ဧရာဝတီမြစ်အတွင်းမှ ရွှေတူးဖော်လုပ်ငန်းများကို ဖမ်းဆီး

ဧရာဝတီမြစ်အတွင်းမှ ရွှေတူးဖော်လုပ်ငန်းများကို ဖမ်းဆီး

မန္တလေး၊ ဇန်နဝါရီ ၁၄၊ ၂၀၂၀ ။        ။ မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် ပေသောင်ကျေးရွာအနီး ဧရာဝတီမြစ်အတွင်း တရားမဝင်ရွှေတူးဖော်နေသူများကို ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ထိန်းသိမ်းရေးဥပဒေ၊ သတ္တုတွင်းဥပဒေတို့ဖြင့် အရေးယူနိုင်ရန် ဆောင်ရွက်နေသည်ဟု မန္တလေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းဦးစီးမှူး ဦးကျော်မြင့်သန်းက မဇ္ဈိမကိုပြောသည်။

ထိုသို့ တရားမဝင် ရွှေတူးဖော်နေမှုကို မန္တလေးတိုင်းဒေသကြီး ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ သတ္တုတွင်း ဦးစီးဌာန၊ သပိတ်ကျင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြို့နယ်ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ဇန်နဝါရီလ ၁၃ ရက် ညနေ က ဖမ်းဆီးခဲ့ခြင်းသည်။

"လောလောဆယ် ဖမ်းဆီးရမိတဲ့ သက်သေခံ ပစ္စည်းတွေ သိမ်းဆည်းမှုလုပ်နေပါတယ်"ဟု ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းဦးစီးမှူး ဦးကျော်မြင့်သန်းကပြောသည်။

လက်ရှိတွင် သက်သေခ့ပစ္စည်းများကိုသာ သိမ်းဆည်းနေပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ ဖမ်းဆီးထားခြင်း မရှိသေးကြောင်း တာဝန်ရှိသူများထံက သိရသည်။

ထိုသို့ ဧရာဝတီမြစ်အတွင်း တရားမဝင် ရွှေတူးဖော်နေခြင်းများကြောင့် မြစ်ကြောင်းများ ပျက်စီးခြင်း သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်းနှင့် ရွှေသတ္တုထုတ်လုပ်ရာတွင် အသုံးပြုသည့် ဓါတုပစ္စည်းများကြောင့် ရေအရည်အသွေး ပျက်ဆီးခြင်းတို့ကြောင့် အရေးယူမှု ပြုလုပ်ရကြောင်း ဦးကျော်မြင့်သန်းကပြောသည်။

ဧရာဝတီမြစ်အတွင်းတွင် သဲဗြုန်းစုပ်စက်ကြီးများတပ်ဆင်ကာ သံပိုက်များဖြင့် ကမ်းပေါ်စုပ်တင်ပြီး ရွှေများရှာဖွေနေခြင်းဖြစ်သည်။ ထိုသို့ လုပ်ကိုင်လာသည်မှာ တစ်နှစ်နီးပါးရှိပြီဖြစ်ကာ စတင်လုပ်ကိုင်စဉ်က တစ်ခု နှစ်ခုသာရှိခဲ့သော်လည်း နောက်ပိုင်းတွင် လုပ်ကိုင်သူများပြားလာ၍ စက်အလုံးရေ ၅၀ နီးပါးအထိ ရှိကြောင်းသိရသည်။

ယခုဝင်ရောက် ဖမ်းဆီးရရာတွင် စက်၁၇လုံးနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့သည်။

တရားမဝင်ရွှေတူးဖော်သူအများစုမှာ ပေသောင်ကျေးရွာအပါအဝင် နီးစပ်ရာ ကျေးရွားတစ်ချို့က လာရောက်လုပ်ကိုင်ခဲ့ကြောင်းသိရသည်။

ပေသောင်ကျေးရွာ အုပ်ချုပ်ရေးမှူးက"လုပ်တာက ကျွန်တော်တို့ ရွာကများတယ်။အခုလိုဖြစ်တော့ ရွာကလူတွေ နစ်နာတယ်"ဟုပြောသည်။

အဆိုနေရာတွင် ရွှေတူးဖော်သူအများစုသည် အလုပ်အကိုင်အခွင့်အလမ်းနည်းပါးခြင်းကြောင့် စားဝတ်နေရေး ပြေလည်စေရန် ယခုလိုတူးဖော်ခြင်းလည်း ဖြစ်သည်ဟု ပေသောင်ကျေးရွာ ရပ်မိ ရပ်ဖတစ်ဦးကဆိုသည်။

ယခုလို ရွှေတူးဖော်နိုင်ရန်အတွက် စက်များ ပိုက်များ၏ ကုန်ကျငွေမှာ ကျပ်သိန်း ၅၀မှကျပ်သိန်း ၇၀ နီးပါးကုန်ကျကြောင်းသိရသည်။

"ဖမ်းတာကို သက်ညှာစေချင်တယ်။အခုကတော့ တစ်ရွာလုံးပဲ ဒုက္ခရောက်ကုန်ပြီ"ဟု ရပ်မိ ရပ်ဖ တစ်ဦးကဆိုသည်။

ယခုကဲ့သို့ တရားမဝင် ရွှေတူးဖော်မှုများ ဖြစ်နေရခြင်းမှာ ဒေသခံများကို လက်လုပ်လက်စား လုပ်ကိုင်ခွင့် တရားဝင် ချထားမပေးနိုင်သေးခြင်းကြောင့် ဖြစ်ပေါ်နေခြင်းဖြစ်သည်ဟု ဧရာဝတီ ပြည်သူ့ကွန်ယက် အဖွဲ့မှ ညှိုနှိုင်းရေးမှူး ဦးစိုးဟိန်းကဆိုသည်။

“တပိုင်တနိုင် လုပ်ကိုင်ခွင့်ဒေသခံတွေ ချပေးနိုင်ရင် ခုလိုမျိုး တရားမဝင် တူးတာတွေရှိလာမှာမဟုတ်သလို အခွန်ငွေရမယ်။ ဒေသခံတွေ အလုပ် အကိုင်ရမယ်။ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရာရောက်မယ်" ဟု ၎င်းကပြောသည်။

ဧရာဝတီမြစ်အတွင်း တရားမဝင် ရွှေတူးဖော်နေမှုများကို အရေးယူပေးရန် အရပ်ဖက်အဖွဲ့အစည်းအချို့က မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တိုင်ကြားစာများ ပေးပို့ခဲ့သော်လည်း အရေးယူမှု မရှိခဲ့ဘဲ ပြီးခဲ့သည့်ရက်ပိုင်းက လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ပျံ့နှံ့လာပြီးနောက် ယခုကဲ့သို့ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

"ကျွန်တော်တို့က မနှစ်ကတည်းက အစိုးရအဖွဲ့ထံကို တိုင်တယ်။ ဘာမှမလုပ်ဘူး။အခု လိုင်းပေါ်တက်လာမှ ဖမ်းတော့တာပဲ "ဟု သဘာဝပတ်ဝန်းကျင် စောင့်ရှောက်ရေးအဖွဲ့မှ ဦးနွေအောင်ကပြောသည်။

ဖမ်းဆီးရေးအဖွဲ့အနေဖြင့် ဧရာဝတီ မြစ်ကမ်းတစ်လျှောက် တရားမဝင်ရွှေရှာနေမှုများကို ဆက်လက် ဖမ်းဆီးသွားမည်ဖြစ်ကာ လုံခြုံရေးအင်အားနည်းသည့်အတွက် ဖမ်းဆီးရမိသည့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းသယ်ဆောင်ရန် အခက်အခဲရှိနေသည်ဟု တာဝန်ရှိသူများက ဆိုသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required