အမေရိကန်တို့တပ်စွဲထားသည့် အီရတ်လေတပ်စခန်းသို့ ဒုံးကျည် ၈ စင်း ကျရောက် 

အမေရိကန်တို့တပ်စွဲထားသည့် အီရတ်လေတပ်စခန်းသို့ ဒုံးကျည် ၈ စင်း ကျရောက် 

ဇန်နဝါရီ ၁၃ ။      ။ အမေရိကန်စစ်တပ်များအခြေစိုက်ထားသည့် ဘဂ္ဂဒက်မြို့၏မြောက်ဘက်ရှိ အီရတ်လေတပ်စခန်းသို့ ဇန်နဝါရီ ၁၂ ရက်က ဒုံးကျည် ၈ စင်းကျရောက်ခဲ့ပြီး အီရတ်လေတပ်မှ ၄ ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။

အဆိုပါ ဒုံးကျည်တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက စိတ်ဆိုးဒေါသထွက်ကြောင်း ပြောဆိုကာ ရှုတ်ချသည်။

“အီရတ်က လေတပ်စခန်းကို နောက်ထပ် ဒုံးကျည်တိုက်ခိုက်မှု သတင်းက နာကျည်းခံပြင်းစရာ ကောင်းတယ်။ ဒါဟာ အီရတ်ရဲ့ အချုပ်အခြာကို ဆက်လက်ချိုးဖောက်နေတာပဲ။ အီရတ်အစိုးရကို သစ္စာမခံတဲ့ အုပ်စုတွေ နတ္တိတံရလိမ့်မယ်။”ဟု ပွန်ပီယိုက တွစ်တာတွင် ရေးသားလိုက်သည်။

Al-Balad လေတပ်အခြေစိုက်စခန်းသို့ Katyush အမျိုးအစား ဒုံးကျည်များကျရောက်ခဲ့ခြင်းဖြစ်ပြီး  အီရတ်လူမျိုး အရာရှိ နှစ်ဦးနှင့် လေတပ်သား နှစ်ဦးဒဏ်ရာရရှိခဲ့ကာ မည်သူ့လက်ချက်ဖြစ်ကြောင်း မသိရသေးပေ။

Al-Balad အခြေစိုက်စခန်းသည် အမေရိကန်မှ ဝယ်ယူထားသည့် F-16 တိုက်လေယာဉ်များ ထားရာနေရာဖြစ်သည်။

အမေရိကန်လေတပ် တပ်ဖွဲ့ငယ်နှင့် ကန်ထရိုက်တာများ အခြေစိုက်ခဲ့သော်လည်း ပြီးခဲ့သည့် နှစ်ပတ်အတွင်း အမေရိကန်နှင့်အီရန် တင်းမာမှုများဖြစ်ပြီးနောက် အများစုမှာ တပ်စခန်းပြောင်းရွှေ့ သွားပြီဖြစ်သည်။

လေယာဉ်ထိန်းသိမ်းမှုပြုလုပ်သည့် ဝန်ထမ်းများနှင့် အမေရိကန်အကြံပေးဝန်ထမ်းအဖွဲ့ ၉၀ ရာခိုင်နှုန်းမှာ တာဂျိနှင့်အာဘယ်လ် စခန်းများသို့ ပြောင်းရွှေ့သွားပြီး လက်ရှိတွင် Al-Balad ၌ ၁၅ ဦးထက်မပိုသော အမေရိကန်တပ်သားနှင့် လေယာဉ်တစ်စင်းမျှသာ ရှိသည်။ 

ပြီးခဲ့သည့် ရက်သတ္တပတ်က အီရန်သည် ဗိုလ်မှူးကြီး ကာဆမ်ဆိုလေမာနီသုတ်သင်ခံရမှုကို လက်စားချေသည့်အနေဖြင့် အီရတ်ရှိ အမေရိကန်လေတပ်အခြေစိုက်စခန်းများကို ဒုံးကျည် ၂၂ စင်းဖြင့် ပစ်ခတ်ခဲ့သေးသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly