မနောမြေ၊ ရခိုင်၊ နေပြည်တော်တို့၏ တန်းဆင်းဇုန်တိုက်ပွဲ နောက်ဆုံးပွဲမှ အဖြေပေါ်မည်

မနောမြေ၊ ရခိုင်၊ နေပြည်တော်တို့၏ တန်းဆင်းဇုန်တိုက်ပွဲ နောက်ဆုံးပွဲမှ အဖြေပေါ်မည်

အောက်တိုဘာ ၂၆၊ ရန်ကုန်။            ။ ၂၀၁၅ အူရီဒူးမြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ် ၂၁ အပြီးတွင် မနောမြေအသင်း၊ ရခိုင်ယူနိုက်တက် အသင်းနှင့် နေပြည်တော်အသင်းတို့ အသင်းသုံးသင်းမှာ တန်းမဆင်းရရေးအတွက် ရုန်းကန်ရမည်ဖြစ်ပြီး တန်းဆင်းဇုန် တိုက်ပွဲအဖြေအတွက် နောက်ဆုံးပွဲစဉ်ထိ စောင့်ကြည့်ရမည်ဖြစ်သည်။

အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ် ၂၁ တွင် အပြီးတွင် ချင်းယူနိုက်တက်အသင်း၊ ဇေယျာရွှေမြေအသင်းနှင့် ဟံသာဝတီအသင်း တို့ အသင်းသုံးသင်းမှာ တန်းဆင်းဇုန်မှ လွတ်မြောက်ခဲ့ပြီး မနောမြေ၊ ရခိုင်ယူနိုက်တက်နှင့် နေပြည်တော်အသင်းစသည့် အသင်းသုံးသင်းမှာ တန်းဆင်းဇုန်အတွက် နောက်ဆုံးပွဲစဉ်ထိ ရုန်းကန်ရမည်ဖြစ်သည်။

ပွဲစဉ် ၂၁ အပြီး အမှတ်ပေးဇယား ထိပ်ဆုံးတွင် ရန်ကုန်အသင်းက ရမှတ် ၅၁ မှတ်ဖြင့် ဦးဆောင်နေပြီး ဒုတိယနေရာတွင် ရတနာပုံအသင်းက ရမှတ် ၄၃ မှတ် ဖြင့် ရပ်တည်နေသည်။

အဆင့် ၃ တွင် မကွေးအသင်းက ရမှတ် ၃၈ မှတ်၊ အဆင့် ၄ တွင် ကမ္ဘောဇအသင်းက ရမှတ် ၃၅ မှတ်၊ အဆင့် ၅ တွင် ဧရာဝတီအသင်းက ရမှတ် ၃၄ မှတ်၊ အဆင့် ၆ တွင် ဇွဲကပင်အသင်းက ရမှတ် ၂၄ မှတ်တို့ဖြင့် ရပ်တည်နေသည်။

အဆင့် ၇ နေရာတွင် ချင်းယူနိုက်တက်အသင်းက ရမှတ် ၂၃ မှတ်ဖြင့် ရပ်တည်နေပြီး အဆင့် ၈ တွင် ဇေယျာရွှေ မြေအသင်းက ရမှတ် ၂၂ မှတ်၊ အဆင့် ၉ တွင် ဟံသာဝတီအသင်းက ရမှတ် ၂၁ မှတ်ဖြင့် ရပ်တည်နေကြသည်။

တန်းဆင်း ဇုန်အတွက် ဆက်လက်ရုန်းကန်ရမည့် မနောမြေအသင်းမှာ ရမှတ် ၂၀ မှတ်ဖြင့် အဆင့် ၁၀၊ ရခိုင်ယူနိုက်တက်အသင်းမှာ ရမှတ် ၁၈ မှတ်ဖြင့် အဆင့် ၁၁၊ နေပြည်တော်အသင်းမှာ ရမှတ် ၁၇ မှတ်ဖြင့် အဆင့် ၁၂ တွင် ရပ်တည်နေကြသည်။

၂၀၁၅ အူရီဒူးမြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲ နောက်ဆုံးပွဲစဉ် ၂၂ တွင် ရခိုင်ယူနိုက်တက်အသင်းက ကမ္ဘောဇ အသင်းနှင့်လည်းကောင်း၊ မနောမြေအသင်းမှာ အဝေးကွင်းတွင် ရတနာပုံအသင်းနှင့်လည်းကောင်း၊ နေပြည်တော်အသင်းမှာ အိမ်ကွင်းတွင် ဟံသာဝတီအသင်းနှင့်လည်းကောင်း ကစားရမည်ဖြစ်သည်။

အဝေးကွင်း၌ ရတနာပုံအသင်းနှင့် ကစားရမည့် မနောမြေအသင်းမှာ အမှတ်ရရှိရန် မလွယ်ကူသည့် အနေအထားရှိနေပြီး ကျန်ရှိနေသော ရခိုင်အသင်းနှင့် နေပြည်တော် အသင်းတို့မှာ အမှတ်ရရှိနိုင်ဖွယ်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required