ဆဲရက်စ်နီဂရိုးစ်အသင်းကို အနိုင်ကစားသွားမည်ဟု ရှမ်းယူနိုက်တက် နည်းပြချုပ် ပြော

ဆဲရက်စ်နီဂရိုးစ်အသင်းကို အနိုင်ကစားသွားမည်ဟု ရှမ်းယူနိုက်တက် နည်းပြချုပ် ပြော
Photo - Shan United FC

ဇန်နဝါရီလ ၁၃ ရက် ။           ။ ၂၀၁၉ မြန်မာနေရှင်နယ်လိဂ်ချန်ပီယံ ရှမ်းယူနိုက်တက်အသင်း နှင့် ဖိလစ်ပိုင် ကလပ်အသင်း ဆဲရက်နီဂရိုးစ်အသင်း တို့ ၏ ၂၀၂၀ အာရှချန်ပီယံလိဂ် ခြေစစ်ပွဲ(ပထမဆင့်) ပွဲစဉ် တွင် အနိုင်ရအောင်ကြိုးစားကစားသွားမည်ဟု ရှမ်းယူနိုက်တက်အသင်းနည်းပြချုပ် ဦးအောင်နိုင် က ပြောဆိုခဲ့သည်။

“ ဒီပြိုင်ပွဲအတွက် သီးသန့်ပြင်ဆင်ထားတာမျိုးတော့ မရှိပါဘူး။ ပြင်ဆင်ချိန်လည်း မရှိပါဘူး။ ပြိုင်ဘက်အသင်းရဲ့ ကစားပုံနဲ့ ကစားသမားအချို့ကိုတော့ လေ့လာထားပါတယ်။ ဒဏ်ရာအခြေအနေကတော့ ဒီကိုမလာခင် ပြည်တွင်းမှာ ကစားခဲ့တဲ့ လိဂ်ပြိုင်ပွဲမှာ အဓိက ခံစစ်မှူးတစ်ယောက်တော့ ဒဏ်ရာ ရသွားလို့ ချန်ထားခဲ့ရပါတယ်။ ဆဲရက်စ်နီဂရိုးစ်အသင်းက အသင်းကောင်းတစ်သင်းဖြစ်သလို အိမ်ကွင်းမှာ ပိုပြီး မာကျောတဲ့အသင်းပါ။ ဒီအသင်းကို ကျနော်တို့ လေးလေးစားစားနဲ့ သတိထားယှဉ်ပြိုင်မှာပါ။ အရင်တွေ့ဆုံခဲ့တဲ့ ပွဲတွေမှာ ဒီအသင်းကို ပွဲတိုင်းရှုံးခဲ့တာမို့ ဒီတစ်ခါတော့ အနိုင်ရအောင် ကြိုးစားမှာပါ “ ဟု နည်းပြချုပ် ဦးအောင်နိုင်က ဇန်နဝါရီလ ၁၃ ရက်နေ့ က ဖိလစ်ပိုင်နိုင်ငံမနီလာမြို့မှ ပြုလုပ်ခဲ့တဲ့ ပွဲကြို သတင်းစာရှင်းလင်းပွဲ မှ ပြောဆိုခဲ့ကြောင်း သိရသည်။

ရှမ်းယူနိုက်တက်အသင်းနှင့် ဖိလစ်ပိုင်ကလပ် ဆဲရက်နီဂရိုးစ်အသင်းတို့၏ ပထမအဆင့် ခြေစစ်ပွဲစဉ် ကို ဇန်နဝါရီလ ၁၄ ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၆ နာရီတွင် ဖိလစ်ပိုင်နိုင်ငံ မနီလာ မြို့ရှိ ရီဇယ်မန်မိုရီရယ်လ် ဘောလုံးကွင်းတွင် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

ယှဉ်ပြိုင်ကစားရမည့်ပွဲစဉ်အတွက် ရှမ်းယူနိုက်တက်အသင်းအနေဖြင့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၁) ပြီးဆုံးချိန်တွင် ၂၀၂၀ အာရှချန်ပီယံလိဂ်ခြေစစ်ပွဲ ကို သွားရောက်ယှဉ်ပြိုင်နေခြင်းဖြစ်ပြီး ကစားသမား ၁၈ ဦးထိ ခေါ်ဆောင်သွားကြောင်း သိရသည်။

ရှမ်းယူနိုက်တက်အသင်းနှင့် ဖိလစ်ပိုင်ကလပ် ဆဲရက်နီဂရိုးစ်အသင်းတို့ ရဲ့ထပ်တိုက် တွေ့ဆုံမှုများအဖြစ် AFC Cup ပြိုင်ပွဲတွင် ၄ ပွဲယှဉ်ပြိုင်ကစားခဲ့ရပြီး ယင်း ၄ပွဲလုံးတွင် ဆဲရက်နီဂရိုးစ်အသင်းကို ရှုံးနိမ့်ခဲ့သည့် မှတ်တမ်း နှင့် ပြီးခဲ့သည့် ၂၀၁၈ အာရှချန်ပီယံရှစ်ပြိုင်ပွဲ တွင်မှု ၁ဂိုးစီ ဖြင့် သရေ ရလဒ်သာထွက်ပေါ်ခဲ့သည်။

ယခုအကြိမ်ယှဉ်ပြိုင်မှုတွင် ဖိလစ်ပိုင်ကလပ် ဆဲရက်နီဂရိုးစ်အသင်း ၏ ၄ကြိမ်မြောက် အနိုင်ရရှိ မှုကို ရပ်တန့်နိုင်မလားဆိုတာ ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly