ယူကရိန်းလေယာဉ်ကို မှားယွင်းပစ်ချသည့် တာဝန်ရှိသူများအား တရားရုံးတင်မည်ဟု အီရန်ပြော

ယူကရိန်းလေယာဉ်ကို မှားယွင်းပစ်ချသည့် တာဝန်ရှိသူများအား တရားရုံးတင်မည်ဟု အီရန်ပြော
Photos: AFP

ယူကရိန်း ခရီးသည်တင် လေယာဉ်အား မှားယွင်းပစ်ချသည့် တာဝန်ရှိသူများကို တရားရုံးတင်မည်ဖြစ်ကြောင်း အီရန်နိုင်ငံက ဇန်နဝါရီ ၁၁ ရက်၌ ထုတ်ပြန်လာသည်။

သမ္မတ ရိုဟာနီက ယင်းသို့ မှားယွင်းပစ်ချမှုသည် ခွင့်မလွှတ်နိုင်သည့် မှားယွင်းမှုအဖြစ် ဝန်ခံပြောဆိုပြီး အလွန်ဝမ်းနည်းရကြောင်းဆိုကာ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်သွားမည်ဟု ပြောကြားသည်။

ထိုအတူ အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဂျာဗက်ဇာရစ်ကလည်း နိုင်ငံအတွက် အလွန်တရာ စိတ်မကောင်း ဝမ်းနည်းစရာ ဖြစ်ပြီး တောင်းပန်စကားပြောသည်။

“တကယ့် ဝမ်းနည်းဖွယ်နေ့ပါပဲ။”ဟု ၎င်းက တွစ်တာတွင် ရေးသားသော်လည်း အမေရိကန်တို့၏ အန္တရာယ်များသော လုပ်ရပ်များကြောင့် ပဋိပက္ခအချိန်အခါအတွင်း လူ့အမှားကြောင့် ဖြစ်ပေါ်ခဲ့ရသော ကပ်ဆိုးတစ်ရပ်အဖြစ် ပြောဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၈ ရက်က တီဟီရန်လေဆိပ်အနီး ပျက်ကျခဲ့သည့် ယူကရိန်းလေယာဉ်ကို အီရန်စစ်တပ်မှ မတော်တဆမှားယွင်း၍  ပစ်ချခဲ့ခြင်းဖြစ်ကြောင်း အီရန်အစိုးရ ယနေ့ (ဇန်နဝါရီ ၁၁ ) မနက်ပိုင်းတွင် အီရန်အစိုးရရုပ်သံဌာနမှ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။

ယူကရိန်းလေကြောင်းလိုင်းပိုင် ဘိုးရင်း ၇၃၇ ကို အီရန်တို့က ပစ်ချလိုက်ကြောင်း အနောက်နိုင်ငံများက ယူဆပြောဆိုခဲ့သော်လည်း အစောပိုင်းတွင် အီရန်တို့က ငြင်းဆန်နေခဲ့ရာမှ ယခုကဲ့သို့ ဝန်ခံပြောလာခြင်းဖြစ်သည်။

ပစ်ချခဲ့သူများကို တာဝန်ခံတာဝန်ယူမှု လုပ်ဆောင်ခိုင်းသွားမည်ဖြစ်ကြောင်း အီရန်အစိုးရရုပ်သံဌာနက ပြောသည်။

အီရန်သည် အမေရိကန်ကို လက်စားချေရန်ပြင်ဆင်နေချိန်တွင် အဆိုပါခရီးသည်တင်လေယာဉ်ကို ရန်သူ့စစ်လေယာဉ်ထင်မှတ်ပြီး ပစ်ချခဲ့ခြင်းဖြစ်နိုင်ကြောင်း အမေရိကန်မီဒီယာများက ယမန်နေ့က ခန့်မှန်းပြောဆိုခဲ့သည်။

အီရန်တို့က အီရတ်ရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကို တိုက်ခိုက်ပြီး နာရီပိုင်းအကြာ  ယူကရိန်းနိုင်ငံ သို့ထွက်ခွါသွားသည့် လူ ၁၇၆ ဦးလိုက်ပါသွားသော ဘိုးရင်းအမျိုးအစား PS752 သည် တီဟီရန်လေဆိပ်မှ ပျံတက်အပြီး မိနစ်ပိုင်းအကြာတွင် ပျက်ကျခဲ့ခြင်းဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required