အသက် ၅ နှစ်အောက် ကလေးများအား ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ကာကွယ်ဆေးတိုက်ကျွေးမှု ဖေဖော်ဝါရီတွင် စတင်မည်

အသက် ၅ နှစ်အောက် ကလေးများအား ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ကာကွယ်ဆေးတိုက်ကျွေးမှု ဖေဖော်ဝါရီတွင် စတင်မည်

ဇန်နဝါရီ ၁၄ ရက် ။        ။ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်ဖြစ်ပွားမှု ကာကွယ်နိုင်ရေးအတွက် အသက်ငါးနှစ်အောက် ကလေးငယ်များ  ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေးတိုက်ကျွေးခြင်း အစီအစဉ်ကို လာမည့် ဖေဖော်ဝါရီ ၁ ရက်နေ့မှ  စတင်၍ တစ်နိုင်ငံလုံးတွင် တိုက်ကျွေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၊ ညွန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က ပြောသည်။

ဇန်နဝါရီလ ၁၄ ရက်နေ့ ၊ ရန်ကုန်မြို့ ၊ Chatrium Hotel တွင် ပြုလုပ်သော  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏  ပုံမှန်ကာကွယ်ဆေးထိုးဆေးတိုက်အစီအစဉ်တစ်ခုဖြစ်သည့် ရိုတာဗိုင်းရပ်ကာကွယ်ဆေးနှင့် ဆုံဆို့/မေးခိုင် ပါဝင်သော ကာကွယ်ဆေး ( Penta 4) ကို  စတင်ထည့်သွင်းတိုက်ကျွေး ၊ ထိုးနှံခြင်း အစီအစဉ် သတင်းစာရှင်းလင်းပွဲမှာ   အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။

“   ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေးဟာ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် ( ၁၂ ) မျိုးမြောက်ထည့်သွင်းနိုင်သော ကာကွယ်ဆေးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ကာကွယ်ဆေး အသစ်ထည့်သွင်းထိုးနှံဖို့ဆိုတာ နိုင်ငံအတွင်းမှာ ဖြစ်ပွားသော ကူးစက်ရောဂါအခြေအနေ ၊ သေဆုံးမှုနှုန်း ၊ ဘဏ္ဍငွေ ရရှိမှု အခြေအနေ ၊ အအေးလမ်းကြောင်း ထိန်းပစ္စည်းရရှိမှုများအပေါ်တွင် မူတည်ပြီး   စဉ်းစားပြီးဆောင်ရွက်ရတဲ့ လုပ်ငန်းဖြစ်ပါတယ် “  ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၊ ညွှန်ကြားရေးမှူးချုပ် ၊ ဒေါက်တာ သာထွန်းကျော်က    ပြောသည်။

ပုံမှန်ကာကွယ်ဆေးထိုးဆေးတိုက် အစီအစဉ်တွင်  ရိုတာဗိုင်းရပ် (စ်) ကာကွယ်ဆေးသည်   (၁၂)မျိုးမြောက် ထည့်သွင်းလိုက်သည့် ကာကွယ်ဆေးတစ်မျိုးဖြစ်ပြီး ရိုတာဗိုင်းရပ်(စ်)ကာကွယ်ဆေးနှင့်အတူ ဆုံဆို့ - မေးခိုင်ပါဝင်တဲ့ ကာကွယ်ဆေး (စတုတ္တအကြိမ်) ကိုလည်း စတင်ကာ ထည့်သွင်းထိုးနှံသွားမည်ဖြစ်ကြောင်း သိရသည်။

ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေး တိုက်ကျွေးခြင်းအတွက် နိုင်ငံတော်မှ ၁၂ ရာခိုင်နှုန်း အကုန်အကျခံထားကာ  အလှူရှင်အဖွဲ့အစည်းဖြစ်သည့် Gavi the Vaccine Alliance အဖွဲ့အစည်းက ၈၈ ရာခိုင်နှုန်း ထည့်ဝင်လှူဒါန်းထားကြောင်းသိရသည်။ ငါးမျိုးစပ်ကာကွယ်ဆေးနှင့် အသည်းရောင်အသားဝါ(ဘီ) ကာကွယ်ဆေးကိုတော့ နိုင်ငံတော်က အလုံးစုံ အကုန်အကျခံသွားမည်ဖြစ်ကြောင်း သိရသည်။

ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေးကို ၂၀၁၉ ခုနှစ် ၊ ဒီဇင်ဘာ ၁ ရက်နေ့မှ  စတင်မွေးဖွားလာသည့် ကလေးငယ်များအား ၂ လသားအရွယ်တွင် ပထမအကြိမ် ၊ ၄ လသားအရွယ်တွင် ဒုတိယအကြိမ်အဖြစ် တိုက်ကျွေးသွားမည်ဖြစ်ကြောင်း သိရသည်။

၂၀၀၄ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါြဖင့် ဆေးရုံတက်ရောက်ကုသမှုခံယူခဲ့ရသည့် အသက်(၅)နှစ်အောက် ကလေးငယ်များတွင် ရိုတာဗိုင်းရပ်(စ်)ပိုး တွေ့ရှိမှုနှုန်း ၃၈ ရာခိုင်နှုန်း မှ ၅၆ ရာခိုင်နှုန်းအထိ ရှိခဲ့ကြောင်း သိရသည်။

“ ဖွံဖြိုးပြီး နိုင်ငံတွေမှတောင် ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများ မြှင့်တင့်လုပ်ဆောင်ပေမယ့်   ရိုတာဗိုင်းရပ်(စ်) ပိုးကြောင့်  ဖြစ်သော ဝမ်းပျက်ဝမ်းလျှောရောဂါကို ထိရောက်စွာ ကာကွယ်နိုင်ခြင်း မရှိကြောင်း တွေ့ရပါတယ်။  ရိုတာဗိုင်းရပ်(စ်)  ကာကွယ်ဆေးကသာ ရိုတာဗိုင်းရပ်(စ်) ပိုး ကြောင့် ဖြစ်သော ဝမ်းပျက်ဝမ်းလျှော ရောဂါကို ထိရောက်စွာကာကွယ်နိုင်တဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်  “  ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၊ ညွှန်ကြားရေးမှူးချုပ် ၊ ဒေါက်တာ သာထွန်းကျော်က    ပြောသည်။

မြန်မာနိုင်ငံသည် အာရှဒေသတွင် ရိုတာဗိုင်းရပ်(စ်) ပိုးကြောင့် ဖြစ်ပွားသည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားမှု အများဆုံးနိုင်ငံစာရင်းတွင် ပါဝင်နေပြီး  အသက်(၅)နှစ်အောက် ကလေးငယ်များ သေဆုံးရသည့် အကြောင်းအရင်းတွင် ဝမ်းပျက်ဝမ်းလျှောရောဂါက တတိယအများဆုံးဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly