၂၀၃၀ ပြည့်နှစ်တွင် ရေငုပ်သင်္ဘောအုပ်စုတည်ထောင်နိုင်ရန် မြန်မာ့တပ်မတော်ရည်မှန်း

၂၀၃၀ ပြည့်နှစ်တွင် ရေငုပ်သင်္ဘောအုပ်စုတည်ထောင်နိုင်ရန် မြန်မာ့တပ်မတော်ရည်မှန်း

ရန်ကုန်၊ ဇန်နဝါရီ ၁၃။            ။ တပ်မတော် (ရေ ) အနေဖြင့် လာမည့် ၂၀၃၀ ပြည့်နှစ်အရောက်တွင် ရေငုပ်သင်္ဘောအုပ်စုတစ်ခု တည်ထောင်နိုင်ရန် ရည်မှန်းချက်ထားလုပ်ဆောင်နေသည်ဟု တပ်မ တော် သတင်းမှန်ပြန်ကြား ရေး အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

“  ရေတပ်မှာက ၂၀၃၀ (ပြည့်နှစ်) မှာ ရေတပ်ရဲ့ရည်မှန်းချက်တွေရှိပါတယ်။ ရေငုပ်သင်္ဘောနဲ့ပက်သက်တာကျ သင်္ဘောအုပ်စုဆောင်ရွက်ဖို့အတွက် လုပ်ငန်းတွေ လျာထားပါတယ်” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက မဇ္ဈိမသို့ ပြောသည်။

မြန်မာနိုင်ငံသည် အိန္ဒိယမှ ရေငုပ်သင်္ဘောတစ်စီးဝယ်ပြီးသည့်နောက် ရေငုပ်သင်္ဘောများကို ကာလတိုနှင့် ကာလလတ်များတွင် လုပ်ဆောင်ဖွယ်ရှိနေကာ တရုတ်၊ ရုရှား၊ အိန္ဒိယတို့နှင့် ညှိနှိုင်းနေသည်ဟု ကျယ်ကျယ်ပြန့် ပြန့်ယုံ ကြည်နေကြကြောင်းဘန်ကောက်သတင်းစာဆောင်းပါးတစ်ပုဒ်တွင် ရေးသားထားသည့်ကိစ္စနှင့်ပက်သက်၍ မဇ္ဈိမက မေးမြန်းစဉ် တပ်မတော်ပြောရေးဆိုခွင့်ရှိသူက ဖြေကြားခြင်းဖြစ်သည်။

မြန်မာ့တပ်မတော်၌ လက်ရှိတွင် အိန္ဒိယမှ ဝယ်ယူထားသည့် ရုရှား (ယခင် ဆိုဗီယက်ယူနီယံ) ထုတ် ဒီဇယ် - လျှပ်စစ်စွမ်းအင်သုံး Kilo-Class   တိုက်ခိုက်ရေးအမျိုးအစား ရေငုပ်သင်္ဘောတစ်စီး ရှိနေသည်။

မြန်မာ့ရေငုပ်သင်္ဘောအုပ်စုတွင် “ ဘယ်နှစ်စီးအထိရှိမှာလည်းဆိုတာတော့ ကျွန်တော်လည်းမသိဘူးဗျ။ သင်္ဘောအုပ်စုဆိုတာကတော့ သုံးစင်းအုပ်စု၊ လေးစင်းအုပ်စု အဲ့လောက် တော့ ရှိမှာပေါ့ဗျာ” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကဆိုသည်။

အရှေ့ဘက် အိမ်နီးချင်း ထိုင်းနိုင်ငံသည်လည်း တရုတ်နိုင်ငံမှ ရေငုပ်သင်္ဘောသုံးစီးဝယ်ရန် လုပ်ဆောင်နေရာ  ပထမဆုံး ဝယ်ယူပြီးဖြစ်သည့် Yuan Class S26T ကို တရုတ်နိုင်ငံတွင် တည်ဆောက်မှုပြုလုပ်နေဆဲဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ ပို့ဆောင်မှာဖြစ်သည်။    

မြန်မာ့ပထမဆုံး ရေငုပ်သင်္ဘော၏တန်ကြေးမှာ အမေရိကန်ဒေါ်လာ ၁၃၈ သန်းဝန်းကျင်မှာရှိ သည်ဟု သေနင်္ဂဗျူဟာအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးနိုင်ဆွေဦးက BBC မြန်မာပိုင်းကိုဖြေဆိုခဲ့ဖူးသည်။

မြန်မာက နောက်ထပ်ရေငုပ်သင်္ဘောများကို ရုရှားနှင့် တရုတ်နိုင်ငံတို့မှသာ ဝယ်ယူနိုင်ဖွယ်ရှိကြောင်း တပ်မတော်နှင့်နီးစပ်သော သတင်းအရင်းအမြစ်များက ပြောသည်။

မြန်မာနိုင်ငံ၏ရေတပ်စွမ်းရည်အသစ်ကိုရရှိခြင်းသည်အိမ်နီးချင်းထိုင်းနိုင်ငံအတွက်မကြုံစဖူးနှင့် အဓိကရေကြောင်းလုံခြုံရေးစိန်ခေါ်မှု တစ်ရပ်ဖြစ်သည်ဟု ဘန်ကောက်ပို့စ်သတင်းစာဆောင်းပါးတွင်ပါရှိသည်။

တော်ဝင် ထိုင်းရေတပ်သည် “ အခြေအနေသစ်” ကို ကိုင်တွယ်ရန် ပြင်ဆင်နေပြီး အက်ဒမန် ပင်လယ်ပြင်ထဲမှ ပိုင်နက်ကိုတာဝန်ယူရသည့် အမှတ် ၃ ရေတပ်စခန်းဌာနချုပ်ကို မြန်မာ့ရေငုပ်သင်္ဘောအား စောင့်ကြည့်ရန် ပြော ထားသည်ဟုလည်းဆိုသည်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက “ စိုးရိမ်စရာတော့မရှိပါဘူး။ ရေပိုင်နက်ရှိတဲ့ နိုင်ငံတိုင်းက ဘယ်လိုပဲ သူ့ရေပြင်လုံခြုံရေးအတွက်ဆောင်ရွက် တာပဲဖြစ်ပါတယ်။” ဟု ပြောသည်။

အနောက်ဘက် အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်သော ဘင်္ဂလားဒေ့ရှ်ရေတပ်သည် Ming-class ရေငုပ်သင်္ဘောနှစ်စီးကို တရုတ်နိုင်ငံမှ ဝယ်ယူခဲ့သလို သက္ကရာဇ် ၂၀၃၀ မတိုင်ခင် ရေငုပ်သင်္ဘောအုပ်စုကို လေးစီးအထိ ဖြည့်တင်းသွား ရန်ရှိနေသည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required