လူ့အခွင့်အရေး စံနှုန်းများ မြှင့်တင်ရန် Freedom Film ပွဲတော် ကျင်းပမည်

လူ့အခွင့်အရေး စံနှုန်းများ မြှင့်တင်ရန် Freedom Film ပွဲတော် ကျင်းပမည်

ရန်ကုန်၊ ဇန်နဝါရီ ၁ဝ။            ။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းပါ အချက်အလက်များကို မြှင့်တင်ရန် ကျင်းပလေ့ရှိသော နိုင်ငံတကာ ရုပ်ရှင်ပွဲတော် Freedom Film Fest ကို မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ် ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။

ပွဲတော်အတွက် သတင်းစာ ရှင်းလင်းပွဲကို ဇန်နဝါရီလ ၁ဝ ရက်နေ့က Yangon Book Plaza တွင် ပြုလုပ်ခဲ့ပြီး ပွဲကျင်းပမည့် အခြေအနေကို Freedom Film Fest Myanmar ၏ ပွဲတော်ဒါရိုက်တာ မကြယ်ရီလင်းစစ်က ရှင်းပြသွားခဲ့သည်။

 “ကျွန်မတို့နိုင်ငံက မတူကွဲပြားခြင်းမှာ ပြဿနာတွေ ဖြစ်နေတယ်၊ ဒီလိုပဲ မငြိမ်းချမ်းခြင်းမှာ ပြဿနာတွေ ဖြစ် နေတယ်။ နောက်တစ်ခုက ဒီပြည်တွင်းမှာကျတော့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ရုပ်ရှင်ပွဲတော် မရှိသေး ဘူးပေါ့။ ဒါကြောင့် ဒီနှစ်အတွက် ဆောင်ပုဒ်ကိုလည်း ငြိမ်းချမ်းရေးကို ပိုပြီး ဦးတည်ထားခဲ့တာပါ။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ထွက်စေချင်ပါတယ်။ ဒီလို ထွက်လာခြင်းအားဖြင့် Change Mindset ပေါ့။ လူတွေရဲ့ နှလုံးသား ပျော့ပျောင်း သွားမယ်လို့ မြင်ပါတယ်။ ရုပ်ရှင် အနုပညာသမားတွေရဲ့ ရည်မှန်းချက်ပါပဲ။ ဒီပွဲလေးက မှတ်တမ်းရုပ်ရှင်ကို အဓိက ဦးစားပေးတဲ့ ပွဲပေါ့” ဟု ၎င်းက ပြောသည်။

Freedom Film Fest ကို “ငြိမ်းချမ်းဖို့ တရားမျှတ ဖို့ အချိန်တန်ပြီ” ဟူသော ဆောင်ပုဒ်ဖြင့် ဇူလိုင်လတွင် ရန်ကုန်မြို့မှာ ကျင်းပသွားမည် ဖြစ်ကြောင်း Freedom Film Fest Myanmar ၏ ပွဲတော်ဒါရိုက်တာ မကြယ်ရီလင်း စစ်က ပြောသည်။

Freedom Film ပွဲတော် မကျင်းပသေးခင်မှာလည်း မြန်မာ့ ငြိမ်းချမ်းရေးဖြစ်စဉ်၊ တရားမျှတမှု ရှိရေး၊ ခွဲခြား ဆက်ဆံမှု ကင်းစင်ရေး၊ စုံလင်ကွဲပြားမှု တန်ဖိုးထားရေး၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ရှိရေး စသည့် စံနှုန်းများနှင့် ကိုက်ညီ သော မှတ်တမ်းရုပ်ရှင်နှင့် ရုပ်ရှင် ဇာတ်လမ်းတို များကိုလည်း စတင်ပေးပို့နိုင်ပြီ ဖြစ်ကြောင်း သိရ သည်။

မှတ်တမ်း ရုပ်ရှင်နှင့် ရုပ်ရှင် ဇာတ်လမ်းတိုများ ရိုက်ကူးထားပြီး ဆက်လက် ရိုက်ကူးရန် ငွေကြေး အခက်အခဲ ရှိနေသူများအနေဖြင့် ထောက်ပံ့စရိတ် လျှောက်ထားနိုင်ကြောင်း၊ ပေးပို့လာမည့် မှတ်တမ်း ရုပ်ရှင်နှင့် ရုပ်ရှင် ဇာတ်လမ်းတိုများထဲမှ Art of Peace၊ Art of Freedom၊ Art of Creative  စသည့် ဆုသုံးဆုကို ရွေးချယ် သွားမည် ဖြစ်ကြောင်း၊ ဆုတစ်ဆုလျှင် ငွေကျပ် ၁၅ သိန်းစီ ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ပွဲတော်ဒါရိုက်တာ မကြယ်ရီလင်းစစ်က “ဒီက ဆုရတဲ့ သူတွေအနေနဲ့ ကျွန်မတို့ Freedom Film Fes က မလေး ရှားနဲ့ စင်ကာပူမှာ လုပ်ပါတယ်။ ဒီမှာ ပြခဲ့တဲ့ ကားတွေကို နိုင်ငံတကာ ရုပ်ရှင် ပွဲတော်တွေမှာလည်း သွင်းပေး တယ်။ ဒီတော့ မြန်မာမှာ ပြခဲ့တဲ့ကားတွေက စင်ကာပူနဲ့ မလေးရှားပွဲတွေကို သွားဖို့ ရှိပါတယ်။ ဆိုတော့ ရှေ့ ဆက်ပြီး အခွင့်အလမ်းတွေ အများကြီး ရှိပါတယ်” ဟု ပြောသည်။

Freedom Film Fest Myanmar ကို မလေးရှားနိုင်ငံမှ KOMAS၊ Freedom Film Network နှင့် မြန်မာနိုင်ငံမှ လူမှုအကျိုးပြု မှတ်တမ်း ရုပ်ရှင်များ ထုတ်လုပ်သည့် Change Myanmar တို့ ပူးပေါင်း ပြုလုပ်ခြင်းဖြစ်ပြီး နယ် လှည့် ခရီးသွား ရုပ်ရှင်ပွဲတော် လှုပ်ရှားမှုများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required