ရပ်တန့်နေခဲ့သည့် UPDJC အစည်းအဝေးများပြန်စနိုင်တော့မည်

ရပ်တန့်နေခဲ့သည့် UPDJC အစည်းအဝေးများပြန်စနိုင်တော့မည်

ရန်ကုန်၊ ဇန်နဝါရီ ၁၀  ။       ။ ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးပေါင်းကကော်မတီ (UPDJC) ၏တရားဝင်ဆွေးနွေးပွဲများကို ပြန်လည်စတင်နိုင်ရန် အစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ ဆွေးနွေးနေကြကြောင်း ငြိမ်းချမ်း ရေးကော်မရှင်အကြံပေးဦးလှမောင်ရွှေကပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းကကျင်းပခဲ့သည့် ရှစ်ကြိမ်မြောက် JICM အစည်းအဝေးအပြီး နှစ်လအတွင်းတွင် UPDJC နှင့် JMC အစည်းအဝေးများ ကို ခေါ်ယူကျင်းပရန်ဆိုသည့် အချက်များကို သဘောတူညီခဲ့ကြခြင်းလည်း ဖြစ် သည်။

“အဲ့ဟာတွေလုပ်ဖို့အတွက်ကို အစိုးရအလုပ်အဖွဲ့နဲ့ EAO အလုပ်အဖွဲ့တွေဟာ ၈ ရက်နေ့အစည်းအဝေးပြီးတာနဲ့ နေပြည်တော်မှာ ဆက်ပြီး ဆွေးနွေးတယ်ပေါ့။ အစိုးရဘက်ကနေကမ်းလှမ်းတဲ့ ကမ်းလှမ်းချက်တွေကို EAO အလုပ်အဖွဲ့တွေကိုလည်းပေးတယ်။ ဘာကြောင့်ဘယ် လိုလုပ်တယ်ဆိုတာ ရှင်းပြပြီးတော့ သူတို့ကိုပေးထားတယ်” ဟု ဦးလှမောင်ရွှေကပြောသည်။

တိုင်းရင်းသားလက်နက်ကိုင် (၁၀) ဖွဲ့မှကိုယ်စားလှယ်များမှနေ၍ အဆိုပါကမ်းလှမ်းချက်များကို ချင်းမိုင်တွင်လုပ်မည့် PPWT (Peace Process Working Team)အစည်းအဝေးနှင့်အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်  အဖွဲ့ ၁၀ ဖွဲ့က ခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းထားတဲ့ PPST အစည်းအဝေးတို့တင်ပြပြီးနောက် အစိုးရအလုပ်အဖွဲ့နှင့် ပြန်လည်တွေ့ဆုံရန်ရှိကြောင်း ၎င်းကဆိုသည်။

ထိုသို့ ပြန်လည်တွေ့ဆုံသည့်အချိန်မှ UPDJC နှင့် JMC အစည်းအဝေးများ ပြန်လည်ကျင်းပမည့်ရက်ကိုသတ်မှတ်နိုင်ဖွယ်ရှိပြီး မတ်လ ၈ ရက်နေ့မတိုင်မှီ ကျင်းပနိုင်ရေးကြိုးပမ်းနေကြောင်း သိရသည်။  တစ်ဖက်တွင်လည်း ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)တို့က တရားဝင်ငြိမ်းချမ်း ရေးဆွေးဆွေးပွဲများတွင် ပါဝင်မှုကိုခေတ္တရပ်ဆိုင်းထားခဲ့သေးသည်။

“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပြီးခဲ့တဲ့ကာလတွေက ရှင်းလင်းတဲ့ လုပ်ငန်းစဉ်မရှိနေတဲ့အတွက်ကြောင့် အခက်အခဲဖြစ်ရတဲ့အတွက်ကြောင့် ခေတ္တတရားဝင်ဆွေးနွေးမှုတွေပါဝင်မှုရပ်ဆိုင်းတုန်းက ကျွန်တော်တို့ အလွတ် သ ဘောတွေတွေ့ပြီးတော့ နောက်ဆုံး ၂၀၂၀ အလွန်မှာ ဘယ်လိုပုံစံဆက်သွားသင့်သလဲဆိုတဲ့တင်ပြချက်ကို အစိုးရနဲ့ တပ်မတော်ကလက်ခံလိုက်ပြီ။ ‌အဲ့အတွက် ကျွန်တော်တို့ ဆွေးနွေးဖို့ပဲ လိုတယ်။ဆွေးနွေးပြီးဆိုရင်တရားဝင်ဆွေးနွေးရမယ်ဆိုတဲ့အတွက်ကြောင့် JICM ဆွေးနွေးပွဲကိုလည်းတက်ခဲ့တယ်၊ ဒီကနေ အခြေခံပြီး တော့ ရှေ့ဆက်ဆွေးနွေးပွဲတွေဆက်တိုက်လာတော့မှာပေါ့နော်” ဟု( KNU )ကရင်အမျိုးသားအစည်းအရုံး၏အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမှူးကပြောသည်။

လက်ရှိ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် တစ်နှစ်လျှင် (၂) ကြိမ် ကျင်းပရန် သဘောတူထားသော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစု ပင်လုံ ညီလာခံ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လက ကျင်းပပြီးနောက်ပိုင်း ယခုတိုင် မကျင်းပနိုင်သေးဘဲ ဖြစ်နေသကဲ့သို့ တလ (၁) ကြိမ် ကျင်းပရန် သတ်မှတ်ထားသော UPDJC အစည်းအဝေးများလည်း မကျင်းပနိုင်ဘဲ ဖြစ်နေပြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC) အစည်းအဝေးများလည်း မကျင်းပနိုင်ဘဲ ဖြစ်နေသည်။

ပစ်ခတ်တိုက်ခတ်မှုရပ်စဲရေးသဘောတူစာချုပ် NCA မှာလက်မှတ်ထိုးထားသော အဖွဲ့များမှာ  ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)၊ ကရင် အမျိုးသား အစည်းအရုံး (KNU)၊ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-ငြိမ်းချမ်းရေး ကောင်စီ (KNLA-PC)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ရခိုင်ပြည် လွတ် မြောက်ရေးပါတီ (ALP)၊ ပအိုဝ့်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ ဖြစ်ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly