တရုတ်သမ္မတခရီးစဉ်အတွင်း ဦးသိန်းစိန်လက်ထက်က အဖြေမရသည့် စီမံကိန်းများ တရုတ်ဘက်က လက်ခံနိုင်လောက်သည့် အဖြေရရှိသွားမှာလား ဆိုတာ စိတ်ဝင်စားစရာကောင်းဟု ပြန်ဝန်ဟောင်း ဦးရဲထွဋ် မေးခွန်းထုတ်

တရုတ်သမ္မတခရီးစဉ်အတွင်း ဦးသိန်းစိန်လက်ထက်က အဖြေမရသည့် စီမံကိန်းများ တရုတ်ဘက်က လက်ခံနိုင်လောက်သည့် အဖြေရရှိသွားမှာလား ဆိုတာ စိတ်ဝင်စားစရာကောင်းဟု ပြန်ဝန်ဟောင်း ဦးရဲထွဋ် မေးခွန်းထုတ်

ဇန်နဝါရီ ၁၁ ။           ။ မြန်မာနိုင်ငံကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်မည့်ခရီးစဉ်တွင် ဦးသိန်းစိန်အစိုးရလက်ထက်က အဖြေမရသည့် စီမံကိန်း များနှင့် ပတ်သက်ပြီး တရုတ်ဘက်က လက်ခံနိုင်လောက်သည့် အဖြေရရှိသွားမှာလားဆိုတာ စိတ်ဝင်စားစရာ ကောင်းကြောင်း ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်က ပြောသည်။

သမ္မတဦးသိန်းစိန်လက်ထက် တရုတ်နိုင်ငံနှင့် တိကျသည့် အဖြေမရရှိခဲ့သည့် မြစ်ဆုံစီမံကိန်း၊ ကူးမင်-ကျောက်ဖြူ ရထားလမ်းဖောက်လုပ်သည့် လုပ်ငန်းများရှိခဲ့သည်။

“ သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖိတ်ကြားချက်အရ လာတယ်ဆိုရင် မြစ်ဆုံအပါအဝင် သမ္မတဦးသိန်းစိန်လက်ထက်က အဖြေမပေးနိုင်တဲ့ issue (အကြောင်းကိစ္စ) တွေဖြစ်တဲ့ ကူမင်းကျောက်ဖြူရထားလမ်းကိစ္စနဲ့ မြစ်ဆုံစီမံကိန်း ကိစ္စနှစ်ခုက သမ္မတရှီကျင့်ဖျင်လာရင် ဘယ်လောက်သဘောတူညီချက်ရရှိသွားပြီလဲ။ အထူးသဖြင့် တရုတ်လက်ခံနိုင်တဲ့ ဘယ်လိုအဖြေရသွားလို့ လာတာလည်းဆိုတာ ပိုပြီးတော့ စိတ်ဝင်စားတယ်။” ဟု ဦးရဲထွဋ် ကပြောသည်။

သမ္မတ ရှီကျင့်ဖျင်ကို သမ္မတဦးသိန်းစိန်က မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန် အကြိမ်ကြိမ်ဖိတ်ကြားမှုများ ရှိခဲ့သော်လည်း ထိုစဉ်က မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားသည့် အချိန်ဖြစ်နေသည့်အတွက် ဖိတ်ကြားလိုက်တိုင်း အကြောင်းအမျိုးမျိုးပြကာ လာရောက်ခဲ့ခြင်းမရှိခဲ့ဟု သူက ပြောသည်။

တရုတ်နိုင်ငံပြင်ပတွင် တည်ဆောက်သော တရုတ်၏ အကြီးဆုံးစီမံကိန်းဖြစ်သော ဧရာဝတီမြစ်ဖျားပိုင်းရှိ ရေအားလျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်းကို ၂၀၀၅ ခုနှစ်တွင် ထိုစဉ်က တရုတ်သမ္မတ ဟူကျင်းတောင်နှင့် စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေတို့က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တွင် ကျင်းပသော အာရှ-အာဖရိကထိပ်သီးဆွေးနွေးပွဲတွင် သဘောတူညီခဲ့ကြသည်။ စီမံကိန်းအရ မေခ-မလိခမြစ်များဆုံရာအနီး ဧရာမဆည်ကြီးတစ်ခုတည်ဆောက်မှာဖြစ်ပြီး မေခနှင့် မလိခမြစ်များပေါ်တွင်လည်း ဆည် ခုနစ်ခု တည်ဆောက်မှာဖြစ်သည်။

တန်ဖိုး အမေရိကန်ဒေါ်လာ ဘီလီယံ ၃၀ ခန့်ရှိ ခန့်မှန်း လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၂၁,၆၀၀ ထွက်ရှိနိုင်သော စီမံကိန်းကြီးသည် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုဖြစ်သွားနိုင်ခြေနှင့် ပွင့်လင်းမြင်သာမှုမရှိခြင်းကြောင့် ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း ဝေဖန်ကန့်ကွက်မှုများဖြစ်ပေါ်ခဲ့ပြီး စီမံကိန်းရပ်ဆိုင်းရန် တောင်းဆိုခဲ့ကြသည်။ နောက်ဆက်တွဲအနေဖြင့် ဦးသိန်းစိန်အစိုးရက စီမံကိန်းကို တစ်ဖက်သတ်ရပ်စဲကြောင်း ကြေညာခဲ့သည်။

သို့သော် အန်အယ်ဒီအစိုးရသစ်တက်လာပြီးနောက်ပိုင်း မြစ်ဆုံဆည်တည်ဆောက်နိုင်ရေးကြိုးပမ်းမှုများ တရုတ်အစိုးရက လုပ်ဆောင်လာခဲ့ရာ စိုးရိမ်ပူပန်မှုများ တကျော့ပြန်မြင့်တက်လာခဲ့သည်။

ကူမင်း-ကျောက်ဖြူ ရထားလမ်းစီမံကိန်းကို အကောင်အထည်ဖော်ရန် တပ်မတော်အစိုးရလက်ထက်မှသည် ဦးသိန်းစိန်အစိုးရလက်ထက်ထိ တရုတ်နှင့် မြန်မာအစိုးရကြား ညှိနှိုင်းဆွေးနွေးမှုများရှိခဲ့ကာ နားလည်မှုစာချွန်လွှာ သဘောတူလက်မှတ်ရေးထိုးခဲ့ပြီးမှ ၂၀၀၄ ခုနှစ်တွင် နားလည်မှုစာချွန်လွှာသက်တမ်းထပ်မတိုးတော့ဘဲ စီမံကိန်းအတွက်ဆွေးနွေးမှုရပ်သွားခဲ့သည်။

တရုတ်အစိုးရဘက်က တောင်းဆိုမှုများ၍ နှစ်ဘက်အစိုးရကြား ညှိနှိုင်းမှုများပြန်လုပ်နေရကြောင်း ထိုစဉ်က မြန်မာ့မီးရထားဝန်ကြီးဌာနအရာရှိတစ်ဦးက မီဒီယာသို့ ပြောဆိုခဲ့ဖူးသည်။ တရုတ်ဖက်ကတော့ ကူမင်း-ကျောက်ဖြူရထားလမ်းစီမံကိန်းကို ပြန်လည်ဖော်ဆောင်ဖို့လိုလားနေဆဲဖြစ်သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်အနေဖြင့် မြန်မာနိုင်ငံကို ဇန်နဝါရီလ ၁၇ရက်တွင် လာရောက်မှာဖြစ်ပြီး ခရီးစဉ်ကာလအတောအတွင်း ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းအပါအဝင် နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ ၇ ခုကို လက်မှတ်ရေးထိုးသွားနိုင်ဖွယ်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required