၂၀၂၀ တွင်တိုက်ပွဲများအဆုံးသတ်နိုင်ရေး TNLA မျှော်လင့်

၂၀၂၀ တွင်တိုက်ပွဲများအဆုံးသတ်နိုင်ရေး TNLA မျှော်လင့်

ရန်ကုန်၊ ဇန်နဝါရီ ၁၂ ရက်။     ။ တအာင်းဒေသအတွင်း ၂၀၂၀ ခုနှစ်တွင် တပ်မတော်နှင့်အပစ်အခတ်ရပ်ဆိုင်းကာ တိုက်ပွဲများ အဆုံးသတ်နိုင်ရေးမျှော်လင့်ထားကြောင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (P.S.L.F/ TNLA) မှ ထုတ်ပြန်ပြောဆိုလိုက်သည်။

“၅၇ နှစ်ပြည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့” သဘောထားထုတ်ပြန်ချက်ကို ဇန်နဝါရီ ၁၂ ရက်နေ့ ရက်စွဲဖြင့် ရေးသားထုတ်ပြန် ပြောဆိုခဲ့ခြင်းဖြစ်သည်။

“၂၀၁၉ တွင် တိုက်ပွဲများပြင်းထန်ပြီး တွေ့ဆုံဆွေးနွေးမှုများမှ တိုးတက်သည့် နိုင်ငံရေးအခြေအနေများ မရရှိနိုင်ခဲ့ခြင်းကို သေချာသုံးသပ်ပြီး ၂၀၂၀ ခုနှစ်တွင် နှစ်ဖက်အပစ်အခတ်ရပ်ဆိုင်းရေးပြူလုပ်ကာ တိုက်ပွဲများ အဆုံးသတ်နိုင်ရန်အထူးမျှော်လင့်ပါသည်” ဟု အဆိုပါထုတ်ပြန် ချက်တွင်ရေးသားထားသည်။

အလားတူ ညီနောင်ဟာမိတ်(၃)ဖွဲ့၏ တဖက်သတ်အပစ်ရပ်ကာလ နှစ်လထပ်မံတိုးကြောင်း ထုတ်ပြန်ထားသည့်အတိုင်း တိုက်ပွဲများမဖြစ်စေရန် ထိန်းသိမ်းဆောင်ရွက်သွားမည်ဟုလည်း TNLA ဘက်မှပြောသည်။

“ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံအတူတကွ တည်ဆောက်ဖို့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး P.S.L.F အနေနဲ့ ဘဝတူ တိုင်းရင်းသားမဟာမိတ်အဖွဲ့အစည်းများနဲ့ အတူပူးပေါင်းဆောင်ရွက်သွားပါမယ်” ဟု (P.S.L.F/ TNLA) ဉက္ကဋ္ဌ ဗိုလ်ချုပ်တာအိုက်ဘုန်း ကပြောသည်။

ထို့အပြင် နှစ်ရှည်လာပြီဖြစ်သည့် ပြည်တွင်းစစ်ကာလအတွင်း TNLA အပါအဝင်  လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများမှ အသက်ထောင်ပေါင်းများစွာ ပေးဆပ်ဆုံးရှုံးခဲ့ရသည့်အပြင် လူထုမှာလည်း စစ်ဘေးဒဏ်ကို ဆက်တိုက်ခံစားခဲ့ရသည်ဟု ၎င်းကဆိုသည်။

ထို့ကြောင့် မြန်မာ့တပ်မတော်ဖက်မှလည်း တိုင်းရင်းသားဒေသများတွင် ထိုးစစ်များကိုလျှော့ချရပ်တန့်ကာ ငြိမ်းချမ်းရေးအတွက် တိုးတက်မှုလမ်းကြောင်းကို လက်တွေ့ဖော်ဆောင်ရန် TNLA ဘက်မှ တိုက်တွန်းခဲ့သည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေး အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ငြိမ်းချမ်းရေးနှင့်ပက်သက်ပြီး အပြုသဘောဆောင်သော အချက်များကို လက်ကမ်းကြိုဆိုကြောင်း ပြောဆိုခဲ့သည်။

“ သို့သော်လည်း အပြောနဲ့အလုပ်နဲ့ ညီဖို့ပဲ အရေးကြီးပါတယ်။ တကယ်ညီမှ ငြိမ်းချမ်းရေးကို တကယ်လိုတဲ့ စိတ်ဆန္ဒရှိဖို့လိုပါတယ်။ ပြောတာတခြား လုပ်တာတခြား မဖြစ်ဘူးဆိုရင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ပိုမိုပြီးလွယ် ကူလာမှာဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

အလားတူ အစိုးရနှင့်မြောက်ပိုင်းအဖွဲ့တို့ အပစ်ရပ်ရေးတွေ့ဆုံနေကြသည်မှာ ခြောက်ကြိမ်ခန့် ရှိနေပြီဖြစ်ကာ ဇန်နဝါရီလမကုန်မီ တွေ့ဆုံရန် ထပ်မံညှိနှိုင်း နေကြောင်း ငြိမ်းချမ်းရေးကော်မရှင်အကြံပေး ဦးလှမောင်ရွှေက ပြောသည်။

“ အပစ်ရပ်ဖို့ကို အရင်ညှိနေတာပေါ့လေ။ အပစ်ရပ်တာ အောင်မြင်အောင်လုပ်နိုင်ရင်တော့ နောက်တစ်ဆင့်ကတော့ NCA လက်မှတ်ရေး ထိုးနိုင်ဖို့ကြိုးစားဖို့ပါပဲ “ ဟု ၎င်းကဆိုသည်။

၂၀၂၀ ပြည့်နှစ်သည် တပ်မတော်မှနေ၍ ထာဝရငြိမ်းချမ်းရေးရရှိစေရန် အပစ်ခတ်များရပ်စဲစေရန် ဆောင်ရွက်မည်ဟု ပြောဆိုထားသော နှစ်ဖြစ်သည်။

တစ်ဖက်တွင်လည်း တပ်မတော်နှင့် မြောက်ပိုင်းအဖွဲ့တချို့၏ တိုက်ပွဲများကြောင့် စစ်ဘေးရှောင် သိန်းချီ နေရပ်စွန့်ခွာနေရသည့် အနေအထားလည်း ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly