Deloitte Football Money League ရဲ့ ကမ္ဘာ့ဝင်ငွေအကောင်းဆုံး ဘောလုံးကလပ်အဖြစ် ဘာစီလိုနာ ထိပ်ဆုံးမှာ ရပ်တည်၊ ပရီးမီးယားလိဂ်ရဲ့ ဝင်ငွေအကောင်းဆုံး ဂုဏ်ပုဒ်အတွက် စိုးရိမ်နေရပြီဖြစ်တဲ့ မန်ယူနိုက်တက်

Deloitte Football Money League ရဲ့ ကမ္ဘာ့ဝင်ငွေအကောင်းဆုံး ဘောလုံးကလပ်အဖြစ် ဘာစီလိုနာ ထိပ်ဆုံးမှာ ရပ်တည်၊ ပရီးမီးယားလိဂ်ရဲ့ ဝင်ငွေအကောင်းဆုံး ဂုဏ်ပုဒ်အတွက် စိုးရိမ်နေရပြီဖြစ်တဲ့ မန်ယူနိုက်တက်

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ရာသီက ပထမဆုံးအကြိမ်အဖြစ် ဥရောပမှာရှိတဲ့ အခြားဘယ်ကလပ်အသင်းတွေထက်မဆို ဝင်ငွေပိုမိုများပြားစွာ ရရှိခဲ့တယ်လို့ လေ့လာမှုတစ်ခုက ဆိုပါတယ်။

ငွေကြေးနဲ့ စာရင်းအင်းဆိုင်ရာ ဝန်ဆောင်မှုပေးတဲ့ Deloitte ကုမ္ပဏီရဲ့ Football Money League အရ စပိန်ကလပ်အသင်းဟာ ၂၀၁၈-၁၉ ရာသီမှာ ဝင်ငွေ ပေါင် (၇၄၁.၁)သန်း ရရှိခဲ့တယ်လို့ သိရပါတယ်။

ရီးယဲလ်မက်ဒရစ်ကတော့ ဘာကာနဲ့ အထက်အောက် နေရာခြင်း လဲလှယ်ခဲ့ပြီး ပေါင် (၆၆၇.၅)သန်းနဲ့ ဒုတိယနေရာကို ဆင်းပေးခဲ့ရတာပါ။ မန်ချက်စတာယူနိုက်တက်က ပေါင် (၆၂၇.၁) သန်းနဲ့ တတိယနေရာမှာ ရပ်တည်နေပါတယ်။

သရဲနီတို့ဟာ လာမယ့်နှစ်မှာ "ပရီးမီးယားလိဂ်ရဲ့ ဝင်ငွေအများဆုံးကလပ်အသင်းအဖြစ် ရပ်တည်မှုကို ပထမဆုံးအကြိမ် ဆုံးရှုံးသွားနိုင်ဖွယ်ရှိတယ်"လို့ ပြောလို့ရပါတယ်။

ထိပ်ဆုံး (၂၀)သင်းစာရင်းမှာ ဘယ်အသင်းတွေ ပါဝင်သလဲ?


ဘာစီလိုနာက ဘာလို့ ထိပ်ဆုံးက ရပ်တည်နေတာလဲ?

Deloitte ရဲ့ (၂၃)ကြိမ်မြောက် ထုတ်ပြန်တဲ့ Football Money League မှာ ပထမနဲ့ ဒုတိယတို့ကြား ဝင်ငွေ ကွာဟချက် (ယူရို ၈၃ သန်း/ပေါင် ၇၃.၆ သန်း)ဟာ ဘယ်တုန်းကမှ မကြီးမားခဲ့ပါဘူး။

ဘာကာရဲ့ တစ်နှစ်ထက်တစ်နှစ် ဘဏ္ဍာဝင်ငွေ မြင့်တက်လာတာဟာ အသင်းရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ် ကြော်ငြာလုပ်ငန်းတွေနဲ့ မူပိုင်ခွင့်လိုင်စင်တွေကနေ အကျိုးအမြတ်များ ရယူဖော်ဆောင်နိုင်တာကြောင့်ဖြစ်ပါတယ်။

Deloitte ရှိ အားကစားဆိုင်ရာ စီးပွားရေးဂရုမှာ ပါဝင်တဲ့ ဒန်ဂျုံးစ်က "ဘာစီလိုနာဟာ စျေးကွက် အခြေအနေတွေ ပြောင်းလဲမှုမှာ လိုက်လျောညီထွေအောင် ရုပ်သံထုတ်လွှင့်မှု ဝင်ငွေအပေါ် မှီခိုမှုကို လျှော့ချပြီး ၎င်းရဲ့ ထိန်းချုပ်မှုအတွင်းမှာ ဝင်ငွေကြီးထွားလာမှုအပေါ် အာရုံစိုက်လုပ်ဆောင်တဲ့ ဥပမာပြလို့ရတဲ့ ကလပ်အသင်းတစ်သင်းပါ။"လို့ မှတ်ချက်ပေးခဲ့ပါတယ်။

Deloitte က ဘာစီလိုနာဟာ လာမယ့်နှစ်ရဲ့ ရပ်တည်မှုမှာ နံပါတ်တစ်နေရာ ဆက်ရှိနေမယ်လို့ ခန့်မှန်းထားပြီး ကတ်တလန်အသင်းဟာ လာမယ့်နှစ်များအတွင်းမှာ ယူရိုတစ်ဘီလီယံကျော် ဝင်ငွေရရှိတဲ့ ပထမဆုံးကလပ်အသင်းဖြစ်လာဖို့ ရည်မှန်းထားတဲ့ အောင်မြင်မှု့ လမ်းကြောင်းပေါ်မှာ ရှိနေတယ်လို့ ဆိုပါတယ်။

အိုးထရက်ဖို့ဒ်မှာ ဘာမှားနေလဲ?

Deloitte က "ကလပ်အသင်းတွေရဲ့ဆက်စပ်တဲ့ ကြွယ်ဝမှု ဒါမှမဟုတ် တန်ဖိုးကို စစ်ဆေးကြည့်ရှုဖို့ နည်းလမ်းများစွာ ရှိ"ပေမယ့် ၎င်းရဲ့ ဝင်ငွေတိုင်းတာမှုဆိုတဲ့ မေးခွန်းအတွက် ကလပ်အသင်းများရဲ့ ဘဏ္ဍာရေးဆိုင်ရာ ထုတ်ပြန်ချက်တွေကနေ တိုက်ရိုက်ထုတ်ယူခဲ့ပါတယ်လို့ ဆိုပါတယ်။

ရုပ်သံထုတ်လွှင့်မ ှုစာချုပ်တွေကနေ ရတဲ့ ငွေကြေးဟာ ကလပ်အသင်းတွေအတွက် အရေးပါဆုံးဖြစ်ပြီး စုစုပေါင်းဝင်ငွေရဲ့ (၄၄)ရာခိုင်နှုန်းအထိ ပါဝင်ပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ တစ်နှစ်ထက်တစ်နှစ်ဝင်ငွေဟာ ပေါင် (၅၈၉.၈)သန်းကနေ ပေါင် (၆၂၇.၁)သန်းထိ မြင့်တက်လာပါတယ်။ ဒါပေမယ့် ၂၀၁၉-၂၀ အတွက် ခန့်မှန်းခြေဝင်ငွေမှာ ပေါင်သန်း (၅၆၀) ကနေ (၅၈၀)ကြားဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ကလပ်အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်လွှဲချော်ခဲ့တာကြောင့်ဖြစ်ပါတယ်။

Deloitte က အဲဒီကိန်းဂဏန်းတွေအရ "သရဲနီတို့ဟာ လာမယ့်နှစ်မှာ ထုတ်ပြန်မယ့် Money League ရပ်တည်မှုနေရာမှာ အနိမ့်ဆုံးကျဆင်းသွားနိုင်တာကို တွေ့ရနိုင်ဖွယ်ရှိတယ်။"လို့ ပြောပါတယ်။

"'ဒါဟာ ပရီးမီးယားလိဂ်ရဲ့ ဝင်ငွေအများဆုံးရရှိတဲ့ ကလပ်အဖြစ်ကနေ Money League သမိုင်းတစ်လျှောက်မှာ ပထဆုံးအကြိမ်အဖြစ် သူ့ရဲ့နေရာကို ဆုံးရှုံးရမယ့် အန္တရယ်ရှိတဲ့ အနေအထားဆီ တွန်းပို့နေတာလည်းဖြစ်ပါတယ်။"

Deloitte ရှိ အားကစားဆိုင်ရာ စီးပွားရေးဂရုက အကြီးတန်းမန်နေဂျာ ဆမ်ဘိုးလ်က "ဝင်ငွေအပိုင်းမှာ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရဲ့ အကျိုးသက်ရောက်မှုနဲ့ စွမ်းဆောင်ရည်တွေဟာ လန်ဒန်နဲ့ အနောက်မြောက်ပိုင်းမှာ မြင်တွေ့ရပါတယ်။ လီဗာပူးလ်၊ မန်ချက်စတာစီးတီးနဲ့ စပါးတို့ဟာ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ကို ရောက်ရှိနေတာပါ။ ဒါနဲ့ ဆက်စပ်လို့ အာဆင်နယ်ရဲ့ ကျဆင်းမှုဟာ နှစ်နှစ်ဆက်တိုက် ဒီပြိုင်ပွဲမှာ မပါဝင်နိုင်ခြင်းရဲ့ တိုက်ရိုက်ရလဒ်တစ်ခုဖြစ်တယ်။ ဒီလိုအဖြစ်မျိုးကို မန်ချက်စတာယူနိုက်တက်နဲ့လည်း ကြုံတွေ့ရနိုင်ပါတယ်။"

လန်ဒန်ကို ကြီးစိုးထားတဲ့ စပါး

ပရီးမီးယားလိဂ်ဟာ Money League ရဲ့ ထိပ်ဆုံး (၂၀)သင်းစာရင်းမှာ အသင်း (၈)သင်းနဲ့ အများဆုံးလွှမ်းမိုး နေရယူထားပါတယ်။

တော့တင်ဟမ်ဟမ်ဟာ ဝင်ငွေ ပေါင် (၄၅၉.၃)သန်းနဲ့ (၂၁)ရာခိုင်နှုန်း တိုးမြှင့်ခြင်းက သူတို့အတွက် အမြင့်မားဆုံး ရပ်တည်မှုအဖြစ် အဆင့် (၈)နေရာမှာ ရပ်တည်ပြီး အောင်မြင်ခဲ့ပါတယ်။

စပါးအသင်းဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲဆီ တက်လှမ်းခဲ့ခြင်းနဲ့ ကွင်းသစ်ကို ပြောင်းရွှေ့ခဲ့တဲ့ ရာသီတစ်ရာသီဖြတ်သန်းပြီးနောက်မှာတော့ စီးပွားရေးရင်းမြစ်တွေနဲ့ ရုပ်သံထုတ်လွှင့်သူတွေဆီကနေ ဝင်ငွေရရှိမှု တိုးလာတာကြောင့် အခုလို ခုန်တက်ခဲ့တာလို့ Deloitte က ပြောပါတယ်။

အခုဆိုရင် စပါးအသင်းဟာ လန်ဒန်မှာ တခြားသော ဘယ်ကလပ်အသင်းထက်မဆို ဝင်ငွေ ပိုပြီးများအောင် လုပ်ဆောင်လျက်ရှိပါတယ်။ ချယ်လ်ဆီးက အဆင့် (၉)နေရာမှာ ရှိပြီး အာဆင်နယ်က ချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ခွင့်ဆက်တိုက် ဆုံးရှုံးနေတာရဲ့ အကျိုးဆက်ကြောင့် ထိပ်ဆုံး (၁၀)သင်းရဲ့ ပြင်ပ အဆင့် (၁၁)နေရာမှာ ရပ်တည်နေပါတယ်။

ရော်နယ်လ်ဒိုရဲ့ အကျိုးသက်ရောက်မှု

Deloitte ရဲ့ လေ့လာမှုမှာ ကစားသမားပြောင်းရွှေ့ကြေးကနေ ရတဲ့ ဝင်ငွေကို မတွက်ချက်ပါဘူး။ ထိပ်ဆုံး (၂၀)သင်းဟာ ၂၀၁၈-၁၉ ရာသီမှာ စုစုပေါင်းဝင်ငွေ ပေါင် (၈.၂)ဘီလီယံအထိ စံချိန်တစ်ရပ်တင်ခဲ့ပြီး ယခင်နှစ်ထက် (၁၁)ရာခိုင်နှုန်း တိုးတက်ခဲ့ပါတယ်။

၂၀၁၈-၁၉ ရာသီကုန်ဆုံးပြီးနောက်မှာ ထိပ်ဆုံး (၂၀)သင်းစာရင်းထဲကို လိုင်ယွန် အဆင့် (၁၇)နဲ့ နပိုလီ အဆင့် (၂၀)တို့ နှစ်သင်းသာ ချိုးဖောက်ဝင်ရောက်ခဲ့ပါတယ်။

အီတလီချန်ပီယံ ဂျူဗင်တပ်စ်က ထိပ်ဆုံး (၁၀)သင်းထဲ ပြန်လည် ရောက်ရှိခဲ့ပြီး Deloitte က ရီးယဲလ်မက်ဒရစ်ကနေ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒို ရောက်ရှိလာခြင်းဟာ "ဂျူဗင်တပ်စ်ရဲ့ စီးပွားရေးဆိုင်ရာအပိုင်းမှာ ဝင်ငွေတွေ တိုးတက်လာခဲ့တယ်"လို့ ပြောပါတယ်။

ရော်နယ်လ်ဒိုဟာ ရီးယဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့ နှစ်သင်းပေါင်းထက် Instagram followers ပိုများပါတယ်။

"ရလဒ်အနေနဲ့ ဂျူဗင်တပ်စ်ဟာ ၂၀၁၈-၁၉ ရာသီမှာ အမှတ်တံဆိပ်မြင်သာမှုပိုင်းမှာ မြင့်တက်လာတာကြောင့် စီးပွားရေးဆိုင်ရာ ဝင်ငွေ မြင့်တက်လာတာကို တစ်စိတ်တစ်ပိုင်း တွေ့မြင့်ခဲ့ပါတယ်။"လို့ Deloitte က ပြောပါတယ်။ "ဒီကလပ်ဟာ နာမည်ကြီး ကစားသမား ခေါ်ယူမှုရဲ့ ရလဒ်တစ်ခုကြောင့် ပစ္စည်းရောင်းချမှုတွေကနေ ဝင်ငွေ တိုးလာခဲ့တာလည်းဖြစ်ပါတယ်။"

ဘီဘီစီရဲ့ ‘Deloitte Football Money League: Barcelona top as Man Utd 'at risk' in Premier League’ ကို ဘာသာပြန်ဆို ဖော်ပြခြင်းဖြစ်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly