‘လီဗာပူးလ်ကို အနိုင်ရမယ်လို့ မယုံဘူးဆိုရင် ထွက်သွားကြ’လို့ သတင်းထောက်တွေကို နောက်ပြောင်သွားတဲ့ မော်ရင်ဟို

‘လီဗာပူးလ်ကို အနိုင်ရမယ်လို့ မယုံဘူးဆိုရင် ထွက်သွားကြ’လို့ သတင်းထောက်တွေကို နောက်ပြောင်သွားတဲ့ မော်ရင်ဟို

မော်ရင်ဟိုက လီဗာပူးလ်အသင်းကို တော့တင်ဟမ်အသင်းအနိုင်ရမယ်လို့ မယုံဘူးဆိုရင် ထွက်သွားကြလို့ သတင်းထောက်တွေကို ပွဲကြိုသတင်းစာ ရှင်းလင်းပွဲတစ်ခုမှာ နောက်ပြောင်ပြောဆိုသွားခဲ့ပါတယ်။

တော့တင်ဟမ်ဟာ စနေနေ့ည ပရီးမီးယားလိဂ်နောက်ကျပွဲစဉ်အဖြစ် သူတို့ကို ရမှတ် (၂၈)မှတ်ဖြတ်ထားတဲ့ လီဗာပူးလ်အသင်းကို အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပါတယ်။

ဒါ့အပြင် အသင်းရဲ့ ကြယ်ပွင့်တိုက်စစ်မှူး ဟယ်ရီကိန်းကလည်း တံကောက်ကြောဒဏ်ရာကြောင့် (၃)လခန့်အနားယူရမှာဖြစ်ပြီး ဒီပွဲစဉ်မှာ မပါဝင်နိုင်လို့ လီဗာပူးလ်အသင်းက အနိုင်ရဖို့ ရေပန်းစားနေပါတယ်။

ဒါပေမယ့် မော်ရင်ဟိုကတော့ သူ့ရဲ့သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ အကောင်းမြင်သဘောထားရှိနေခဲ့ပါတယ်။

မော်ရင်ဟိုဟာ အဲဒီသတင်းစာရှင်းလင်းပွဲမှာ အသင်းရဲ့ မီဒီယာတာဝန်ခံ ဆိုင်မွန်ဖယ်လ်စတိန်းနဲ့အတူ တွဲထိုင်ရင်း "ဒီအခန်းထဲမှာ လီဗာပူးလ်အသင်းကို ကျနော်တို့ အသင်းနိုင်မယ်လို့ ထင်တဲ့သူ နှစ်ယောက်ပဲ ရှိနိုင်တယ်။

"ဒါပေမယ့် ကျနော်တို့ ယုံကြည်တယ်။ ကျနော်တို့ ယုံကြည်ရမှာပေါ့။ တကယ်လို့ ခင်ဗျားတို့ မယုံဘူးဆိုရင် ထွက်သွားကြလို့” နောက်ပြောင်ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ဒီရာသီပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိသေးဘဲ ဒုတိယနေရာက လက်စတာအသင်းကို တစ်ပွဲကျန် ရမှတ် (၁၃)မှတ်အထိ ဖြတ်သွားပါတယ်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly