တရုတ်သမ္မတ ရှီကျင့်ဖျင် ခရီးစဉ်အတွင်း နားလည်မှု စာချွန်လွှာ ၇ ခု ရေးထိုးမည်

တရုတ်သမ္မတ ရှီကျင့်ဖျင် ခရီးစဉ်အတွင်း နားလည်မှု စာချွန်လွှာ ၇ ခု ရေးထိုးမည်
Photo - AFP

နေပြည်တော်၊ ဇန်နဝါရီ ၁၀။              ။ တရုတ်သမ္မတရှီကျင့်ဖျင်၏ မြန်မာနိုင်ငံသို့ နှစ်ရက်ကြာ လာရောက်မည့် ခရီးစဉ်တွင် ကျောက်ဖြူစီမံကိန်း အပါအဝင် နားလည်မှု စာချွန်လွှာ ခုနစ်ခု ရေးထိုးမည်ဟု သက်ဆိုင်ရာ တာဝန်ရှိသူများထံက လတ်တလော စုံစမ်းသိရသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ဇန်နဝါရီ ၁၇ရက်မှ ၁၈ ရက်နေ့အထိ မြန်မာနိုင်ငံသို့ လာရောက်မည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Hua Chunying  ယနေ့တွင်  ထုတ်ပြန်ကြေညာခဲ့သည်။

နှစ်နိုင်ငံ သဘောတူလက်မှတ်ထိုးမည့် နားလည်မှုစာချွန်လွှာ ခုနစ်ခုလုံးကို အသေးစိတ်မသိရသေးသော်လည်း  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့်ပတ်သက်သော နှစ်နိုင်ငံ သဘောတူညီချက် သုံးခုနှင့် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ပတ်သက်သော သဘောတူညီချက် လေးခု ပါဝင်သည်ဟု မဇ္ဈိမက စုံစမ်းသိရသည်။

စီးပွားကူးသန်းကလက်မှတ်ရေးထိုးမည့်နားလည်မှုစာချွန်လွှာစာချုပ်များတွင် ရခိုင်ပြည်နယ်ရှိကျောက်ဖြူရေနက်ဆိပ်ကမ်းတည်ဆောက်ရေးဆိုင်ရာစာချုပ်ပါဝင် ကာစိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန် ကြီးဌာနနှင့် ပတ်သက်သော စာချုပ်များတွင် ဆန်နှင့်ဆန်ကွဲ တင်ပို့မှု၊ ကျွဲနွားအရှင်တင်ပို့မှု၊ တစ်ရှူးငှက်ပျော တင်ပို့မှုနှင့် ရေထွက်ကုန်ပစ္စည်းများ တင်ပို့မှုတို့အတွက်တို့ ပါဝင်သည်။

၂၀၁၈ ခုနှစ် နိုဝင်ဘာလအတွင်း တရုတ်နှင့် မြန်မာအစိုးရတို့ လက်မှတ်ရေးထိုးခဲ့သည့် ကျောက်ဖြူရေနက်ဆိပ်ကမ်း မူဘောင်သဘောတူညီချက် အချက် ခုနစ် ချက်ရှိသည့်အထဲမှအချက် နှစ်ချက်ကို သဘောတူညီမှု လက်မှတ် ရေးထိုးမည်ဖြစ်သည်။

 ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း၏ ပထမအဆင့်ဖြစ်သည့် ပင်လယ်ကူးသင်္ဘောများကျောက်ချရပ်နားနိုင်သည့် ဆိပ်ခံတံတားနှစ်ခုတည်ဆောက်ရန်ဖြစ်ပြီး ရင်းနှီးမြုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံထက် မကျော်လွှန်ဘဲ အသုံးပြုရန် ဖြစ်သည်။

ကျန်အဆင့်များအတွက်ကိုမူ စီးပွားရေးအရ တွက်ခြေကိုက်မှုအပေါ် မူတည်ပြီး နှစ်ဘက်သဘောတူညီမှုရှိလျှင် ဆက်လက်လုပ်ကိုင်နိုင်ရန် လမ်းဖွင့်ထား ၏သည်။ မူလရေးဆွဲထားသော စီမံကိန်းတစ်ခုလုံးကို အပြည့်အဝ တည်ဆောက်လျှင် တန်ဖိုး အမေရိကန်ဒေါ်လာ ၇ ဒသမ ၃ ဘီလီယံရှိသည်။  

“လုပ်ငန်းကတော့ တကယ်တော့စနေပြီ။ ကျွန်တော်တို့ Framework (မူဘောင်) ထိုးပြီးတဲ့ အချိန်ကစပြီး EIA (သဘာဝပတ်ဝန်းကျင်အပေါ် အကျိုးသက်ရောက်မှု ဆန်းစစ်ချက်)  SIA (လူမှုဝန်းကျင်အပေါ် အကျိုးသက် ရောက်မှု ဆန်းစစ်ချက်) လုပ်တာပေါ့၊ အဲဒါက တစ်နှစ်လောက် ကြာမယ် ဆိုတော့ အခုတစ်နှစ်တော့ မပြည့်သေးဘူး။ EIA ၊ SIA ပြီးတယ်ဆိုရင် အခုထိုးမယ့်စာချုပ်က ရေနက်ဆိပ်ကမ်းလုပ်တာနဲ့ ပတ်သက်တဲ့ စာချုပ် နှစ်ခု ပေါ့။ အဲဒါပြီးတော့မှ စက်မှုဇုန်လုပ်မယ့်ကိစ္စကို ညှိနှိုင်းရမှာပေါ့” ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဦးအောင်ထူးက ပြောသည်။

သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝအကျိုးသက်ရောက်မှုဆန်းစက်ချက်များအတွက် စီမံခန့်ခွဲရန် ကနေဒါ အခြေစိုက် HATCH ကုမ္ပဏီကို ငှားရမ်းထားခဲ့ကြောင်း တရုတ်နိုင်ငံပိုင် နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုကော်ပိုရေးရှင်း CITIC ၏ ထုတ်ပြန်ချက်တစ်ခုအရ သိရသည်။
 
နှစ် ၅၀ လုပ်ပိုင်ခွင့်ရရှိမည့် ကျောက်ဖြူရေနက်စီမံကိန်းကို ယခင်က CITIC က ၈၅ ရာခိုင်နှုန်းနှင့်  မြန်မာကအစုရှယ်ယာရပိုင်ခွင့် ၁၅ ရာခိုင်နှုန်း ဆိုထားခဲ့ရာက ယခုအစိုးရလက်ထက်တွင် ပြန်လည်ညှိနှိုင်းမှုများလုပ်ရာ  မြန်မာအတွက်အစုရှယ်ယာရပိုင်ခွင့်ကို ၃၀ ရာခိုင်နှုန်းသို့ ပြင်ဆင်ချုပ်ဆိုခဲ့သည်။

သမ္မတ ဦးသိန်းစိန်လက်ထက် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၃၀ ရက်နေ့တွင် ကျောက်ဖြူ အထူးစီးပွားရေးဇုန်၊ စက်မှုဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းကြီးတစ်ခုလုံးတည်ဆောက်စီမံရန် CITIC Consortium က တင်ဒါအောင်မြင်ခဲ့သည်။

အခြား တစ်ဘက်တွင်လည်း တရုတ်မြန်မာ ချစ်ကြည်ရေးအရ တရုတ် သမ္မတကြီး ရှီကျင့်ဖျင် မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီးစဉ်တွင် ကုန်စည် တင်သွင်းမှုများအတွက် ဖြေလျော့မှုများ ပြုလုပ်ပေးမည်ဟု စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ထံက သိရသည်။

သမ္မတရှီ၏ ခရီးစဉ်တွင် မြန်မာနိုင်ငံအနေဖြင့် လယ်ယာထွက်ကုန်နှင့် စားသောက်ကုန်များ တင်ပို့ရန်အခြေအနေကောင်းများ ပေါ်ပေါက်လာမည် ဖြစ်သော်လည်း တရုတ်နိုင်ငံသည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်းဝင် နိုင်ငံ ဖြစ်သည့်အတွက် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများ အတိုင်း ပိုးမွှားကင်းစင်မှုနှင့် အရည်အသွေးပိုင်း ကောင်းမွန်စေရေးတို့ကို မြန်မာဘက် က ဖြည့်ဆည်းလုပ်ဆောင်ရမည် ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် ယခင်က နယ်စပ်ကုန်သွယ်ရေးအနေဖြင့်သာ လုပ်ဆောင်နေပြီး ဆန်နှင့်ဆန်ကွဲတို့မှုတွင် ပိုးမွှားကင်းစင်ကြောင်း လုပ်မထားသည့်အတွက် ကုန်သွယ်မှုပုံစံ လုပ်ဆောင်မည့်အခြေအနေတွင် အခက် အခဲအတားအဆီးများ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသို့ ဆန်တင်ပို့သည့် ကုမ္ပဏီ ယခင်က ၁၁ခုရှိရာမှ ယခုအခါ ၄၂ ခုရှိလာပြီ ဖြစ်ကာ ၎င်းကုမ္ပဏီများ၏ လုပ်ကိုင် နိုင်စွမ်းအား အပေါ် မူတည်၍ တင်သွင်းရန် အရည်အတွက် သတ်မှတ်ချက် ကို ပေးမည်ဟု သိရသည်။

“ကုန်စည်တွေဝယ်တဲ့အခါ စည်းကမ်းသတ်မှတ်ချက် ဖြေလျော့မှုတွေ ရှိပါတယ်။ ကုန်သွယ်ရေးတိုးတက်လာမယ့် အလားအလာရှိပါတယ်။ သို့သော်လည်း ကိုယ့်ဘက်က လယ်ယာထွက်ကုန်နဲ့ စားသောက်ကုန် ပစ္စည်းဆိုတော့ ရောဂါပိုးမွှားနဲ့ သန့်ရှင်းဖို့ကတော့ အဓိကအချက်ပေါ့လေ” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်က မှတ်ချက်ပြုသည်။

အဆိုပါ သဘောတူညီမှု ရေးထိုးမည့် အခက်များထဲမှ တစ်ရှူးငှက်ပျော စိုက်ပျိုးရေးလုပ်ငန်းနှင့် ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု ရှိကြောင်း ဝေဖန်ပြောဆိုမှုများ ရှိနေသည့် လုပ်ငန်းဖြစ်သည်။

သမ္မတ ရှီကျင့်ဖျင်သည် ၂၀၀၉ခုနှစ်က ဒုတိယသမ္မတအဖြစ် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ဖူးပြီး ထိုစဉ်က ၎င်းရေးထိုးခဲ့သည့် သဘောတူစာချုပ်များတွင် မြစ်ဆုံစီမံကိန်းလည်း ပါဝင်ခဲ့သည်။ ယခုခရီးစဉ်တွင် မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်ပြီး ဆွေးနွေးနိုင်ဖွယ် ရှိ မရှိ မေးမြန်းကြည့်ရာ ဘာသံမှ မကြားသေး ကြောင်း ဒေါက်တာ သန်းမြင့်က ပြောသည်။

ကျယ်ကျယ်ပြန့်ပြန့် ကန့်ကွက်ဆန္ဒပြမှုများပေါ်ထွက်ခဲ့ပြီးနောက် သမ္မတ ဦးသိန်းစိန် လက်ထက် မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းခဲ့သည့် နောက်ပိုင်း တရုတ်-မြန်မာ ဆက်ဆံရေး သွေးအေးသွားခဲ့ပြီး ဒီချုပ်အစိုးရ လက်ထက် တွင်လည်း မြစ်ဆုံစီမံကိန်းကို ဆက်လက် ရပ်ဆိုင်း ထားသည့်အတွက် နှစ်နိုင်ငံဆက်ဆံရေး ဆက်လက်အေးဆက်ခဲ့သည်ဟု သုံးသပ်ကြသည်။ သို့ရာတွင် ၂၀၁၉ခုနှစ် တွင် တရုတ်နိုင်၌ ပြုလုပ်သည့် ရပ်ဝန်းနှင့် ပိုးလမ်း မစီမံကိန်းကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပြီး သမ္မတ ရှီကျင့်ဖျင်နှင့် သီးသန့်တွေ့ဆုံဆွေးနွေးခဲ့ပြီး မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို တရုတ်က ကူညီမည်ဟု ပြောဆိုခဲ့ကြောင်း ထိုစဉ်က သတင်းထုတ်ပြန်ခဲ့သည်။

ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားမှုနှင့် ပတ်သက်ပြီး နိုင်ငံတကာ တရားရုံး (ICJ )သို့ ဒေါ်အောင်ဆန်းစုကြည် မသွားခင် ရက်ပိုင်းအတွင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီး အရေးပေါ် ရောက်လာ ခဲ့သေးသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly