လက်ဝှေ့ကစားသမားဟောင်း လုံးချောထံမှ မြန်မာ့လက်ဝှေ့၏ အခြေခံကောင်းများသင်ယူခဲ့သည့် အောင်လအန်ဆန် 

လက်ဝှေ့ကစားသမားဟောင်း လုံးချောထံမှ မြန်မာ့လက်ဝှေ့၏ အခြေခံကောင်းများသင်ယူခဲ့သည့် အောင်လအန်ဆန် 

ONE Championship ၏ ဝိတ်တန်းနှစ်ခု ကမ္ဘာ့ချန်ပီယံ မြန်မာနိုင်ငံဂုဏ်ဆောင် အောင်လအန်ဆန်သည် ကိုယ်ခံပညာရပ်များအားလုံးထဲမှ မြန်မာ့ရိုးရာ လက်ဝှေ့အားကစားနည်းသည် နက်ရှိင်းပြီးအခြေခံကောင်းများစွာရှိသည့် ကိုယ်ခံပညာရပ်တစ်ခုဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။ 

မြန်မာ့စပါးအုံး အောင်လအန်ဆန်သည် ၎င်း၏ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ် ကာကွယ်ပွဲဖြစ်သည့်  ONE: A New Era ပြိုင်ပွဲတွင် စိန်ခေါ်သူ ဂျပန်နိုင်ငံသား Ken Hasegawa ကို ယှဉ်ပြိုင်သည့် ပွဲတွင် မြန်မာ့ရိုးရာ လက်ဝှေ့ သတ်လုံးသတ်ပေါက်ဖြစ်သည့် တံတောင်ရိုက်ချက်ကို အသုံးပြုခဲ့ဖူးသည်။ ပွဲချိန် ဒုတိယအချီ ပြီးဆုံးရန် မိနစ်ပိုင်းအလိုတွင် Hasegawa ၏ ချုပ်ကွက်မှ ရုန်းထွက်ပြီး ရိုးရာလက်ဝှေ့ တိုက်ကွက်ဖြစ်သည့်  ပတ်တံတောင်နှင့် တန်ပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

အလားတူ ဂျပန်နိုင်ငံတွင် အောင်တိုဘာလ ၁၃ ရက်နေ့တွင် ကျင်းပပြုလုပ်သည့်  ONE: CENTURY II ပြိုင်ပွဲတွင် အောင်လအန်ဆန်သည် ၎င်း၏ လိုက်ဟဲဗီးဝိတ်ခါးပတ်ကို စိန်ခေါ်သူ Brandon Vera ကို ပတ်တံတောင် ရိုက်ချက်ဖြင့်  အငိုက်မိသွားစေပြီး မြန်ဆန်လှသည့် လက်သီးတွဲလုံးများဖြင့် အနိုင်ယူနိုင်ခဲ့သည်။ 

“ မြန်မာ့ရိုးရာ လက်ဝှေ့ ကိုယ်ခံပညာရပ်ဟာ ကျွန်တော်မြင်ဖူးသမျှ ကိုယ်ခံပညာရပ်တွေထဲမှာ အခြေခံအကောင်းဆုံး ကိုယ်ခံပညာရပ်ပါ။ ဒီပညာရပ်မှာ လေးနက်မှုတွေရှိတယ်။ နောက်ပြီး ဘယ်ကိုယ်ခံပညာရပ်မှာမှမရှိတဲ့ ခေါင်းနဲ့တိုက်ခိုက်တဲ့ တိုက်ကွက်လည်းရှိတယ်။ ဒါကတော့ထူးခြားတာပေါ့။ မြန်မာ့လက်ဝှေ့မှာ ကိုယ်ခံပညာရပ်အနေနဲ့ ပြည့်စုံတဲ့ အခြေခံကောင်းတွေရှိတယ်။ ဒါကြောင့် လူတိုင်းလေ့လာသင့်ယူသင့်တဲ့ ကိုယ်ခံပညာရပ်တစ်ခုပါ” ဟု အောင်လအန်ဆန်က ၎င်း၏ မြန်မာ့ရိုးရာ လက်ဝှေ့အပေါ် အမြင်ကို ပြောကြားခဲ့သည်။ 

အောင်လအန်ဆန်သည် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် နိုဝင်ဘာတွင် မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိခဲ့စဉ် မြန်မာ့ရိုးရာ လက်ဝှေ့ချန်ပီယံဟောင်း လုံးချောထံတွင် ရိုးရာလက်ဝှေ့ အခြေခံပညာရပ်များကို ထပ်မံသင်ယူခဲ့သေးသည်။ 

“ဆရာလုံးချောက တကယ်တော်တဲ့ ကစားသမားတစ်ယောက်ပါ။ ကစားသမားဘဝမှာလည်း အရမ်းကို ထူးချွန်ခဲ့တဲ့ လက်ဝှေ့သမား တစ်ယောက်ပါ။ သူဆီကနေ ကျွန်တော် ရိုးရာလက်ဝှေ့အခြေခံ နည်းစနစ်တွေကိုသင်ယူခဲ့ပါတယ်။ ရိုးရာလက်ဝှေ့ဟာ ကိုယ်ခံပညာရပ်တွေထဲမှာ ရင်ခုန်ဖို့အကောင်းဆုံးနဲ့ တကယ်ထိရောက်မှုအရှိဆုံး ကိုယ်ခံပညာရပ်ပါပဲ” ဟု ရိုးရာ လက်ဝှေ့ ပညာရပ် နည်းစနစ်များကို သင်ယူခဲ့သူ အောင်လအန်ဆန်ကဆိုသည်။ 

ONE Championship ၏ ဝိတ်တန်းနှစ်ခု ချန်ပီယံ အောင်လအန်ဆန်ကို မြန်မာ့ရိုးရာ လက်ဝှေ့၏ အခြေခံ နည်းစနစ်များ သင်ကြားပေးခဲ့သည့် ဆရာလုံးချောကလည်း အောင်လအန်ဆန်အနေဖြင့် နောက်ပိုင်းပွဲများတွင် ရိုးရာလက်ဝှေ့ နည်းစနစ်များ အသုံးပြုလာခြင်းအပေါ် ကြိုဆိုကြောင်း၊ ၎င်း၏ နောက်ပိုင်းပြိုင်ပွဲများတွင် ရိုးရာလက်ဝှေ့ အငွေ့အသက်များ ပါဝင်လာသည့်အတွက် ကျေနပ်မိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly