ဒီမိုကရေစီဖက်ဒရယ်တည်ဆောက်ရေး တစ်ယောက်ချင်း၏ ဆန္ဒကိုစိစစ်ရန်လိုဟု ဒေါ်အောင်ဆန်းစုကြည် ပြော

ဒီမိုကရေစီဖက်ဒရယ်တည်ဆောက်ရေး တစ်ယောက်ချင်း၏ ဆန္ဒကိုစိစစ်ရန်လိုဟု ဒေါ်အောင်ဆန်းစုကြည် ပြော
ပုံ- အတိုင်ပင်ခံရုံးဝန်ကြီးဌာန(fb)ဒေါ်အောင်ဆန်းစုကြည် မြစ်ကြီးနားမှာ လူထုနဲ့ တွေ့ဆုံပြီး မိန့်ခွန်းပြောနေစဉ်။

ရန်ကုန်၊ ဇန်နဝါရီ ၁ဝ။            ။ ကိုးကွယ်သည့် ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံပါဝင်သည့် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရာတွင် တစ်ဦး တစ်ယောက်ချင်းစီ၏ ဆန္ဒကို စိစစ်ရန်လိုအပ်သည်ဟု နိုင်ငံတော်  ၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ မြို့တော်ခန်းမတွင် ဒေသခံ ပြည်သူများနှင့် ဇန်နဝါရီလ ၉ ရက်နေ့က တွေ့ဆုံစဉ် အထက်ပါ အတိုင်း ပြောလိုက်ခြင်း ဖြစ်သည်။

 “အဓိကကတော့ ဆန္ဒရှိရေးပဲ ဖြစ်ပါတယ်။ ကျွန်မတို့ တကယ်ပဲ ကျွန်မတို့ရဲ့ အသည်းနှလုံးထဲမှာ ပြည်ထောင်စုဆိုတဲ့ ဆန္ဒ ရှိရဲ့လားဆိုတာ တစ်ယောက်ချင်း တစ်ယောက်ချင်းက စိစစ်ဖို့ လိုပါတယ်။ ကိုယ့်ကိုယ်ကို ဘယ်လို စဉ်းစားသလဲ၊ ကိုယ့် ကိုယ်ကို ငါက ကချင်၊ ငါက ဗမာ၊ ငါက ရှမ်းဆိုပြီးတော့ စဉ်းစားသလား၊ ငါက ပြည်ထောင်စုသား တစ်ယောက် ဆိုပြီးတော့ စဉ်းစားသလားဆိုတာ အားလုံးကနေပြီးတော့ ဒါကို အလေးထား စေချင်ပါ တယ်”ဟု ၎င်းက ပြောသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် (၇၂) ကြိမ်မြောက် ကချင်ပြည်နယ်နေ့ အခမ်းအနားကို တက်ရောက်ရန် ကချင် ပြည်နယ်သို့ ရောက်ရှိခဲ့နေပြီး ကချင်ပြည်နယ်အတွင်းရှိ ဒေသခံများနှင့် တွေ့ဆုံခဲ့သည်။

ကချင်ပြည်နယ်နေ့ အခမ်းအနားကို ယနေ့(ဇန်နဝါရီ ၁၀ ရက်)ကျင်းပခဲ့သည်။ မကျင်းပခင်တည်းက စကားလုံး အသုံးအနှုန်းနှင့် ပတ်သက်၍ ကချင်လူမျိုးစုများကြားမှာ သဘောထား ကွဲလွဲမှုများလည်း ဖြစ်ပေါ်ခဲ့ကြသေး သည်။

ကချင်ပြည်နယ်နေ့ အခမ်းအနားတွင် မနောပွဲကျင်းပရာ၌ “ဂျိန်းဖော မုန်းဒေါ့အဲန်ထွဲ” နှင့် “ကချင် မုန်းဒေါ့အဲန်ထွဲ”ဟူသော စကားလုံး အသုံးအနှုန်းအပေါ် ကချင်လူမျိုးစုများအကြား အငြင်းပွားမှုဖြစ်ခဲ့ရာ မနောပွဲကို ထည့် သွင်း မကျင်းပရန် ဆုံးဖြတ် ခဲ့ကြသည်။

သို့သော် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည် ဆိုသည့်အတွက် ပြည်နယ်အစိုးရက ဦးဆောင်၍ မနောပွဲ မကျင်းပသော်လည်း မနောအက ကပြမှု တစ်ရပ်ကို ထည့်သွင်း ကျင်းပရန် ကချင်မျိုးနွယ်စု ခေါင်းဆောင်များဖြင့် ညှိနှိုင်းကာ ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်က ပင်လုံသဘောတူညီချက်ကို လက်မှတ်ထိုးခဲ့သောနေ့သည် ပြည်ထောင်စုနေ့ဖြစ်ပြီး ပင်လုံ စာချုပ်သည် ကချင်ပြည်နယ်တွင် အစပြုခဲ့သောကြောင့် ကချင်ပြည်နယ်မှ တိုင်းရင်းသားများအနေဖြင့် ပြည်ထောင်စု မှန်မှန်ကန်ကန် ဆက်လက်ရေး အထူးတာဝန် ရှိကြောင်းလည်း ပြောခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က “ကချင်ပြည်နယ်ကနေ စတဲ့ ဆွေးနွေးမှု ကနေပြီးတော့ ပင်လုံစာချုပ်ကို ချုပ်နိုင်ခဲ့တယ်ဆိုတာ အဲဒါလည်း မမှားပါဘူး။ ဒါကြောင့်မို့ ကချင်ပြည်နယ်မှာနေတဲ့ ကျွန်မတို့ရဲ့ တိုင်းရင်းသား ညီအစ်ကို မောင်နှမများဟာ ဒါကို ဂုဏ်ယူသင့်ပါတယ်။ ပြည်ထောင်စုဆိုတာ ငါတို့ပြည်နယ်က စလာတာ။ ငါတို့ပြည်နယ်က အစပျိုးပြီးတော့ ပင်လုံမှာ အတည်ပြုလိုက်တာ။ ဒီလို စိတ်ဓာတ် ထားမယ်ဆိုရင် ကျွန်မတို့ ကချင်ပြည်နယ်က ပြည်ထောင်စု သားချင်းတွေမှာ အထူး တာဝန်ရှိတယ်လို့ တောင်မှ ပြောလို့ ရပါတယ်။ ကိုယ်က စခဲ့တဲ့ ဇာတ်လမ်း ကိုယ်ကနေ ဆက်ပြီး မှန်မှန်ကန်ကန် ဆက်နိုင် အောင် ကြိုးစားဖို့ လိုပါ တယ်” ဟု ပြောသည်။

ကချင်ပြည်နယ်နေ့ အခမ်းအနား စာသားကို ကချင်ဘာသာ စကားဖြင့် ရေးသားခြင်း မပြုဘဲ မြန်မာဘာသာ စကားဖြင့် ရေးသားရမည်ဟု ပြည်နယ်အစိုးရဘက်က ပြောဆိုသည့်အပေါ် ကျေနပ်မှု မရှိသောကြောင့် ဒေသခံ အချို့က ဆန္ဒ ထုတ်ဖော်မှုလည်း ရှိခဲ့သည်။

လက်ရှိတွင် မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၇၀ ကျော် ဖြစ်ပွားလာခဲ့သော ပြည်တွင်းစစ်  ချုပ်ငြိမ်းရေးအတွက် အစိုးရ၊ တပ်မတော် နှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား ဆွေးနွေးမှုများ ပြုလုပ်နေကြသလို အလွှာအသီး သီးမှ ခေါင်းဆောင်များ ပါဝင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစု ပင်လုံ အစည်းအဝေး ကျင်းပ၍ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကိုလည်း ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required