ဂူတာပြင်အမှုတွင် တရားလိုပြသက်သေများကို စစ်ဆေးမှုပြီးဆုံးကာနီးပြီဟု တပ်မတော်ပြော

ဂူတာပြင်အမှုတွင် တရားလိုပြသက်သေများကို စစ်ဆေးမှုပြီးဆုံးကာနီးပြီဟု တပ်မတော်ပြော

ရန်ကုန်၊ ဇန်နဝါရီ ၁၂ ရက်။             ။ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဂူတာပြင်ကျေးရွာဖြစ်စဉ်တွင် ပြစ်မှုကျူးလွန်သည်ဟု ကနဦးတွေ့ရှိရသူများကို ဘူးသီးတောင်မြို့၊ နယ်မြေခံတပ် ၌ စစ်တရားရုံး (Court-Martial)ဖြင့် စစ် ဆေးနေရာ တရားလိုပြသက်သေများကို စစ်ဆေးမှု ပြီးဆုံးလုနီးပါးအခြေအနေတွင်ရှိကြောင်း တပ်မတော်ဘက်မှ ပြောသည်။

တပ်မတော်ဥပဒေများအရ ဖွဲ့စည်းထားသည့် ဗိုလ်ချုပ်မြတ်ကျော် ဥက္ကဋ္ဌအဖြစ် ဦးဆောင်သော စုံစမ်းစစ်ဆေးရေးခုံရုံးမှ တင်ပြချက်အရ ဂူတာပြင်ကျေးရွာ ဖြစ်စဉ်ကို စစ်တရားရုံးဖြင့် စစ်ဆေးစီရင်သင့်သည်ဟု တင်ပြခဲ့သော ကြောင့် ယခုကဲ့သို့ စစ်ဆေးခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ကတော့ ဂူတာပြင်ကိစ္စနဲ့ပက်သက်လို့ တရားလိုပြသက်သေများကို စစ်ဆေးလို့ပြီးဆုံးကာနီးပြီဖြစ်ပါတယ်။ ပြီးရင်တော့ တရားခံဘက်က တင်သွင်းတဲ့ တရားခံပြသက်သေများကိုတင်သွင်းပါမယ် ” ဟု တပ် မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။

ဂူတာပြင်ကျေးရွာဖြစ်စဉ်အမှုတွင် တပ်မတော်ဘက်မှ စတင်ထုတ်ပြန်ခဲ့သည့် နိုဝင်ဘာလမှစတင်ကာ ဇန်နဝါရီလအထိ ခုနစ်ကြိမ် တိတိ ရုံးထုတ်စစ်ဆေးပြီးဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပြစ်မှုကျူးလွန်သည်ဟု ယူဆရသူများကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ဘူးသီးတောင်မြို့၊ နယ်မြေခံတပ်၌ စတင်စစ်ဆေးခြင်းဖြစ်ကြောင်းလည်း သိရသည်။

အပြီးသတ်စစ်ဆေးပြီး အမိန့်ချနိုင်မည့် ခန့်မှန်းအချိန်ကိုမူ ပြောဆို၍ မရနိုင်သေးဘဲ အားလုံးကိုစစ်ဆေးပြီးပါက ထပ်မံထုတ်ပြန်ပေးသွား မည်ဟု တပ်မတော်ဘက်မှပြောသည်။

ဂူတာပြင်ကျေးရွာဖြစ်စဉ်မတိုင်မီက ဖြစ်ပွားခဲ့သည့် အင်းဒင်ရွာ လူသတ်မှုဖြစ်စဉ်တွင်လည်း ပစ်မှုကျူးလွန်ခဲ့သည်ဟုဆိုသော တပ်မတော် သားများကို ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့သော်လည်း မကြာမီကာလအတွင်း ပြန် လည်လွှတ်ပေးခဲ့သည့်ဖြစ်စဉ်မျိုးရှိခဲ့သည်။

ထို့ကြောင့် နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့များမှ တပ်မတော်၏ တရားစီရင်မှုအပေါ် ပွင့်လင်းမြင်သာမှုမရှိဟုဆိုကာ ဝေဖန်မှုများပေါ် ထွက်ခဲ့သည်။

“အင်းဒင်ရွာဖြစ်စဉ်မှာဆိုရင်လည်း စစ်သည်များက ရည်ရွယ်ချက်ရှိရှိနဲ့ သတ်ခဲ့တယ်လို့ယူဆလို့ မရပါဘူး။ သူတို့တွေရဲ့ ပတ်ဝန်းကျင်ဖိအား ပေးမှုတွေ တကယ်လက်တွေ့ဖြစ်ပေါ်လာတဲ့ စိတ်ခံစားမှုတွေနဲ့ ပစ်မှုကျူးလွန်တယ်လို့ ကျွန်တော်တို့ယူဆပါတယ်။ ဒါတွေကို စစ်ဉပဒေ ချုပ်ရုံးကလည်း သုံးသပ်ပြီးမှ အကြံပြုခဲ့တာရှိတယ်” ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆိုသည်။

စစ်တရားရုံး ( Court-Martial) တွင် စစ်ဆေးပုံမှာ အရပ်သားတရားရုံးများကဲ့သို့ တူညီမှုရှိပြီး နှစ်ဖက်ရှေ့နေများ (တရားခံဘက်အရာရှိ၊ တရားလိုဘက်အရာရှိ) တို့မှ အပြန်အလှန် ခုခံကာကွယ်ပိုင်ခွင့် ရှိသည်ဟု သိရသည်။

ထို့အပြင် စစ်ဆေးပြီးချိန်တွင် စစ်ဥပဒေဌာနများမှ ဥပဒေနှင့်ပတ်သက်၍ မာစတာဘွဲ့ရထားသည့် (အနိမ့်ဆုံးအဆင့်) ဒုတိယဗိုလ်မှူးကြီး အဆင့်ရှိကြသည့် စစ်ဥပဒေအရာရှိများ၏ ဥပဒေပိုင်းဆိုင်ရာ အကြံပေးမှု များကိုလည်း ရယူရသေးသည်ဟု တပ်မတော်ဘက်မှပြောသည်။

နောက်ဆုံးအဆင့်တွင် စွပ်စွဲခံရသူနှင့် တရားလိုဘက်တို့မှ နှစ်ဖက်အပြန်အလှန် လျှောက်လဲချက်တင်ကာ စစ်တရားရုံးတရားသူကြီးမှ အမိန့်ချမှတ်ခြင်းဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆိုသည်။

သို့သော်လည်း ယခုစစ်ဆေးချက်သည် အစိုးရဘက်မှ နယ်မြေဆင်း၍ စုံစမ်းစစ်ဆေးချက်များအပေါ်မူတည်၍ တပ်မတော်ဘက်မှ ထပ်မံ စစ်ဆေးတွေ့ရှိချက်များအရ တရားရုံးတင်ခြင်းဟုလည်း သိရသည်။ စစ်တရားရုံး (Court-Martial) သည် သေဒဏ်အထိချမှတ်နိုင်သည့် တရားရုံးဖြစ်သော်လည်း မည်သည့်ပုဒ်မဖြင့် တပ်မတော်အရာရှိအချို့နှင့် အခြားအဆင့်များကို စစ်ဆေးနေသည်ကိုမူ ဖြေဆိုရန် ငြင်းပယ်ခဲ့သည်။

ဂူတာပြင်ရွာတွင် တပ်မတော်သားများ၏ ပစ်ခတ်မှုကြောင့် သေဆုံးသည့် အလောင်းများ အစုလိုက် မြှုပ်နှံထားသည့် နေရာငါးခုရှိကြောင်း အေပီသတင်းဌာနက ဘင်္ဂလားဒေ့ရှ်ရှိ ဒုက္ခသည်စခန်း များမှ အသက်ရှင်ကျန်သူ များကို မေးမြန်းကာ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်၌ သတင်းဖော်ပြခဲ့သည်။

ယင်းဖြစ်ရပ်မှ အသက်ရှင်လွတ်မြောက်သူ နိုအာကာဒါဆိုသူ၏ ပြောပြချက်အရ ၎င်းအပါအဝင် အခြားဘင်္ဂါလီ ၁၄ ဦးသည် ခြင်းလုံးပြိုင်ရန် ရွေးချယ်ခံရပြီးနောက် ပစ်ခတ်မှု စတင်ခဲ့သည်ဟုဆိုသည်။ ပစ်ခတ်မှုအပြီး ကာဒါ နှင့် အခြားအသင်းဖော်နှစ်ဦးသာ အသက်ရှင်ခဲ့သည်ဟု ၎င်းကပြောကြောင်း အဆိုပါ သတင်းဌာနက ဖော်ပြခဲ့သည်။

ထိုသို့ အေပီသတင်းဌာန၏ ရေးသားမှုနှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေးချက်အရ မှန်ကန်မှုမရှိကြောင်း အစိုးရဘက်မှ ထုတ်ပြန် ကြေငြာခဲ့သည်။

အစိုးရ၏ထုတ်ပြန်ချက်တွင် ARSA အစွန်းရောက် အကြမ်းဖက်သမားများက တုတ်၊ ဓား၊ ဂျင်ကလိများ၊ လက်နက်ငယ်များဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြန်လည်ခုခံကာ ကွယ်ပစ်ခတ်ခဲ့ရာ ARSA အစွန်းရောက် အကြမ်းဖက်သမား ၁၉ ဦး သေဆုံးခဲ့သည်ဟုဆိုသည်။

အဆိုပါ အလောင်းများကို စနစ်တကျ မြှုပ်နှံသဂြိုလ်ခဲ့ပြီး ညောင်ချောင်းနယ်မြေရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် ၅/၂၀၁၇၊ အကြမ်း ဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ဈ)ဖြင့် အမှုဖွင့်ခဲ့ကြောင်း စိစစ်တွေ့ရှိရသည်ဟု အစိုးရမှထုတ်ပြန်ခဲ့သည်။

ဂူတာပြင်ကျေးရွာသည် ဘူးသီးတောင်မြို့နှင့် ညောင်ချောင်းကျေးရွာသွားလမ်းတွင် တည်ရှိပြီး ၂၀၁၈ ခုနှစ် ၊ ဖေဖော်ဝါရီလက လူဦးရေ ၈၀၀ ကျော်  နေထိုင်ခဲ့သည်။ အဆိုပါ ကျေးရွာများတွင် ရခိုင်မျိုးနွယ်စုဝင် ဒိုင်းနက်လူ မျိုးများလည်းနေထိုင်ပြီး ၎င်းကျေးရွာအနီးတွင် ငှက်ပျောချောင်းကျေးရွာ၊ တိုင်းရင်းသားကျေးရွာများနှင့် အခြားဘင်္ဂါလီကျေးရွာများ တည်ရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly