အာရှအိမ်ခြံမြေစျေးကွက်တွင် မြန်မာနိုင်ငံကို နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားနေ

အာရှအိမ်ခြံမြေစျေးကွက်တွင် မြန်မာနိုင်ငံကို နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားနေ
ဓာတ်ပုံ-ဟောင်ဆာ(ရာမည)

ရန်ကုန်၊ အောက်တိုဘာ ၂၄ ။         ။ အာရှအိမ်ခြံမြေဈေးကွက်တွင် မြန်မာနိုင်ငံကို နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားလျက်ရှိနေသည်ဟု နိုင်ငံတကာ အွန်လိုင်းအိမ်ခြံမြေအကျိုးဆောင် ဝက်ဆိုဒ်ဖြစ်သည့် House.com.mm မှ သတင်းထုတ်ပြန်လိုက်သည်။

အရှေ့တောင်အာရှတွင် မြန်မာနိုင်ငံနှင့်အတူ ဖိလစ်ပိုင်နိုင်ငံသည်လည်း အိမ်ခြံမြေဈေးကွက်တွင် ရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားသည့် နိုင်ငံအဖြစ်ပါဝင်လာသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

မြန်မာနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် အာရှအိမ်ခြံမြေဈေးကွက်တွင် အကောင်းဆုံးမြေနေရာပိုင်ဆိုင်ထားပြီး ရင်းနှီးမြှုပ်နှံရန် နေရာကောင်းဖြစ်သော်လည်း နိုင်ငံခြားသားများအတွက် စည်းကမ်း တင်းကျပ်မှုများစွာ ရှိနေသေးသည်။

“မြန်မာနိုင်ငံကွန်ဒိုဥပဒေက အခုလောလောဆယ် အတည်ပြုပြဌာန်းချက် ထွက်ပေါ်ခြင်းမရှိသေးသည့်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေက စောင့်ကြည့်အနေအထားမှာတင် တုံ့ဆိုင်းနေတဲ့ အချိန်ဖြစ်နေပါတယ်၊ ဒါကြောင့် ဝယ်လိုအားရဲ့ လက်တကမ်းအကွာမှာရှိတဲ့ ကာလလည်းဖြစ်ပါတယ်”ဟု House.com.mm ၏ အုပ်ချုပ်မှုဒါရိုက်တာ ဘယ်လာရီရမ်မာဆွမ်မီက လက်ရှိနိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ၏ စောင့်ကြည့်အနေအထားကို သုံးသပ်ပြထားသည်။

နိုဝင်ဘာ ၈ရက်တွင် ကျင်းပတော့မည့် ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲအပြီး ကာလသည် နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများအတွက် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအရှိန်ကို တိုးသင့်၊ မတိုးသင့် (သို့မဟုတ်) ဝင်ရောက်သင့်၊ မသင့် စဉ်းစားဆုံးဖြတ်ရန်အတွက် ပြင်ဆင်ရတော့မည့် အချိန်လည်းဖြစ်နေသည်။

ရွေးကောက်ပွဲအလွန်ကာလသည် နိုင်ငံတကာအိမ်ခြံမြေ ရင်းနှီးမြှုပ်နှံသူများအတွက်လည်း မျှော်လင့်စရာ ဖြစ်နေသည်ဟု ကျွမ်းကျင်သူများက သုံးသပ်ကြသည်။

မြန်မာနိုင်ငံ၏ အိမ်ခြံမြေကဏ္ဍတွင် ၂၀၁၅-၂၀၁၆ဘဏ္ဍာနှစ် စက်တင်ဘာလကုန်အထိ နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများက အမေရိကန်ဒေါ်လာ ၂၃၂သန်း ဝင်ရောက်ရင်းနှီးမြှုပ်နှံထားပြီး ယခင်ဘဏ္ဍာနှစ် ၂နှစ်ထက်ကို ရင်းနှီးမြှုပ်နှံမှုလျှော့နည်းနိုင်သည့် အခြေအနေတွင်ရှိနေသည်။

“၂၀၁၅ ရွေးကောက်ပွဲပြီးတဲ့အချိန် ၂၀၁၆ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက်နဲ့ တစ်ခြားစီးပွားရေးလုပ်ငန်းတွေ အခြေအနေကောင်းတွေဖြစ်လာဖို့ မျှော်လင့်ပါတယ်” ဟု ပြည်တွင်းအိမ်ခြံမြေ လုပ်ကိုင်သူနှင့် iMyanmarhouse.com.mmကို တည်ထောင်သူ ဦးနေမင်းသူက စက်တင်ဘာလဆန်းပိုင်းက မဇ္ဈိမကိုပြောဆိုဖူးသည်။

လက်ရှိ ပြည်တွင်းအိမ်ခြံမြေဈေးကွက်များ အနေနှင့် ငွေကြေးအခက်အခဲများကို ရင်ဆိုင်နေရပြီး အကြွေးနစ်မွန်းခြင်း ပြဿနာများနှင့် ကြုံတွေ့နေသူများလည်းရှိနေသည်။ ယင်းအခြေအနေ သည် ပြည်တွင်းအိမ်ခြံမြေဈေးကွက် အေးလာခြင်းသည် ငွေကြေးကျပ်တည်းခြင်း၊ နိုင်ငံရေးနှင့် ရွေးကောက်ပွဲကို စောင့်ကြည့်ခြင်းများနှင့် မြန်မာနိုင်ငံဆောက်လုပ်ရေးလောက ဖောက်ပြန်မှု စသည့်အခြေအနေအမျိုးမျိုးကြောင့် ဖြစ်နိုင်သည်ဟု ပြည်တွင်းထိပ်တန်းဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ တော်ဝင်မိသားစုဆောက်လုပ်ရေးလုပ်ငန်းကို ဦးဆောင်သူ ဦးကိုကိုထွေးက မကြာသေးမီက ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည် မြန်မာနိုင်ငံအိမ်ခြံမြေညီလာခံတွင် ပြောဆိုခဲ့ဖူးသည်။

ယခုလက်ရှိအချိန်အနေနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအတွက် ကန့်သတ်မှုများရှိနေပြီး တစ်ချို့်နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများဆိုလျှင် အစိုးရက ပြည်တွင်းအကျိုးစီးပွားကို အစိုးရက အကာအကွယ်ပေး လွန်းသည်ဟုလည်း သုံးသပ်ထားမှုတွေ ရှိနေသည်။

မည်သို့ပင်ဖြစ်စေ နိုင်ငံခြားတိုင်းပြည်တော်တော်များများမှ မြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားသည့်အဆင့် သာရှိနေပြီး ဝင်ရောက်ရင်းနှီးမြှုပ်နှံမှုက အားနည်းလျက်ရှိနေသည်။

ယခု ၂၀၁၅ခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲအပေါ်တွင်လည်း စောင့်ကြည့်မှုများရှိနေပြီး အသစ်တက်လာမည့် အစိုးရအနေနှင့် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုအတွက်မည်သို့သော အခွင့်အလမ်းကောင်းများကို ဖန်တီးပေးနိုင်မည့်အပေါ် စောင့်ကြည့်လျက်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly