ပင်လုံကျောက်တိုင်တွင်ရေးထားသည့် “ပြည်မ တောင်တန်း”စာလုံးကို “တောင်တန်း ပြည်မ” ဟူ၍မူလအတိုင်းပြန်ပြင်နေ

ပင်လုံကျောက်တိုင်တွင်ရေးထားသည့် “ပြည်မ တောင်တန်း”စာလုံးကို “တောင်တန်း ပြည်မ” ဟူ၍မူလအတိုင်းပြန်ပြင်နေ

ရန်ကုန်၊ ဇန်နဝါရီ ၁၀။          ။ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လုံမြို့ရှိ သမိုင်းဝင် ပင်လုံကျောက်တိုင်တွင်ရေးသားထားသည့် “ပြည်မ တောင်တန်း” စာလုံးကို  “တောင်တန်း ပြည်မ” ဟူ၍ မူလစာသားအတိုင်း ရှမ်းပြည်နယ် အစိုးရမှ ပြန်ပြင်ဆင်နေသည်ဟုရှမ်းပြည်နယ်၊ အင်းတိုင်းရင်းသားဝန်ကြီး ဒေါက်တာထွန်းလှိုင်က မဇ္ဈိမသို့အတည် ပြု ပြောသည်။

“အခုကပြောင်းတာမဟုတ်ဘူး။ နဂိုစာသားရှိတာကို ပြောင်းထားလို့ နဂိုအတိုင်းထားပေးပါဆိုလို့ မေးခွန်းမေးတဲ့သူကမေးတာ။ အဲ့တာကို နဂိုအတိုင်းထားပေးပါ့မယ် ဆိုပြီး အခုပြန်ထားတာ” ဟု၎င်းကပြောသည်။

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၇ )ကြိမ်မြောက် ပုံမှန်အစည်း အဝေး(တတိယနေ့)ကျင်းပသည့် ဒီဇင်ဘာ   ၁၈ရက်နေ့တွင် မိုင်းရှူးမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလင်း မြတ်က မေးခွန်းမေး မြန်းခဲ့ခြင်းဖြစ်သည်။

ဗိုလ်ချုပ်နေဝင်းအာဏာသိမ်းပြီး ဆယ်နှစ်အကြာ ၁၉၇၂ ခုနှစ်တွင် ကျောက်တိုင်ကို မူလစာသားအစား “ပြည်မတောင်တန်း ပူးပေါင်းဆောင် ရွက်ရေး ကမ္ဗည်းကျောက်တိုင်” ဟူ၍ ပြောင်းရေးထိုးခဲ့ခြင်းလည်းဖြစ်သည်။

ပင်လုံမြို့ရှိသမိုင်းဝင် ပင်လုံကတိကဝတ် စာချုပ် ချုပ်ဆိုရာ နေရာ အထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် ကမ္ပည်းမော်ကွန်းရေးထိုး ထားမှု”နှင့် စပ်လျဉ်းသည့် မေးခွန်းအား ဦးစိုင်းလင်းမြတ်က မေးမြန်းခဲ့ခြင်းဖြစ်ကြောင်း ရှမ်းပြည်နယ်လွှတ်တော် ဝက်ဆိုဒ်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်းကပြန်လည်ဖြေကြားခဲ့ပြီး နဂိုအတိုင်းပြောင်းပေးမည့်အပြင် ပင်လုံကျောက် တိုင် အား ပြန်လည်မွမ်းမံမှုများပြုလုပ်ပေးမည်ဟုဖြေကြားခဲ့ခြင်းဟု ဒေါက်တာထွန်းလှိုင်ကပြောသည်။

ပင်လုံမြို့ရှိကျောက်တိုင်ကို ပြန်လည်ပြုပြင်ရန် လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ တာဝန်ရှိသူများ ရပ်မိရပ်ဖများပါဝင်သော အဖွဲ့များဖြင့် ဇန်နဝါရီ ၂ ရက်တွင် ညှိနှိုင်းအစည်း အဝေးပြုလုပ်ခဲ့ပြီးနောက် ပြင်ဆင်ခဲ့ခြင်းဟုလည်းသိရသည်။

ပင်လုံစာချုပ်လက်မှတ်ရေးထိုးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်နေ့ ၁၉၄၇ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် တောင်တန်း -ပြည်မပူး ပေါင်းရေးဟူ၍ သပြေတိုင်တစ်ခုစိုက်ထူခဲ့ကြောင်းရှမ်းစာပေယဉ်ကျေးမှုအသင်းမှသိရသည်။

ယင်းနောက် ပင်လုံမြို့စား ဦးစံမြဦးဆောင်မှုဖြင့် ဖေဖော်ဝါရီ ၁၅ရက် ၁၉၅၁ခုနှစ်တွင်  သပြေတိုင်မှကျောက် တိုင်အဖြစ် ပန်းရံဆရာ ဦးထွေးကတည်ဆောက်ခဲ့ပြီး ထိုအချိန်က ငွေကျပ် ၄၁၀၀ ကုန်ကျခဲ့သည်ဟုသိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required