ပိုလန်နိုင်ငံ၏ချေးငွေဖြင့် အမှိုက်မှ CNG ထုတ်ယူရန် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြထား

ပိုလန်နိုင်ငံ၏ချေးငွေဖြင့် အမှိုက်မှ CNG ထုတ်ယူရန် ပြည်ထောင်စုလွှတ်တော်သို့ တင်ပြထား

ရန်ကုန်၊ ဇန်နဝါရီ ၁၄ ရက် ။           ။ ပိုလန်နိုင်ငံ၏ ချေးငွေဖြင့် စွန့်ပစ်အမှိုက်များမှ CNG ဓာတ်ငွေ့ထုတ်လုပ်ရန်ကိစ္စကို ပြည်ထောင်စုလွှတ်တော်သို့ အဆုံးအဖြတ်ယူရန် တင်ပြထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန ဌာနမှူး ဦးချိုထွန်းအောင် ပြောသည်။

“ ပြည်ထောင်စုလွှတ်တော်ကို တင်ထားပြီးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လက တင်ထားခဲ့ပြီးတော့ ဒီလ ၂၇ ရက်နေ့ ပြည်ထောင်စုလွှတ်တော်မှာသွားပြီးမှ ရှင်းရမှာဖြစ်ပါတယ်။ တကယ်လို့ ခွင့်ပြုချက်ရခဲ့ပြီဆိုရင် ဒီနှစ်မေလလောက်မှာစနိုင်ဖို့ စီမံကိန်းကာလ ၂ နှစ်ဖြစ်ပါတယ်” ဟု၎င်း ကဆိုသည်။

ပြည်ထောင်စုလွှတ်တော်တွင် လွှတ်တော်အမတ်များ၏ မေးမြန်းမှုများကို ဖြေဆိုပြီးနောက် သဘောတူညီခဲ့ပါက ပိုလန်အစိုးရနှင့် စာချုပ်ချုပ်ဆိုကာ လုပ်ငန်းများစတင်တော့မည်ဟုလည်း သိရသည်။

အဆိုပါစီမံကိန်းကိုအကောင်အထည်ဖော်ရန် ပိုလန်အစိုးရ၏ချေးငွေ ယူရိုသန်း ၅၀ ကို အတိုး ဝ.၁ ရာခိုင်နှုန်း၊ ဆိုင်းငံ့ကာလ ၅ နှစ်အပြင် ပြန်ဆပ်ရမည့်ကာလ ၆၂ နှစ် စုစုပေါင်း ချေးငွေပြန်ဆပ်ရမည့်ကာလ ၆၇ နှစ်ကြာရှိမည်ဖြစ်ကြောင်း သိရသည်။

လုပ်ဆောင်ရမည့်လုပ်ငန်းအဆင့်ဆင့်မှာ တစ်ရက်လျင် အမှိုက်တန်ချိန် ၁၀ဝ၀ ကို ပိုလန်အစိုးရနှင့် ပူးပေါင်းကာ မီသိန်းဓာတ်ငွေ့ ထုတ်ယူမည်ဖြစ်ပြီး ထိုမှတစ်ဆင့် CNG ဓာတ်ငွေ့အဖြစ် ပြန်ပြောင်းလဲမည်ဟုလည်း သိရသည်။

“ကျွန်တော်တို့နိုင်ငံရဲ့ အခြေအနေက CNG ကိုပေးနိုင်တဲ့စွမ်းအားက MOGE မှာလည်း လျော့နည်းလာတဲ့အနေအထားဖြစ်ပါတယ်။ အဲ့အတွက် အထောက်အကူပြုတဲ့အနေနဲ့ ဒါကိုဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပါတယ်” ဟု ဦးချိုထွန်းအောင် ပြောသည်။

ရန်ကုန်မြို့တွင် ပျဉ်းမျှအားဖြင့် တစ်နေ့ကို အမှိုက်တန်ချိန် ၂၅၀ဝ ထွက်ရှိနေကာ မိုးတွင်းဆိုပါက တန်ချိန် ၂၇၀ဝ လောက်ထွက်ရှိကြောင်း သိရသည်။

အဆိုပါအမှိုက်များကို ထိန်ပင်အမှိုက်ပုံတွင် တန်ချိန် ၁၅၀ဝ ၊ ထားဝယ်ချောင်အမှိုက်ပုံတွင် တန်ချိန် ၁၀ဝ၀ စုစည်းထားရှိကာ CNG ဓာတ်ငွေ့ထုတ်ယူမည့်စီမံကိန်းကို ထိန်ပင်အမှိုက်ပုံတွင် ပြုလုပ်မည်ဖြစ်ကြောင်းလည်း သိရသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် ယခင်ကလည်း အမှိုက်မှ လျှပ်စစ်ထုတ်လုပ်မည့် စီမံကိန်းကို လုပ်ဆောင်ခဲ့ဖူးသော်လည်း အခက်ခဲအမျိုးမျိုးကြောင့် စက်မလည်ပတ်နိုင်ဘဲ အရှုံးပေါ်နေကြောင်း ရန်ကုန်တိုင်းစာရင်းစစ်ချုပ်အစီခံစာတွင် ဖော်ပြခဲ့ပြီး ယခုတစ်ကြိမ် တွင် CNG ထုတ်ယူနိုင်ရန် ထပ်မံကြိုးပမ်းနေခြင်းလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required