အငှားယာဉ်မောင်းသမားများ ဆန္ဒထုတ်ဖော်၍ ပြောသည့် သူတို့အခက်အခဲ

အငှားယာဉ်မောင်းသမားများ ဆန္ဒထုတ်ဖော်၍ ပြောသည့် သူတို့အခက်အခဲ
ဓာတ်ပုံ - သက်ကို (မဇ္စျိမ)

ရန်ကုန်၊ ဇန်နဝါရီ ၁၁ ။        ။ မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ အငှားယာဉ်မောင်းများသမဂ္ဂ၏ ဦးဆောင်မှုနှင့်အတူ အငှားယာဉ်မောင်း သမားများ သည် မမျှတသည့် ဈေးနှုန်း၊ တက္ကစီ သမားများအတွက် ဥပဒေ၊ application company များ၏ ကိုယ်ပိုင်ယာဉ် နံပါတ်အနက်များဖြင့် လုပ်ငန်းလိုင်စင် လျှောက်ထားမှု မရှိဘဲ လုပ်ကိုင်နေခြင်းများ စသည့် ကိစ္စများနှင့် ပတ်သက်၍ ဇန်နဝါရီ ၁၁ ရက်နေ့က မဟာဗန္ဓုလ ပန်းခြံရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ အငှားယာဉ်မောင်းများသမဂ္ဂက YRTA အနေဖြင့် အငှားယာဉ်နှင့် ယာဉ်မောင်းများ အား ယခုထက် ပိုမိုအကျိုးရှိစေရန် ဆောင်ရွက်ပေးရန်နှင့် လုပ်ငန်းလိုင်စင်မရှိဘဲ အငှားပြေး ဆွဲနေသည့် ယာဉ်များအား ဥပဒေဖြင့် ထိထိရောက်ရောက် အရေးယူ ထိန်းချုပ်ပေးရန် အပါအဝင် အချက် ၅ ချက်အား အဓိက တောင်းဆိုခဲ့သည်။

မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ အငှားယာဉ်မောင်းများသမဂ္ဂမှ ဥက္ကဋ္ဌ ဦးစိုးကိုကိုသက်က" ကျွန်တော်တို့ လက်ရှိ နွေရာသီကို ရောက်လာပြီ။ ရောက်လာပြီဖြစ်တဲ့အတွက် နေပူဒဏ်စတစ်ကာတွေကို အငှားယာဉ်မောင်းတွေမှ လွဲလို့ ကျန်တဲ့ကားတွေကိုကပ်ခွင့်ပေးထားတယ်။ ကျွန်တော်တို့အငှားယာဉ်မောင်းတွေမှာ မော်ဒယ်နိမ့်တဲ့ ကားတွေဖြစ်တဲ့အတွက် နေပူဒဏ်စတစ်ကာမရရှိခဲ့ဘူး။  နောက်ဆုံးကျွန်တော်တို့ကို လုပ်ငန်းလိုင်စင် ပိတ်သိမ်း တဲ့အထိ ခံစားခဲ့ရတယ်။ အဲ့တော့ နံပါတ်တစ်အနေနဲ့ အဲ့ဒီကိစ္စကို ကျွန်တော်တို့ တောင်းဆိုချင်တယ်”ဟု ပြော သည်။

application  company များ အနေဖြင့် ကိုယ်ပိုင်ယာဉ်(နံပါတ်အနက်)များကို အသုံးပြုကာ လုပ်ငန်းလိုင်စင် လျှောက်ထားမှုမရှိဘဲ phone on call/ internet စနစ်ဖြင့် အငှားယာဉ်ဆန်ဆန် ဝန်ဆောင်မှု လုပ်ငန်းများအား car rental လုပ်ငန်း ခွင့်ပြုချက်ရယူပြီး လုပ်ကိုင်နေကြသည့်အတွက် အငှားယာဉ်မောင်းများ၏ ဈေးကွက် ထိခိုက်နစ်နာစေခြင်း၊ နိုင်ငံတော်အတွက် လုပ်ငန်းလိုင်စင်ခွန်များ နစ်နာနေခြင်းအပေါ် ထိထိရောက်ရောက် ထိန်းချုပ်ပေး စေလိုသည်ဟု ဆိုသည်။

မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ အငှားယာဉ်မောင်းများသမဂ္ဂမှ အတွင်းရေးမှူး ဦးလပြည့်ကိုကိုက "အစိုးရက သတ်မှတ် ထားတယ် ၁၀ ရခိုင်နှုန်း၊ သူတို့က ၁၀ အဆင်မပြေလို့ ၁၃ ဖြတ်မယ် ၁၅ ဖြတ်မယ် ကျွန်တော်တို့ လက်ခံပါတယ်။ ၂၀ ဆိုတဲ့ ဟာမျိုးကြီး တအားကြီး များနေတဲ့ ဟာမျိုးကြီးကတော့ အဆင်မပြေပါဘူး။ ခရီးသည် အတွက်လည်း အဆင်မပြေသလို ကားသမားအတွက်လည်း အဆင်မပြေပါဘူး။ ဘာလို့လဲဆို ဥပမာအားဖြင့် ငါးထောင်ကျတဲ့ ခရီး ခရီးသည်က ငါးထောင်ပေးပေမယ့် ကျွန်တော်တို့ ကားသမားတွေက ငါးထောင်မရပါဘူး လေးထောင်ပဲရပါတယ်။ ဒါကိုလည်း ခရီးသည်တွေမသိကြပါဘူး။ သိအောင် ကျွန်တော်တို့ ချပြချင်ပါတယ်"ဟု ပြောသည်။

နိုင်ငံတော်အနေဖြင့် အမျိုးသမီး အငှားယာဉ်မောင်းများအတွက် ညဘက် ပြေးဆွဲသည့်အခါမှာ လုံခြုံမှုရှိစေ ရန်နှင့် အငှားယာဉ်မောင်း သမားများအတွက် အကာအကွယ် ပေးစေချင်သည်ဟု အမျိုးသမီး အငှားယာဉ် မောင်း ဖြစ်သည့် မမိချိုလေးက ပြောသည်။

"ဆေးသမားတွေ တက်လာတယ်။ တက်လာတော့ ရဲတွေကစစ်တယ်။ စစ်ရင် ကားသမားတွေကိုပါ ထိတယ်။ ဘာမှမသုံးတဲ့ ကားသမားတွေကိုပါထိတယ်။ အဲ့လိုမျိုးထိတဲ့အနေအထားမှာ ဘာမဆိုင် ညာမဆိုင် ခံလိုက်ရတာ တွေကို နိုင်ငံတော်က ပြန်ပြီးတော့ ကြည့်ပေးစေချင်တယ်။ တက္ကစီသမားအကုန်လုံးအပေါ်မှာ ကာကွယ်ပေး စေချင်တယ်"ဟု ဆိုသည်။
အငှားယာဉ်မောင်းများ ကြုံတွေ့နေရသည့် အခက်အခဲများအား မည်သူ တစ်ဦးတစ်ယောက်မှ ဦးဆောင် ရပ်တည် ဖြေရှင်းပေးခြင်း မရှိသည့်အတွက် ယခုကဲ့သို့ကိုယ်တိုင်ဦးဆောင်ကာ တောင်းဆိုရခြင်း ဖြစ်သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly