါပဲ၊ ပါတီ မဲဆွယ် စည်းရုံးရေး လုပ်ငန်းလုပ်ရာမှာ အစိုးရတာဝန်နဲ့ ခွဲခွဲခြားခြား လုပ်ကြဖို့ပါပဲ။ ဒါပေမယ့် ခုဆိုရင် တစ်ချို့ အစိုးရ ဝန်ကြီးတွေ မဲဆွယ်စည်းရုံးရေး လုပ်ရာမှာ အစိုးရ လုပ်ငန်းတာဝန်တွေနဲ့ ခွဲခွဲခြားခြား မရှိဘူး၊ ရောထွေးနေတယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ရှိနေကြပါတယ်။

အခုပြဿနာမှာလည်း ဒီလိုပါပဲ။ သမ္မတ ဦးသိန်းစိန်အနေနဲ့ ရွေးကောက်ပွဲဝင်မယ့်သူ မဟုတ်တော့ မဲဆွယ်စည်းရုံးခွင့် မရှိပါဘူး။ ဒီအတွက် သူသွားသမျှ ခရီးစဉ်တွေဟာ အစိုးရလုပ်ငန်း ဆောင်တာတွေနဲ့ ပတ်သက်တဲ့ ခရီးစဉ်တွေဖြစ်ဖို့လိုပြီး ခရီးသွားလာတဲ့ ပုံစံတွေမှာလည်း အရင်တုန်းကအတိုင်း အစိုးရခရီး စဉ် ပုံစံတွေ ဖြစ်နေဖို့ လိုပါတယ်။ အခု ဝိုင်းဝန်း ဝေဖန်ကြတဲ့ မိတ္တီလာခရီးစဉ်မှာ သမ္မတ ဦးသိန်းစိန်ကို ကြိုဆိုကြတဲ့ သူတွေဟာ ပြည်ခိုင်ဖြိုးပါတီ အလံငယ်လေးတွေ ထောင်ပြီး ကြိုဆိုနေကြတာ တွေ့ရပါတယ်။ တကယ်တော့ ဒီလိုဖြစ်လို့ မရပါဘူး။ ခရီးစဉ်ကို စီစဉ်တဲ့သူတွေဟာ သမ္မတလာမှာကို ကြိုဆိုတဲ့သူတွေထဲ နိုင်ငံရေးပါတီ တစ်ခုခုရဲ့ အလံတွေပါလာရင် မေတ္တာရပ်ခံ တားဆီးပေးထားဖို့ လိုပါတယ်။ ဖြစ်နိုင်ရင် နိုင်ငံ တော်အလံကို ကိုင်ပြီး ကြိုနိုင်အောင် စီစဉ်ပေးရင် ရပါတယ်။ အခု ခရီးစဉ်မှာတော့ ပြည်ခိုင်ဖြိုးပါတီ အလံ တွေဝှေ့ရမ်းပြီး ကြိုဆိုနေပုံကတော့ ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းစည်းကမ်းကို မလိုက်နာရာ ကျပါ တယ်။

ပြဿနာကို ပိုပြီး ကြီးထွားစေတာကတော့ အစိုးရ ပြန်ကြားရေး ဝန်ကြီးဌာနက အတိအကျ ကိုင်တွယ်ထားတဲ့ သတင်းစာ ဖော်ပြချက်ပါ။ မျက်နှာဖုံးမှာ မိတ္တီလာမြို့နှင့် မိတ္တီလာလွင်ပြင် တစ်ခုလုံး အစိမ်းရောင်လွင်ပြင် ဖြစ်ရမည်ဆိုတဲ့ ခေါင်းစဉ်ကြီးတွေနဲ့ သတင်းရေးသား ဖော်ပြမှုပါ။ မှန်ပါတယ်။ အတွင်း သတင်းစာသားတွေမှာတော့ သမ္မတ ဦးသိန်းစိန်က မိတ္တီလာ ပတ်ဝန်းကျင်ကို စိမ်းလန်းစိုပြေ စေရမယ်ဆိုပြီး ပြောထားတာပါ။ ဒါပေမယ့် ခေါင်းစဉ်တပ်ပုံ၊ သမ္မတကို ပြည်ခိုင်ဖြိုးပါတီ အလံတွေနဲ့ ကြိုဆိုနေပုံ၊ အစိမ်းရောင်ဆိုတာ ပြည်ခိုင်ဖြိုးပါတီရဲ့ သင်္ကေတအဖြစ် ပါတီခေါင်းဆောင်တွေ ကိုယ်တိုင် တင်စား ပြောဆိုနေမှု စတာတွေ အားလုံးကို ခြုံငုံကြည့်လိုက်ရင်တော့ ဒါဟာ ပါတီမဲဆွယ်မှု အနေအထား ရှိတဲ့ သတင်းဖော်ပြချက် ဖြစ်သွားပါတော့တယ်။
ထုံးစံအတိုင်းပါပဲ။ ဒါနဲ့ ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က သူ့ရဲ့ ဖေ့ဘွတ်ခ် စာမျက်နှာ မှာ အခု သတင်းဖော်ပြချက်နဲ့ ပတ်သက်ပြီး “မြို့ ကြီး ရေလှောင်တမံနဲ့ မိတ္ထီလာကန် ပြီးတော့ မိတ္ထီလာ လွင်ပြင်ထဲက ရေပေးဝေစနစ် ဒါကြောင့် သမ္မတကြီးက မိတ္ထီလာမြို့နဲ့ မိတ္ထီလာ လွင်ပြင်တစ်ခုလုံး အစိမ်း ရောင် လွင်ပြင်ဖြစ်ရမယ်လို့ ပြောတာပေါ့” ဆိုပြီး ဖြေရှင်းပါတယ်။ မိုးကြိုးပစ်တာကို ထန်းလက်နဲ့ ကာသလို ပါပဲ။ ဒီလို ဖြေရှင်းချက်တွေဟာ ဖြေရှင်းချက် အဖြစ်လောက်ပဲ ရှိနေမှာဖြစ်ပြီး အများပြည်သူကတော့ လက်ခံနိုင်မှာ မဟုတ်ပါဘူး။

တကယ်တော့ အစိုးရက အပြည့်အဝ ထိန်းချုပ်ထားတဲ့ သတင်းစာ၊ ရေဒီယို၊ ရုပ်သံချယ်နယ်တွေ အားလုံးမှာ အဓိက အသားပေး ဖော်ပြနေတာတွေဟာ သမ္မတ ဦးသိန်းစိန် ခရီးစဉ်နဲ့ အစိုးရအဖွဲ့ရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေ ချည်းပါပဲ။ ပြောရရင် ရွေးကောက်ပွဲ မဲဆွယ်ကာလမှာ သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့ ခရီးစဉ်တွေအကြောင်း ခပ်စိပ်စိပ် ဖော်ပြတာတောင် သွယ်ဝိုက်တဲ့သဘောနဲ့ ပါတီစည်းရုံးရေး အသွင် ဆောင်နေပြီးသားပါ။ အကြောင်းကတော့ သမ္မတ ဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့ဝင်တွေ အားလုံးဟာ ပြည်ခိုင်ဖြိုး ပါတီဝင်တွေ ဖြစ်နေပြီးသားမို့ပါ။

အခုအစိုးရ သတင်းစာပါ သမ္မတခရီးစဉ် သတင်းဖော်ပြချက်ကတော့ မလှိမ့်တစ်ပတ် မရိုးမသား လုပ်ထားတဲ့ မဲဆွယ်စည်းရုံးရေး သတင်းပါ။ ဒီလို လုပ်တဲ့အတွက် သမ္မတ၊ ပြည်ခိုင်ဖြိုးပါတီနဲ့ ပြန်ကြားရေး ဝန်ကြီးဌာနကို ဘယ်သူကမှ အရေးယူမှာတော့ မဟုတ်ပါဘူး။ အလားတူ သမ္မတနဲ့ ရင်းနှီးတဲ့ ပြည်ထောင် စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌကလည်း ဘာမှပြောမှာ မဟုတ်ပါဘူး။ ဒါပေမယ့် သမ္မတ၊ ပြည်ခိုင်ဖြိုးပါ တီ၊ ပြန်ကြားရေး ဝန်ကြီးဌာနနဲ့ အစိုးရ သတင်းစာတွေကိုတော့ ပြည်သူလူထု ပိုပိုပြီး အယုံအကြည်နည်း စေတဲ့ အကျိုးဆက်ပဲ ရမှာဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly